- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အာဆီယံကိုယ်စားလှယ် လာရောက်မည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကန့်ကွက်ဟု စင်္ကာပူဝန်ကြီးချုပ် ပြော
မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား ကူညီဖြေရှင်းပေးရန် အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်မည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကန့်ကွက်ခဲ့ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စီအန်အေ သတင်းဌာနသို့ ဖြေကြားသည်။
26 Apr 2021
DMG ၊ ဧပြီ ၂၆
မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား ကူညီဖြေရှင်းပေးရန် အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်မည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကန့်ကွက်ခဲ့ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စီအန်အေ သတင်းဌာနသို့ ဖြေကြားသည်။
ဧပြီလ ၂၄ ရက်နေ့တွင် ဂျာကာတာ၌ ကျင်းပခဲ့သည့် ထိပ်သီး အစည်းအဝေး၌ အာဆီယံနိုင်ငံများက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တောင်းဆိုခဲ့သည့် အချက်များတွင် မြန်မာနိုင်ငံသို့ အာဆီယံအဖွဲ့ကိုယ်စားလှယ် စေလွှတ်ရန်၊ လက်နက်မဲ့ အရပ်သားများအား အင်အားသုံးနှိမ်နင်းမှုကို ရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန်နှင့် အာဆီယံအဖွဲ့က ဦးဆောင်စီစဉ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများအား ခွင့်ပြုပေးရန်၊ အခြားအင်အားစုများပါ ပူးပေါင်းပါဝင်ခွင့်ပြုရန် စသည့်အချက်များ ပါဝင်သည်။
“ဒီအချက်တွေကို အကောင်အထည်ဖော်ဖို့က အချိန်အများကြီး ယူရဦးမှာပါ။ တစ်ဘက်မှာ အကြမ်းဖက်မှုတွေ ရပ်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်မယ် ပြောခဲ့ပေမယ့် နောက်တစ်ဘက်မှာတော့ ဒါတွေကို အကောင်အထည် ဖော်ရဦးမှာလေ” ဟု ဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံအစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“နိုင်ငံရေးအဖြေတစ်ရပ် ထွက်ရှိဖို့အတွက် အင်အားစုတွေအားလုံး ပါဝင်တဲ့ ဆွေးနွေးမှုပြုလုပ်ဖို့က ပိုပြီးတော့ ခက်ခဲပါဦးမယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ရှေ့ဆက်ဆောင်ရွက်ဖို့ ခြေလှမ်းတွေ ရှိလာပါပြီ” ဟု သူက ဆိုသည်။
အာဆီယံအဖွဲ့ကြီးသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ ရှိထားသဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဆီယံအဖွဲ့၏ တိုက်ရိုက် တောင်းဆိုချက်များသည် ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။
“မြန်မာ့အရေးကို အာဆီယံက ဘယ်လိုကိုင်တွယ်သလဲ ဆိုတာနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အာဆီယံအပေါ် အများကြီး မျှော်လင့်ထားကြပြီး ဖိအားက များသထက်များလာနေပါတယ်” ဟု မလေးရှားဝန်ကြီးချုပ် မူဟီဒင်းယာဆင်က ပြောသည်။
အာဆီယံအစည်းအဝေးသည် အာဏာသိမ်းမှုနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်သည်။
အစည်းအဝေး ကျင်းပသည့်နေ့၌ အင်ဒိုနီးရှားမြို့တော် ဂျာကာတာ၌ လုံခြုံရေးအင်အား ၄၃၀၀ ကျော် နေရာအနှံ့ ဖြန့်ကြက်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုအစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင် သမ္မတို့ မတက်ရောက်ခဲ့ပေ။ လာအိုနိုင်ငံသည်လည်း တက်ရောက်မည့် အစီအစဉ်ကို အစည်းအဝေး ကျင်းပခါနီးမှ ဖျက်သိမ်းခဲ့သည်။
မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်ဆွဲတင်ရေး မည်သည့် အဖြေမျိုးမဆို ရှာဖွေရာ၌ မြန်မာစစ်တပ်နှင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးနှစ်ဘက်လုံး ပါမှဖြစ်မည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဆိုသည်။
NLD သည် လူထုထောက်ခံမှု အပြည့်အဝ ရထားပြီး တစ်ချိန်တည်းတွင် မြန်မာစစ်တပ်သည်လည်း မြန်မာ့နိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍ၌ တောက်လျှောက်ပါဝင်လာခဲ့သည်ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၄ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူစုစုပေါင်း ရ၅၀ နီးပါး ရှိနေပြီဖြစ်သည်။
ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၂ သိန်းခွဲနီးပါး ရှိနေကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ ပြောကြားချက်အရ သိရသည်။