အာဏာရှင်ကို သက်ဆိုးရှည်စေမယ့် အိမ်နီးချင်းမဟာမိတ်များ

၂၁ ရာစုနိုင်ငံရေးမှာ နိုင်ငံတစ်နိုင်ငံဟာ အထီးကျန်စွာ တစ်ဦးတည်းရပ်တည်လို့မရနိုင်တော့ပါဘူး။ ငြိမ်းချမ်းရေးနဲ့ လူသားဖြစ်တည်မှုဟာ ကမ္ဘာကြီးအတွက်ပိုမိုအရေးပါလာသလို မတူညီတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေကြခြင်းကလည်း ကမ္ဘာကြီးမှာရှိနေဆဲဖြစ်ပါတယ်။ ကမ္ဘာကြီးအေးချမ်းဖို့အတွက် ငြိမ်းချမ်းရေးတရားဟောနေကြသူတွေကိုယ်တိုင်က ထူးဆန်းတဲ့နည်းပညာတွေနဲ့ ကမ္ဘာအတွင်းက သက်ရှိအားလုံးကို ဆွဲထုတ်ပစ်နိုင်တဲ့ လူသတ်လက်နက်တွေကို မနားတမ်းတည်ဆောက်ကြခြင်းဟာ ကမ္ဘာကြီးငြိမ်းချမ်းရေးကို တည်ဆောက်နေကြတယ်လို့ဆိုရပါမယ်။

14 Jan 2022

DMG ၊ ဇန်နဝါရီ ၁၄

(ဆောင်းပါး)

၂၁ ရာစုနိုင်ငံရေးမှာ နိုင်ငံတစ်နိုင်ငံဟာ အထီးကျန်စွာ တစ်ဦးတည်းရပ်တည်လို့မရနိုင်တော့ပါဘူး။ ငြိမ်းချမ်းရေးနဲ့ လူသားဖြစ်တည်မှုဟာ ကမ္ဘာကြီးအတွက်ပိုမိုအရေးပါလာသလို မတူညီတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေကြခြင်းကလည်း ကမ္ဘာကြီးမှာရှိနေဆဲဖြစ်ပါတယ်။ ကမ္ဘာကြီးအေးချမ်းဖို့အတွက် ငြိမ်းချမ်းရေးတရားဟောနေကြသူတွေကိုယ်တိုင်က ထူးဆန်းတဲ့နည်းပညာတွေနဲ့ ကမ္ဘာအတွင်းက သက်ရှိအားလုံးကို ဆွဲထုတ်ပစ်နိုင်တဲ့ လူသတ်လက်နက်တွေကို မနားတမ်းတည်ဆောက်ကြခြင်းဟာ ကမ္ဘာကြီးငြိမ်းချမ်းရေးကို တည်ဆောက်နေကြတယ်လို့ဆိုရပါမယ်။

ကမ္ဘာကြီးဟာ နောက်ဆုံးပေါ်လက်နက်တွေ၊ ဝေဟင်ပစ်ဒုံးကျဉ်တွေ၊ ချေမှုန်းရေးလေယာဉ်တွေမရှိဘဲ ငြိမ်းချမ်းရေးစကားဆိုနေလို့ လူရာမဝင်တော့သလို အင်အားကသာ ငြိမ်းချမ်းရေးကိုဖိတ်ခေါ်နေသလိုမျိုး အပြိုင်အဆိုင်တည်ဆောက်နေကြတာဟာ ကမ္ဘာ့လူသားအားလုံး တစ်နေ့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရဖို့အတွက်ဆိုတာ သေချာပေါက်ပြောနိုင်တဲ့အခြေအေနတစ်ရပ်ဖြစ်တယ်။ ဒီနေ့ကမ္ဘာရွာဟာလည်း လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခွင့်၊ ညှမ်းပန်းနှိပ်စက်ခွင့်ပေးထားဆဲဖြစ်သလို ကမ္ဘာ့လူသားတွေဟာလည်း အမျိုးမျိုးသောအာဏာရှင်တွေအောက်မှာ ပုံစံမျိုးစုံနဲ့ သတ်ဖြတ်ခံနေကြရဆဲ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးဟာ တစ်ခြားနိုင်ငံတစ်နိုင်ငံအတွက် တူညီတဲ့ခံစားမှုနဲ့ မျှတတဲ့တရားရေးမရှိသမျှ အာဏာရှင်ဆိုတာလည်း ပေါ်ပေါက်နေဆဲသာဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးပဋိပက္ခကိုဖြေရှင်းဖို့ လူသတ်လက်နက်တွေကို အသုံးပြုနေကြသရွှေ့ ကမ္ဘာကြီးရဲ့တည်ငြိမ်အေးချမ်းမှုဆိုတာ မရှိနိုင်ပါဘူး။ အထူးသဖြင့် မတည်ငြိမ်မှုကို အကျိုးစီးပွားအဖြစ်အသုံးချလိုတဲ့ အိမ်နီးချင်းနိုင်ငံတွေ နိုင်ငံရေးမူဝါဒတွေ ရှိနေသရွေ့ ငြိမ်းချမ်းရေးဟာ ဘက်လိုက်မှုနဲ့အကျိုးစီးပွားကို အခြေခံနေပါလိမ့်မယ်။ နိုင်ငံတစ်ခုအတွင်း မတူကွဲပြားတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးအယူအဆတွေနဲ့ လွတ်လပ်ခွင့်တွေကို နိုင်ငံရေးအရ အသိအမှတ်မပြုသမျှ နိုင်ငံတွေဟာ မတည်ငြိမ်မှုတွေကိုသာရရှိနေမှာဖြစ်ပြီး စစ်ပွဲတွေနဲ့သာ ခရီးဆက်နေကြပါလိမ့်မယ်။

နှစ်ပေါင်းခုနှစ်ဆယ်ကျော်တည်ဆောက်လာတဲ့ မြန်မာနိုင်ငံဟာလည်း တစ်ဖြည်းဖြည်းနဲ့ ယိုယွင်းသထက် ယိုယွင်းလာနေပြီး ရာစုနှစ်တစ်ခုအတွင်းတောင် ပျောက်ကွယ်သွားနိုင်တဲ့အခြေအနဖြစ်သလို ကြီးမားတဲ့အာဏာရှင်ပေါ်လာနိုင်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်ကအာဏာသိမ်းယူမှုဟာ အစဉ်အလာတစ်ရပ်လိုဖြစ်နေပြီး စစ်တပ်ဟာလည်း တစ်ဖြည်းဖြည်းနဲ့ အခွင့်ထူးခံလူတန်းစားတစ်ရပ်လိုဖြစ်လာနေတာကို တွေ့လာရပါတယ်။ နိုင်ငံတည်ဆောက်ရေး၊ ကြွယ်ဝချမ်းသာရေးထက် အာဏာရှင်တွေတည်ဆောက်ရေးနဲ့ အာဏာရှင်မိသားစုတွေ ကောင်းစားရေးဝါဒ ထွန်းကားခဲ့တာကိုသာတွေ့ရပြီး ပြည်သူတွေ ကျောမွဲဖြစ်သထက်ဖြစ်ကာ အာဏာရှင်တွေနဲ့ အပေါင်းအပါတွေက ချမ်းသာသထက် ချမ်းသာနေကြပါတော့တယ်။

မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်းက(၂/မတ်လ/၁၉၆၂)ရက်နေ့မှာ ဝန်ကြီးချုပ်ဦးနု အစိုးရကိုဖြုတ်ချကာ ပထမဆုံးအကြိမ်အာဏာသိမ်းယူခဲ့ပြီး (၁၂)နှစ်ကြာ စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ကာ (၁၉၇၄)ခုနှစ်မှာ တစ်ပါတီစနစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဋ္ဌာန်းလိုက်ပါတယ်။ ဒီခြေဥနဲ့ဘဲ စစ်တပ်ကိုထောက်ခံတဲ့ “မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ”ကိုမွေးထုတ်ကာ ဦးနေဝင်းအစိုးရအဖြစ်နဲ့ နှစ်ပေါင်း(၁၄)နှစ် ထပ်မံအုပ်ချုပ်ခဲ့ပါတယ်။ တစ်ပါတီစနစ် ဆန့်ကျင်ရေး(၈/၈/၁၉၈၈)မှာ ဒီမိုကရေစီလူထုလှုပ်ရှားမှု သပိတ်ပေါ်ပေါက်လာခဲ့ပြီး တစ်ပါတီစနစ်ကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ဗိုလ်ချုပ်စောမောင်က နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်ကိုဖြုတ်ချကာ (၁၈၊ စက်တင်ဘာလ၊ ၁၉၈၈)နေ့မှာ နိုင်ငံတော်အာဏာကို ဒုတိယအကြိမ်အဖြစ် သိမ်းယူခဲ့ပြန်ပါတယ်။

ဗိုလ်ချုပ်စောမောင်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ကိုဖွဲ့စည်းကာ (၁၉၉၂ ဧပြီလ ၂၃)ရက်နေ့မှာ အနားယူခဲ့ပြီး နိုင်ငံတော်အာဏာကို “ဗိုလ်ချုပ်သန်းရွှေက ဆက်လက်တာဝန်ယူခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် (၁၉၉၂၊ ဧပြီ၊ ၂၃)မှာ စတင်တာဝန်ယူခဲ့ပြီးနောက် “နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ”ကို (၁၉၉၇၊ နိုဝင်ဘာ၊ ၁၅)ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ်နဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အုပ်ချုပ်ကာ (၃၀၊ မတ်လ၊ ၂၀၁၁)ခုနှစ်မှာ “နအဖ”ကိုဖျက်သိမ်းပြီး (၂၀၁၀)ရွေးကောက်ပွဲမှာ စစ်တပ်ကိုထောက်ခံတဲ့ “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ”ကို အာဏာလွှဲအပ်ကာ အနားယူခဲ့ပါတယ်။

အဲဒီနောက် ရွေးကောက်ပွဲတစ်ခုအကျော် (၂၀၂၀)ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို (၁/၂/၂၀၂၁)ရက်နေ့မှာ သိမ်းယူခဲ့ပြီး “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-နစက)ကိုဖွဲ့စည်းကာ နိုင်ငံရဲ့ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြန်ပါပြီ။ ဒီအာဏာရှင်လက်ထက် ဘယ်လောက်ထိ ဆက်လက်တည်ရှိနေမယ်ဆိုတာ ဘယ်သူမှမပြောနိုင်သေးသလို သူကတော့နှစ်နှစ်ခွဲအကြာမှာ ရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးဖို့ ပြည်သူကိုကတိပေးထားတာကို တွေ့ရပါတယ်။ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ နောက်ထပ်တစ်နှစ်ခွဲပြည့်တဲ့နေ့မှ သိရမှာပါ။

ဒီအာဏာသိမ်းယူမှုကြောင့် ဖေဖေါ်ဝါရီလကစတင်ကာ လူထုဆန့်ကျင်မှုတွေ တစ်နိုင်ငံလုံးပျံ့နှံ့ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်ကလည်းချေမှုန်းခဲ့တာကြောင့် လူပေါင်းနှစ်ထောင်ကျော်သေဆုံးခဲ့ရပြီး လူပေါင်းရှစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဆန့်ကျင်ဆန္ဒထုတ်ဖေါ်တဲ့လူထုဟာ ယနေ့အချိန်မှာ လက်နက်ကိုင်အဖြစ်ပြောင်းလဲခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်” (PDF)တပ်ဖွဲ့ပေါင်း တစ်ရာ့ငါးဆယ်ကျော်အထိ ရှိနေပြီလို့လည်းသိရပါတယ်။ ဒီနေ့ထိ စစ်ကောင်စီဘက်ကလည်း နိုင်ငံကို ကောင်းမွန်စွာအုပ်ချုပ်လို့မရေသးသလို တော်လှန်တဲ့ဘက် ကလည်း ရှေ့ကိုမတိုးနိုင်သေးပါဘူး။ နှစ်ဘက်အပြန်အလှန် စွပ်စွဲမှုတွေကြားမှာ စစ်ကောင်စီဘက်ကလည်း PDF ဆိုပြီး အကြောင်းပြသတ်နေသလို PDF ဘက်ကလည်း စစ်ကောင်စီကိုထောက်ခံသူဆိုပြီး အကြောင်းပြလူသတ်တဲ့လုပ်ရပ်တွေဟာ အနိဌာရုံ မြင်ကွင်းတွေအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂအနေနဲ့ ရှုတ်ချဖို့ကြိုးစားပေမယ့် မဟာမိတ်ဖြစ်တဲ့အိမ်နီးချင်းတရုတ်နဲ့ ရာရှားတို့ရဲ့ကန့်ကွက်မှုကြောင့် ဒီစစ်တပ်ကအာဏာသိမ်းမှုဟာ ရှုတ်ချလို့တောင်မရတဲ့အခြေအနေနဲ့ ဖြတ်သန်းလာခဲ့တာပါ။ အိမ်နီးချင်းတရုတ်နိုင်ငံဟာ စစ်အာဏာရှင်သန်းရွှေကို အထောက်အပံ့ပြုပြီး (၁၉၉၇)နောက်ပိုင်းမှာ မြန်မာစစ်အာဏာရှင်တွေနဲ့ ရွှေလမ်းငွေလမ်းဖောက်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အာဏာရှင်အလိုကျကူညီပေးခဲ့ပြီး မြန်မာနိုင်ငံထဲက ရှိသမျှသယံဇာတတွေဖြစ်တဲ့ ကျောက်စိမ်း၊ သစ်၊ ကြေးနီ၊ ဓာတ်ငွေ့ စတဲ့သယံဇာတဟူသမျှကို ဈေးပေါပေါနဲ့ရယူနိုင်ခဲ့ပြီး စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ လက်နက်တွေကို အများဆုံးရောင်းချခဲ့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုလည်းဖြစ် မြန်မာစစ်တပ်အပေါ် ဩဇာရှိတယ်လို့ပါ နာမည်ထွက်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေကို တောက်လျှောက်ကာကွယ်လာခဲ့တဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းယူလိုက်ပြီးတဲ့နောက်မှာလည်း အရင်ကလို စစ်တပ်ကိုတောက်လျှောက်ကာကွယ်ပေးထားဆဲဖြစ်ပါတယ်။ (၂၀၂၁)ကုန်ခါနီးကာလမှာတင် မြန်မာစစ်တပ်ကို ရေငုတ်သဘေ်ာတပ်ဆင်ပေးလိုက်တာကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ မြန်မာစစ်တပ်နဲ့ဆက်ဆံရေးကို ထိန်းသိမ်းလာတာကိုတွေ့ရပါတယ်။ ဒီသင်္ဘာဟာ ရောင်းတာလား၊ ပေးတာလားဆိုတာ တိတိကျကျသိနိုင်တဲ့ နှစ်ဘက်ထုတ်ပြန်ထားချက်တွေ မတွေ့ရှိသေးပါဘူး။

မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ (၂၀၁၁)ခုနှစ်၊ မတ်လ(၃၀)မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ပြီးတဲ့နောက် ပထမဆုံးကာကွယ်ရေးဦးစီးချုပ်ခရီးစဉ်ကို ဗီယက်နမ်နိုင်ငံကို ရွေးချယ်ခဲ့တာကိုကြည့်ခြင်းအားဖြင့် သူ့လက်ထက်မှာ တရုတ်နဲ့ဆက်ဆံရေးကို ခွာချင်တဲ့သဘောရတာကိုပြသခဲ့ပါတယ်။ စစ်အာဏာရှင်သန်းရွှေလက်ထက် တရုတ်ရဲ့ဩဇာလွှမ်းမိုးခံလာခဲ့ ရပြီးနောက် တရုတ်ရဲ့ရန်သူဖြစ်တဲ့ ဗီယက်နမ်ကို ရွေးချယ်ပြလိုက်ခြင်းဟာ ထူးခြားတဲ့လုပ်ရပ်အဖြစ် နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

နောက်ထပ်နိုင်ငံတစ်ခုကတော့ ရာရှားနိုင်ငံဖြစ်ပါတယ်။ ရာရှား-မြန်မာဆက်ဆံရေးဟာ (၁၉၄၈)မှာ စတင်ခဲ့ပေမယ့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကတော့ ရှစ်လေးလုံးအရေးတော်ပုံအပြီး (၁၉၉၀)နှစ်မှာ အစပျိုးလာခဲ့ပါတယ်။ အဲဒီနောက် စစ်အာဏာရှင် ဦးသန်းရွှေလက်ထက် (၂၀၀၀)ခုနှစ်မှာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုအားကောင်းလာခဲ့ပြီး (၂၀၀၄)မှာ စစ်ဘက်ဆိုင်ရာနည်းပညာတွေနဲ့ လက်နက်များစွာကို စတင်ရောင်းချခဲ့ပါတယ်။ (၂၀၁၁)မတ်လမှာ တပ်မတော်ဦးစီးချုပ်တာဝန်ကိုရယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာတော့ ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ပါတယ်။ (၂၀၂၀)ခုနှစ် တစ်နှစ်တည်းမှာတင် စစ်တပ်ထိပ်ပိုင်းစစ်တပ်ခေါင်းဆောင်များ အပြန်အလှန်ခရီးစဉ် များစွာတွေ့ရမှာဖြစ်ပြီး မြန်မာနိုင်ငံကို စစ်တပ်ကအာဏာမသိမ်းမှီ ရက်ပိုင်းအလိုမှာတင် ရာရှားစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ ရောက်ရှိလာခဲ့ပါသေးတယ်။

ရာရှားနိုင်ငံဟာ မြန်မာစစ်တပ်ကိုအာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖက်ဆိုင်ရာသုံးရောင်းချမှုဟာ အမေရိကန်ဒေါ်လာ (၁၇ ဒသမ ၄)သန်းဖိုးအထိရှိခဲ့ပြီး ဖြိုခွင်းဒုံးကျဉ်တွေနဲ့ ရေဒါပစ္စည်းတွေကို အဝေးထိန်းချုပ်ပစ်ခတ်နိုင်တဲ့ဒုံးကျဉ်တွေနဲ့ မောင်းသူမဲ့လေယဉ်တွေရယူဖို့ထိ သဘောတူညီမှုကိုရရှိခဲ့ပါတယ်။ (၂၀၁၀ ခုနှစ်ကနေ ၂၀၂၀)အတွင်း တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ၊ ဝေဟင်ပစ်ဒုံးကျဉ်တွေ၊ ဒုံးခွင်းယာဉ်တွေကို တောက်လျှောက်ရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။

ခေါတ်အဆက်ဆက် စစ်တပ်နဲ့ဆက်ဆံရေးသွေးအေးခဲ့တဲ့ အိမ်နီးချင်းအိန္ဒိယနိုင်ငံကလည်း (၂၀၁၉)ဒေါ်အောင်ဆန်းစုကြည်လက်ထက် မြန်မာစစ်ဘက်ဆိုင်ရာသုံးရေငုတ်သင်္ဘောတစ်စီးရောင်းချပေးခဲ့ပြီး မြန်မာစစ်တပ်ဟာ ပထမဆုံးရေငုတ်သင်္ဘာ ပိုင်ဆိုင်လာခဲ့ပါတယ်။ အိန္ဒိယနဲ့မြန်မာစစ်တပ်ဆက်ဆံရေးဟာ အရင်စစ်အာဏာရှင်တွေလက်ထက်မှာ အကောင်းမွန်ဆုံးမဟုတ်ပေမယ့် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ လက်နက်ကိုင်အဖွဲ့တွေ ရပ်တည်နေတာကိုတော့ ပူးပေါင်းချေမှုန်းတဲ့သမိုင်းကြောင်းတွေရှိခဲ့ပါတယ်။

သို့သော်လည်း တရုတ်နိုင်ငံလိုတော့ စစ်အာဏာရှင်အလိုကျလုပ်ဆောင်မပေးခဲ့သလို ခေတ်အဆက်ဆက် သယံဇာတတွေကိုလည်းမရရှိခဲ့ပါဘူး။ ဦးသန်းရွှေလက်ထက် အနောက်နိုင်ငံတွေမြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေမှာ အိန္ဒိယနိုင်ငံပါဝင်ခဲ့ပြီးနောက် မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးအေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံကို တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုတွေရှိလာခဲ့ပြီးတဲ့နောက် အိန္ဒိယဟာ ဆက်ဆံရေးမူဝါဒအပြောင်းအလဲတွေ လုပ်ဆောင်လာတာကိုတွေ့လာရတာဖြစ်ပါတယ်။

အိန္ဒိယဟာ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် (၂၀၂၁၊ မတ်လ၊ ၂၇)ရက်နေ့မှာ စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံတပ်မတော်နေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရှစ်နိုင်ငံမှာ ပါဝင်တက်ရောက်ခဲ့သလို တရုတ်၊ ရာရှား၊ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတို့က သံရုံးကိုယ်စားလှယ်တွေသာ တက်ရောက်ခဲ့ပေမယ့် အိန္ဒိယကတော့ စစ်သံမှူးကိုယ်တိုင် တက်ရောက်လာခဲ့တာကိုတွေ့ရပါတယ်။ လက်ရှိစစ်ကောင်စီလက်ထက်မှာလည်း စစ်ဘက်ဆိုင်ရာလက်နက်တွေကို ရောင်းချပေးနေတယ်လို့ Justice for Myanmar က ရေးသားထားတာကိုတွေ့ရပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံရဲ့ မြန်မာစစ်တပ်အပေါ် ပြောင်းလဲလာတဲ့ဆက်ဆံရေးဟာ စစ်အာဏာရှင်တွေကို ပံ့ပိုးကူညီခြင်းသာဖြစ်တယ်လို့ ထောက်ပြနေကြတာကိုတွေ့ရပါတယ်။

(၂၀၂၁၊ ဇွန်လ)မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ “မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုကာကွယ်ရန် ”ကုလအဖွဲ့ဝင်နိုင်ငံများသို့ တောင်းဆိုခဲတဲ့ဆုံးဖြတ်ချက်မှာ အိန္ဒိယနိုင်ငံဟာ ကြားနေအဖြစ်သာရှိခဲ့ပြီး ဆန္ဒမဲမပေးခဲ့ပါဘူး။ ဒါဟာ မြန်မာနိုင်ငံလို စစ်ပွဲတွေနဲ့ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုအတွက် စိုးရိမ်စရာကောင်းတဲ့ အချက်လည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ (၂၀၂၁)ခုနှစ်အတွင်းမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံညီလာခံသို့ တက်ရောက်ခြင်းကို ပစ်ပယ်ခံခဲ့ရပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ မြန်မာစစ်ကောင်စီကို အစည်းအဝေး တက်ရောက်ခွင့်ပိတ်ထားခဲ့တာလည်းဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းယူခဲ့တာ တစ်နှစ်ကြာလာတဲ့အထိ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် နိုင်ငံတွေအသိအမှတ်မပြုကြသေးပါဘူး။ သို့သော်လည်း အထက်ကကျနော်ထောက်ပြဆွေးနွေးခဲ့တဲ့ နိုင်ငံသုံးခုကတော့ အသိအမှတ် ပြုပေးတဲ့သဘောမှာရှိနေပေမယ့် တိုက်ရိုက်တော့မပြောသေးတာကိုတွေ့ရပါတယ်။

(၂၀၂၂)အာဆီယံမှာ အလှည့်ကျဥက္ကဋ္ဌဖြစ်လာခဲ့တဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟာ (၇/၁/၂၀၂၂)မှာ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိနေသလို မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် ပထမဆုံးနိုင်ငံခြားအဆင့်အမြင့်ဆုံးရာထူးနဲ့ လာရောက်လည်ပတ်သူလည်း ဖြစ်လာပါတယ်။ အခုမြန်မာနိုင်ငံကို လည်ပတ်ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ (၁၉၈၅)ခုနှစ်ကနေ နိုင်ငံအာဏာကိုရယူခဲ့တဲ့ အာဏာရှင်ဖြစ်ပါတယ်။ (၁၉၉၇)ခုနှစ်မှာ သူ့လက်ထောက်ဝန်ကြီးချုပ် ဩဇာကြီးထွားလာမှုကိုစိုးရိမ်ပြီး စစ်တပ်ကိုအသုံးပြုကာ အာဏာသိမ်းယူခဲ့ပြီး တစ်ပါတီစနစ်လိုကျင့်သုံးကာ ရွေးကောက်ပွဲမှာ သူသာထာဝရအနိုင်ရနေတဲ့ အာဏာရှင်ဖြစ်ပါတယ်။

မြန်မာလူထုရဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှုကို လျစ်လျူရှုပြီး အာဏာရှင်နဲ့ဆက်သွယ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေရှိနေသမျှ မြန်မာ့ဒီမိုကရေစီနဲ့တည်ဆောက်ရေးဟာ အလှမ်းဝေးနေနိုင်သေးသလို အရှေ့တောင်အာရှရဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာလည်း  အာဏာရှင်တွေ ထွက်ပေါ်နေနိုင်ပါသေးတယ်လို့ မြင်ပါတယ်။ အခုလက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်လာရောက်ခြင်းဟာလည်း အိမ်နီးချင်းတရုတ်ရဲ့ မြန်မာပြဿနာကို အာစီယံကအဖြေရှာပေးရေးမူဝါဒကို အကောင်အထည်ဖေါ်လုပ်ဆောင်ဖို့ ပထမခြေလှမ်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဖြေဟာလည်း စစ်ကောင်စီပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေးနဲ့အတူ စစ်မှန်တဲ့ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးကလည်း အဓိကကျကြောင်း အိမ်နီးချင်းတွေလက်မခံသေးသမျှ မြန်မာ့ပြဿနာမှာ အာဏာရှင်တွေထပ်မံပေါ်ပေါက် လာနိုင်ပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့တော်လှန်ရေး အင်အားစုတွေအားလုံးဟာ ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးမူဘောင်ကို ဦးစွာရေးဆွဲထားသင့်ပြီး အာဏာရှင်အဆုံးသတ်ရေးနဲ့ အိမ်နီးချင်းတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို တွန်းလှန်သွားဖို့လိုအပ်ပါတယ်။