စစ်တွေရေတပ်မှ ပေါက်တောမြို့နယ်သို့ အတွဲလိုက်ဒုံးများဖြင့် လှမ်းပစ်

အာရက္ခတပ်တော်(AA)သည် စစ်တွေမြို့နယ်ကို ဝန်းရံထားသော ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထို့ကြောင့် စစ်ကောင်စီက မြို့နယ်ချင်းစပ် ကျေးရွာများကို လက်နက်ကြီး၊ လေကြာင်း ပစ်ခတ်မှုများ နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။ 

By Admin 06 Sep 2024

စစ်ကောင်စီတပ်၏ ၂၀၁၉ ခုနှစ် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် တွေ့ရသော အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်လေ့ကျင့်မှု။
စစ်ကောင်စီတပ်၏ ၂၀၁၉ ခုနှစ် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် တွေ့ရသော အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်လေ့ကျင့်မှု။

DMG ၊ စက်တင်ဘာ ၆

စစ်တွေမြို့နယ် ကံ့ကော်ကျွန်း၊ မင်းလှကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီသည် ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ နေ့စဉ်ရှိလာကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်ကလည်း စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ် (၃၆) ရေတပ်စခန်းမှ ပေါက်တောမြို့နယ် ဝဖီးချပ်တောင်နှင့် အနီးအနားသို့ လက်နက်ကြီးအပြင် အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။ 

“စစ်တွေမြို့နယ်မှာ ဒီနေ့မွန်းတည့်ချိန်အထိ ဘာတိုက်ပွဲမှ မဖြစ်သေးဘူး။ ဒီအတိုင်းရမ်းပစ်နေတာ။ အတွဲလိုက်ဒုံးဆိုရင် လေးလုံးတွဲကိုမှ နှစ်ကြိမ်ပစ်တယ်။ ပေါက်တောမြို့အဝင် ဝဖီးချပ်တောင်နဲ့ အနီးတဝိုက်ကို ပစ်နေတာပါ။ ထိခိုက်မှုတွေကိုတော့ မသိရသေးဘူး” ဟု စစ်တွေမြို့ခံတစ်ဦးက DMG ကို ပြောသည်။ 

လက်နက်ကြီး ၂ လုံးမှာ ပေါက်တောမြို့နယ်နှင့် စစ်တွေမြို့ကြားရှိ ကုလားတန်မြစ်ထဲသို့ ကျရောက်ခဲ့ပြီး တောင်တန်းများအနီးသို့လည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း မျက်မြင်များက ပြောသည်။

“လက်နက်ကြီးက ရမ်းသမ်းပစ်နေတာ။ ပေါက်တောဘက်ကိုပေါ့။ အခု မြို့မှာ လူတွေ တိတ်ဆိတ်နေတယ်။ ဘာဖြစ်လာမလဲ ကြောက်နေကြတယ်” ဟု စစ်တွေမြို့ခံ နောက်တစ်ဦးက ပြောသည်။ 

အာရက္ခတပ်တော်(AA)သည် စစ်တွေမြို့နယ်ကို ဝန်းရံထားသော ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထို့ကြောင့် စစ်ကောင်စီက မြို့နယ်ချင်းစပ် ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြာင်းပစ်ခတ်မှုများ နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။ 

“AA က စစ်တွေဒကစအနီးက ကံ့ကော်ကျွန်း၊ မင်းလှ စတဲ့ နေရာတွေမှာ တိုက်ပွဲဖော်ပြလိုက်တော့ စစ်ကောင်စီက တော်တော်ကြောက်ရွံ့နေပုံပေါ်တယ်။ ဒါကြောင့် နောက်ထပ် AA တပ်တွေ မြို့ထဲကို မဝင်လာနိုင်ရေး သူတို့မသင်္ကာတဲ့နေရာတွေကို ခြိမ်းခြောက်ပြီး လှမ်းပစ်နေတာလို့ မြင်တယ်။ နောက်ပြီး မောင်တောကျတော့မှာမို့ ဒီတစ်ခါ စစ်တွေအလှည့်ဆိုတာ စစ်ကောင်စီက သိနေတယ်” ဟု ရခိုင်စစ်ရေးလေ့လာတစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်တွင် ဩဂုတ်လအကုန်ပိုင်းက နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၃၀ ခန့် ကျဆုံးကာ လက်နက်ခဲယမ်းအချို့ကို AA က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။  တိုက်ပွဲပြီးနောက် စစ်ကောင်စီက မြို့တွင်းလုံခြုံရေးကို တိုးမြှင့်ကာ မြို့ပတ်ပတ်လည်အား ကင်းစောင့်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

လက်ရှိတွင် AA သည် ပလက်ဝမြို့နယ်နှင့် ရခိုင်ဒေသက မြို့နယ် ၁၀ ခုကို ထိန်းချုပ်ထားပြီး မောင်တောကိုလည်း သိမ်းပိုက်နိုင်တော့ဟု ဆိုထားသည်။ ထို့ကြောင့် ရခိုင်မြောက်ပိုင်း၌ စစ်တွေမြို့တစ်ခုတည်းကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ခြင်းလည်း ဖြစ်သည်။ 

ရခိုင်ပြည်တိုက်ပွဲအတွင်း စစ်ကောင်စီသည် ရေတပ်၊ ကြေးတပ်၊ လေတပ်အားလုံးပူးပေါင်းပြီး ခုခံနေသော်လည်း AA ၏ နယ်မြေထိန်းချုပ်မှုမှာ တဖြည်းဖြည်း ကျယ်ပြန့်လာနေဆဲဖြစ်သည်။