ကိုရိုနာကြောင့် အစာရေစာရှားလို့ ထိုင်းဆင်ထောင်ချီ မွေးရပ်ကျေးရွာတွေဆီ ပြန်ရောက်

ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ဆင်တွေဟာ နိုင်ငံမြောက်ပိုင်းတောင်တန်းတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ မူလဌာနကျေးရွာတွေဆီ ပြန်ရောက်လာနေကြပါတယ်။

By စောသန္တာအေး 12 Jun 2020

ကိုရိုနာကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီး ထိုင်းဆင် ၃၀၀၀ ခန့်ဟာ အလုပ်လက်မဲ့ ဖြစ်ကုန်ပါတယ်။ (ဓာတ်ပုံ - AFP)


ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ဆင်တွေဟာ နိုင်ငံမြောက်ပိုင်းတောင်တန်းတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ မူလဌာနကျေးရွာတွေဆီ ပြန်ရောက်လာနေကြပါတယ်။

ကိုရိုနာကပ်ဘေးကြောင့် ခရီးသွားဆိုက်တွေကို ပိတ်လိုက်ရာကနေ အစာရေစာရှားပါးမှု ကြုံလာရတဲ့အတွက် ဒီဆင်တွေဟာ သူတို့ရဲ့ နေရပ်ကို ပြန်ရောက်လာကြတာ ဖြစ်ပါတယ်။

ဒီဆင်တွေထဲက အချို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက ဟူဝေပါကု (Huay Pakoot) ဆိုတဲ့ကျေးရွာမှာ မွေးဖွားကြီးပြင်းခဲ့သူတွေ ဖြစ်ပါတယ်။ ဒီကျေးရွာမှာ ကရင်ဆင်ထိန်းတွေဟာ ဆင်တွေကို မျိုးရိုးအစဉ်အဆက် မွေးမြူထိန်းကျောင်းလာကြတာ ရာစုနှစ်လေးခုခန့် ကြာခဲ့ပါပြီ။

ဒါပေမဲ့ ဒီရွာကဆင်တွေနဲ့ ဆင်ထိန်းတွေ အလုပ်လုပ်ရတဲ့နေရာကတော့ ရွာနဲ့ မိုင်တစ်ရာကျော်ဝေးတဲ့ ချင်းမိုင်က နိုင်ငံခြားသားတွေအတွက် ဖျော်ဖြေရေးနေရာတွေ၊ ပန်းခြံတွေမှာပါ။
ဒီနေရာတွေဟာ နိုင်ငံခြားသားတွေကို ဆင်တွေနဲ့ ဖျော်ဖြေရေးလုပ်ပြီး ဝင်ငွေအများအပြား ရှာဖွေပေးနေတဲ့နေရာတွေ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း ကိုရိုနာကပ်ဘေးကြီးနဲ့ ကြုံလာရချိန်မှာတော့ ဒီလိုဖျော်ဖြေရေးနေရာ အများအပြားလည်း ရပ်ဆိုင်းသွားပြီး ထိုင်းဆင် ၃ ထောင်နီးပါးလည်း အလုပ်ပြုတ်ကုန်ပါတယ်။ ဒီဆင်အများအပြားဟာ အငတ်ဘေးနဲ့ပါ ကြုံလာရာက သူတို့ရဲ့ နေရပ်တွေဆီ ပြန်လှည့်သွားကြတာဖြစ်ပါတယ်။

“သူတို့တွေ ပင်ပန်းနေကြတယ်။ ဒါပေမဲ့ တော်တော်ပျော်နေကြတယ်။” လို့ ဟူဝေပါကုကျေးရွာက ချိုင်ရာပွန် ဆိုသူ ဆင်ထိန်းတစ်ဦးက အေအက်ဖ်ပီကို ပြောပြပါတယ်။

 “သူတို့က အရမ်းဉာဏ်ကောင်းတယ်။ မရောက်တာ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် သူတို့ကိုယ်သူတို့ အိမ်ပြန်ရောက်လာပြီဆိုတာ သိနေကြတယ်” လို့ အသက် ၃၅ နှစ်အရွယ် ဆင်ထိန်းတစ်ဦးက ဆိုပါတယ်။

အငတ်ဘေးရှောင်ဖို့ ရွာကိုပြန်ရောက်လာတဲ့ ဆင်ထိန်းတွေဟာ အခုတော့ သူတို့ရဲ့ဆင်တစ်ကောင်စီ အတွက် တစ်နေ့ကို ပေါင် ၆၅၀ ခန့်ရှိတဲ့ အသီးအရွက်တွေ ရှာကျွေးနေရပါတယ်။ (ဓာတ်ပုံ - AFP)


ပြီးခဲ့တဲ့နှစ်လအတွင်းမှာ ဆင်ထိန်းတွေနဲ့အတူ ဇာတိကျေးရွာတွေဆီ ပြန်ရောက်လာတဲ့ ဆင်ကောင်ရေပေါင်း ၁၀၀၀ ခန့်ရှိပါတယ်။

အချိန်တိုအတွင်း ဒီလောက်အများအပြား နေရာရွှေ့ပြောင်းကြတာမျိုး မကြုံဖူးဘူးလို့ ထိုင်းဆင်များညီနောင်အဖွဲ့ (Thai Elephant Alliance Association) ရဲ့ဥက္ကဌ သီရာပက် ထရွန်ပရာကန် က ပြောပါတယ်။

ဒါပေမဲ့ ဒီဆင်တွေရဲ့ အိမ်ပြန်ခရီးဟာ ချောမွေ့နေတာတော့ မဟုတ်ပါဘူး။

ဟူဝေပါကုကျေးရွာမှာဆိုရင် ပုံမှန်အားဖြင့် ဆင်ကောင်ရေ ၁၀ ကောင်အောက်ပဲ ရှိပါတယ်။ အခုတော့ ဒီရွာမှာ ရွာသား ၄၀၀ နဲ့အတူ ဆင်ကောင်ရေ ၉၀ ကျော် ရှိနေပါတယ်။

ကျေးရွာပတ်လည်က တောအုပ်တွေကလည်း လယ်ယာစိုက်ပျိုးရေးအတွက် ရှင်းလင်းထားတာဆိုတော့  ဒီဆင်အုပ်ကြီးအတွက် နေရာမရှိဖြစ်နေပါတယ်။

အိမ်နားတစ်ဝိုက်မှာအိပ်တဲ့ ဆင်တွေရှိပေမယ့် ဆင်အများစုကတော့ ညပိုင်းဆို တောထဲမှာပဲ အိပ်ကြရပြီး သူတို့ရဲ ဆင်ထိန်းတွေက ဂရုစိုက်ကြည့်နေရပါတယ်။
တခါတလေကျတော့လည်း ဒီဆင်တွေက လွတ်သွားပြီး လယ်ကွင်းတွေဘက် ရောက်သွားရာက လယ်ရှင်တွေမောင်းထုတ်လို့ ဒဏ်ရာရတာတွေရှိပါတယ်။

အငတ်ဘေးရှောင်ဖို့ ရွာကိုပြန်ရောက်လာတဲ့ ဆင်ထိန်းတွေဟာ အခုတော့ သူတို့ရဲ့ဆင်တစ်ကောင်စီအတွက် တစ်နေ့ကို ပေါင် ၆၅၀ ခန့်ရှိတဲ့ အသီးအရွက်တွေ ရှာကျွေးနေရပါတယ်။
ဆင်တစ်ကောင်အတွက် တစ်ရက်ကို ဘတ် ၅၀၀ (၁၅ ဒေါ်လာ) လောက်စီကုန်တယ်လို့ ဆင်ထိန်းတစ်ယောက်က ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက ကျေးရွာတစ်ရွာမှာ ရေချိုးနေတဲ့ဆင်တွေ။ (ဓာတ်ပုံ - AFP)


အလုပ်လက်မဲ့ဖြစ်ကုန်တဲ့ ဆင်ထိန်းနဲ့ ဆင်တွေ ထိုင်း-မြန်မာ နယ်စပ်က သစ်မှောင်ခိုလုပ်ငန်းတွေဆီ ရောက်ကုန်မှာကို စိုးရိမ်နေသူတွေလည်း ရှိကြပါတယ်။

တချို့ကျတော့လည်း ခရီးသွားလုပ်ငန်းမှာ ပုံစံမျိုးစုံနဲ့ အသုံးတော်ခံနေရတဲ့ တိရစ္ဆာန်တွေ အတွက် ဒီအနေအထားဟာ အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။

ပျော်ရုံသက်သက် ပျော်နေကြသူတွေလည်း ရှိပါတယ်။

အသက် ၃၇ နှစ်အရွယ် ဆင်ထိန်း ဂျိုရွန်ဘန်ပေါ့ (Joroenbunpod) ကတော့ ဆင်တွေ နေရပ်ပြန်ရောက်လာတာ အရမ်းဝမ်းသာတယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။
“ကျွန်တော်က သူတို့နဲ့တူတူ ကြီးပြင်းခဲ့တာလေ။ ကျွန်တော့်အတွက်တော့ သူတို့က ညီအစ်ကိုမောင်နှမတွေလိုပဲ” လို့ သူကဆိုပါတယ်။

စောသန္တာအေး
(ရည်ညွှန်း - Thai elephants' mass migration to village brings new stress, AFP)