- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
ဥကပ်ရာသီ သုံးလအတွင်း ရေချိုပုစွန်တုပ်များကို မဖမ်းဆီးရန်တားမြစ်
မိုးဦးကျကာလဖြစ်သော ဧပြီ၊ မေလနှင့် ဇွန်လတို့တွင် ရေချိုပုစွန်တုပ်ကြီးများ ဥကပ်ရာသီဖြစ်သဖြင့် အဆိုပါသုံးလအတွင်း မဖမ်းဆီးရန် တားမြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
21 Apr 2023
DMG ၊ ဧပြီ ၂၁
မိုးဦးကျကာလဖြစ်သော ဧပြီ၊ မေလနှင့် ဇွန်လတို့တွင် ရေချိုပုစွန်တုပ်ကြီးများ ဥကပ်ရာသီဖြစ်သဖြင့် အဆိုပါသုံးလအတွင်း မဖမ်းဆီးရန် တားမြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဧပြီ၊ မေလနှင့် ဇွန်လတို့တွင် ရေချိုပုစွန်တုပ်များ ဥကပ်နေသော (သို့မဟုတ်) ဥပြည့်ဝနေသော အချိန်ဖြစ်ပြီး ထောင်ပေါင်းများစွာသော ပုစွန်များပေါက်ဖွားလာနိုင်သည့်အတွက် ဖမ်းဆီးသတ်ဖြတ်ခဲ့ပါက မျိုးပြုန်းမှုဖြစ်ပွားနိုင်ကြောင်း သိရသည်။
ယင်းကြောင့် ရေချိုပုစွန်တုပ်များ ရေရှည်တည်တံ့စေရန်၊ မျိုးပြုန်းတီးမှုမှ ကာကွယ်ရန်၊ ရေရှည်စားသုံးနိုင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးမှု အထောက်အကူပြုရန်အတွက် တားမြစ်ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ဆိုသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဒီလို ဥကပ်သားပေါက်ရာသီမှာ တားမြစ်လိုက်တယ် ဆိုတာကလည်း ပုစွန်ဖြစ်ဖြစ်၊ ငါးသယံဇာတပဲဖြစ်ဖြစ် ထိန်းသိမ်းရာရောက်တယ်။ ဥကပ်ကာလတွေမှာ တစ်ကောင်ကို သတ်ဖြတ်လိုက်လို့ အကောင်ထောင်ပေါင်း အများကြီး သေဆုံးသွားနိုင်သလို သားလောင်းတွေဟာလည်း မပေါက်နိုင်တော့ဘဲ မျိုးပြုန်းတီးသွားနိုင်တယ်”ဟု ပြောသည်။
ရေချိုပုစွန်တုပ်များကို တားမြစ်တားသည့်ကာလအတွင်း ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ် မပြုလုပ်ခြင်းများကို တွေ့ရှိပါက ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူသွားဖြစ်ကြောင်း သိရသည်။
ရေသယံဇာတများ မပြုန်းတီးရေးအတွက် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြို့နယ်အလိုက် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ အသိပညာပေးမှုလုပ်ဆောင်သော်လည်း ငါးဖမ်းသမားအများစုမှာ လိုက်နာမှု အားနည်းနေဆဲဟု ငါးလုပ်ငန်းဦးစီးဌာနက ဆိုသည်။
ကျောက်ဖြူမြို့မှ မျှောပိုက်ငါးဖမ်းသမား ဦးရဲထက်အောင် “အခုဆိုရင်လည်း ပုစွန်ဥကပ်နဲ့ ရတဲ့နေ့တွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့ အသိစိတ်နဲ့ ဥကပ်နေတဲ့ပုစွန်တွေဆိုရင် ပြန်လွှတ်ပေးခဲ့တယ်။ သေသွားရင်လည်း ယူလာခဲ့ကြတယ်။ ရေသယံဇာတတွေကို ထိန်းသိမ်းဖို့ စာထုပ်လိုက်ရုံနဲ့ မလုံလောက်ဘူး။ လက်တွေ့လုပ်ဖို့လည်း လိုအပ်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၈ ခုနှစ်များတွင် ကောက်ယူထားသည့် စစ်တမ်းအရ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်နှင့် နှိုင်းယဉ်ပါက ရေပေါ်ငါးသယံဇာတ ၉၀ ရာခိုင်နှုန်း၊ ရေအောက်ငါးသယံဇာတ ၆၀ ရခိုင်နှုန်းခန့် ကျဆင်းလာနေပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထိုသို့ ရေသယံဇာတရှားပါးလာခြင်းမှာ မိရိုးဖလာငါးဖမ်းနည်းထက် စက်ကိရိယာများဖြင့် နည်းစနစ်သစ် ပြောင်းလဲဖမ်းဆီးလာခြင်းတို့ကြောင့် ရေချိုပုစွန်အပါအဝင် ငါးသယံဇာတမျိုးစိတ်များမှာ တစ်နှစ်ထက် တစ်နှစ် ပြုန်းတီးလာခြင်းဖြစ်သည်။
“ငါးဖမ်းသမားတွေဟာ တားမြစ်ချက်ကို တချို့ကလိုက်နာကြတယ်။ တချို့ကတော့ မလိုက်နာကြဘူး။ မလိုက်နာဘူး ဆိုတာကလည်း ကျွန်တော်တို့ ငါးဖမ်းသမားတွေက တစ်နေ့လုပ်မှ တစ်နပ်စားကြရတာကြောင့်လည်း ဖြစ်ပါတယ်”ဟု စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ဦးအောင်ကျော်မိုးက ပြောသည်။
ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်တွင် လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး လက်ရှိတွင် ဒီရေတောများပြုန်းတီးလာခြင်း၊ စည်းကမ်းမဲ့ ငါးဖမ်းဆီးမှု များပြားလာခြင်းတို့ကြောင့် ရေသယံဇာတ ရှားပါးလာမှုများနှင့် ရင်ဆိုင်နေကြရသည်။
#R010