- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
အောင်ပွဲခံတာလီဘန်များအကြား အကွဲအပြဲဇာတ်လမ်း စပြီလား
အာဖဂန်နစ္စတန်နိုင်ငံကို အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်သည့် တာလီဘန်တို့သည် ယခုအခါ ရာထူးရှိသည့် ခေါင်းဆောင်များအကြား အချင်းချင်း ညှိယူရန် အခက်အခဲများ ကြုံနေရကြောင်း လေ့လာသူများက ထောက်ပြနေကြပြီ ဖြစ်သည်။
20 Sep 2021
အာဖဂန်နစ္စတန်နိုင်ငံကို အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်သည့် တာလီဘန်တို့သည် ယခုအခါ ရာထူးရှိသည့် ခေါင်းဆောင်များအကြား အချင်းချင်း ညှိယူရန် အခက်အခဲများ ကြုံနေရကြောင်း လေ့လာသူများက ထောက်ပြနေကြပြီ ဖြစ်သည်။
ပြင်ပကမ္ဘာမှ ကြည့်ပါက တာလီဘန်အမာခံ ခေါင်းဆောင်များသည် အယူအဆနှင့် ဗျူဟာပိုင်းအရ တစ်သားတည်းရှိသည်ဟု ထင်မှတ်စရာရှိသည်။
သို့သော်လည်း အခြားသော နိုင်ငံရေးအဖွဲ့အစည်းကြီးများ ကဲ့သို့ပင် တာလီဘန်များအကြားတွင်လည်း အကွဲအပြဲများ၊ ပြိုင်ဆိုင်မှုများ၊ သစ္စာခံမှုများနှင့် ဂိုဏ်းဂဏ ကွဲပြားမှုများ ရှိနေသည်။
အမေရိကန်ဦးဆောင်သည့် ပြည်ပတပ်များနှင့် ကာဘူးအစိုးရအား ခုခံတော်လှန်နေခဲ့ကြသည့် နှစ် ၂၀ ကာလအတွင်း အဆိုပါ ပက်ကြားအက်မှုများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
သို့သော်လည်း ၎င်းတို့၏ဘုံရန်သူကို အောင်မြင်ပြီး ကိုယ်တိုင်စတင်အုပ်ချုပ်သည့် သီတင်းပတ် အနည်းငယ်အတွင်း၌ပင် တာလီဘန်အုပ်စုအကြား အကွဲအပြဲများသည် ပိုမိုသိသာ ထင်ရှားလာနေပြီဖြစ်သည်။
■ ဂိုဏ်းဂဏ ပြိုင်ဆိုင်မှု
ပြီးခဲ့သော စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကောလာဟလတစ်ခု ပေါ်ထွက်ခဲ့သည်။ အာဖဂန် သမ္မတနန်းတော်၌ တာလီဘန်အုပ်စုကွဲများအကြား ပစ်ခတ်မှုဖြစ်ပွားပြီး တာလီဘန်အဖွဲ့ ပူးတွဲတည်ထောင်သူနှင့် လက်ရှိ လက်ထောက်ဝန်ကြီးချုပ် ဖြစ်သူ အဗ္ဗဒူဂါနီဘာရာဒါ သေဆုံးသွားပြီ ဆိုသောသတင်း ဖြစ်သည်။ ဘာရာဒါအား အတပ်အကြပ် စကားပြောခိုင်းပြီး အသက်ရှင်နေသေးကြောင်း သက်သေပြခိုင်းသည် ဆိုသော ကောလာဟလလည်း ထွက်ခဲ့သည်။
ယခုကိစ္စ မဖြစ်ပွားမီ ကြားဖြတ်အစိုးရအဖွဲ့ကို အမည်ပေးချိန်တည်းက တာလီဘန်တို့အကြား နိုင်ငံရေးအရ တင်းမာမှုများ ရှိနေခဲ့ပြီဖြစ်ကာ ထိုအချက်ကပင် နောင်ဖြစ်လာမည့် ပြဿနာများအတွက် မျိုးစေ့ချပေးသလို ဖြစ်ခဲ့သည်ဟု နီမာတူလာအီဗရာဟီမီက ပြောသည်။ အီဗရာဟီမီသည် သြစတြေးလျနိုင်ငံ လာထရော့တက္ကသိုလ်၌ အာဖဂန်ရေးရာ လေ့လာသူတစ်ဦး ဖြစ်သည်။
အဓိကရာထူးများကို ကန်ဒါဟာရှိ ဘာရာဒါလည်းပါဝင်သည့် တာလီဘန် ယခင်အစောင့်တပ်နှင့် ဟက်ကာနီအဖွဲ့တို့အကြား ခွဲယူထားကြသည်။ ဟက်ကာနီအဖွဲ့သည် မိသားစုအခြေပြု ဖွဲ့စည်းထားခြင်း ဖြစ်ကာ အယ်ကိုင်းဒါးအုပ်စု၊ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့တို့နှင့် အဆက်အသွယ်ရှိသည်။
၁၉၉၉ အလွန်နှစ်များအတွင်း တာလီဘန်တို့ အုပ်ချုပ်စဉ် ကန်ဒါဟာအုပ်စုက အဓိကလွှမ်းမိုးသည်။ သို့သော်လည်း တာလီဘန်တို့၏ မကြာသေးမီက စစ်ရေးအရ အောင်မြင်မှုများမှာမူ ဟာကာနီတို့ အဓိက ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
“ဟာကာနီတို့ရဲ့ အင်အားကို ကျွန်တော်တို့ လုံးဝ လျှော့တွက်လို့မရဘူး” ဟု အီဗရာဟီမီက ဆိုသည်။
လူမျိုးစုခေါင်းဆောင် ဆီရာဂျူဒင်ဟာကာနီကို အမေရိကန်အစိုးရက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားပြီး ဖမ်းမိလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။ ဟာကာနီသည် ပြည်ထဲရေးဝန်ကြီးနေရာကို ချုပ်ကိုင်ထားသည် အဆိုပါနေရာသည် တာလီဘန်အုပ်ချုပ်မှုအတွက် မူဝါဒများ အဓိကချမှတ်မည့်နေရာလည်း ဖြစ်သည်။
သူသည် တာလီဘန် တိုက်ခိုက်ရေးအုပ်စုများကို စုစည်းခဲ့သူ ဖြစ်သဖြင့် ခေါင်းဆောင်နေရာတွင် အလိုအလျောက် ရှိနေသူဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ၏ အကြီးတန်းအတိုင်ပင်ခံ ဂရေမီစမစ်က ဆိုသည်။
■ ပဋိပက္ခအတွက် လမ်းစ
သို့်သော်လည်း ဟာကာနီ၏ ထိန်းချုပ်မှုသည် အနောက်အုပ်စုများအဖို့ တာလီဘန်အစိုးရကို အသိအမှတ်ပြုရန် ခက်ခဲသွားမည် ဖြစ်သည်။ အမေရိကန်က ထိန်းချုပ်ထားသည့် အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများလည်း ဆုံးရှုံးသွားနိုင်သည်။
ငွေကြေးနှင့် ပြည်ပအသိအမှတ်ပြုမှု ဆုံရှုံးရခြင်းသည် ဘာရာဒါအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်သည်။ ဘာရာဒါသည် အနောက်အုပ်စုနှင့်ဆွေးနွေးမှု၊ အာဖဂန်မှ အမေရိကန်တို့ ဆုတ်ခွာမှုတွင် အဓိကကျသူ တစ်ဦးဖြစ်သည်။
အနောက်အုပ်စု၏ အသိအမှတ်ပြုမှုကို မရပါက တာဘီဘန်တို့သည် စီးပွားရေး အကျပ်အတည်းနှင့် လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးကြီးကို ဖြေရှင်းရန် အကြပ်ရိုက်တော့မည် ဖြစ်သည်။
အုပ်စုကွဲများအကြား ပြိုင်ဆိုင်မှုများက အာဖဂန် အိမ်နီးချင်းများကိုလည်း အခက်ကြုံစေမည်ဟု လေ့လာသူများက ဆိုသည်။
အပြင်လူများ၊ အီရန်တော်လှန်ရေး အစောင့်တပ်နှင့် အဆက်အသွယ်ရှိသည့် အုပ်စုများ အပါအဝင် နိုင်ငံမြောက်ပိုင်းမှ တာလီဘန်အုပ်စုများသည် အစိုးရဖွဲ့ရာတွင် ဘေးဖယ်ခံထားရသည်။
တာလီဘန်တို့သည် ထင်ရှားသော အာဖဂန်နိုင်ငံရေးခေါင်းဆောင်များ၊ တာလီဘန်မဟုတ်သည့် ဒေသတွင်း ပြည်နယ်ခေါင်းဆောင်များနှင့် ဝါရင့်ပုဂ္ဂိုလ်များ၏ အကြံပြုချက်များကို အလေးမထားဘဲ ဆုံးဖြတ်ခဲ့ကြသည်ဟု ဂရေမီစမစ်က ပြောသည်။
“ဒီအချက်က တာလီဘန်ညီညွတ်ရေးနဲ့ တာလီဘန်ထောက်ခံသူတွေ အတွက်တော့ ကောင်းပါရဲ့။ တခြားအာဖဂန်တွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ မဟာမိတ်ဖွဲ့ရေးမှာတော့ အလားအလာမကောင်းဘူး” ဟု သူကဆိုသည်။
အာဖဂန်အရေးလေ့လာသူ အီဗရာဟီမီကလည်း အီရန် သို့မဟုတ် ရုရှားကဲ့သို့ ဒေသတွင်း အင်အားကြီးနိုင်ငံများက သူတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် လက်နက်ကိုင်အုပ်စုကွဲများကို အထောက်အပံ့များ တစ်ကျော့ပြန် ပေးလာနိုင်သည်ဟု သုံးသပ်သည်။
“ဒီအချက်က တာလီဘန်တွေနဲ့ အဆင်မပြေတဲ့ နိုင်ငံတွေအတွက် ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးသလို ဖြစ်နေတယ်” ဟု သူကဆိုသည်။
ရည်ညွှန်း - Victorious, Taliban face fierce new test in Afghanistan, AFP