- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာမူဝါဒ၊ အထူးသဖြင့် အေအေမူဝါဒကို ပြန်ညှိသင့်ပြီလား
ရခိုင်ပြည်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခအရှိန်နှင့် အေအေက ဆက်လက် ဆင်နွှဲနိုင်ခြေရှိသည့် ထိုးစစ်များသည် ဘင်္ဂလားဒေ့ရှ်အပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိလာမည်မှာ သံသယဖြစ်စရာ မလိုပေ။ သက်ရောက်မှုများသည် နယ်စပ် မြေပြင်ဧရိယာများ၌သာ မဟုတ်၊ ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြား ဆက်ဆံရေးများအပေါ်တွင်ပါ ရိုက်ခတ်လိမ့်မည်။
18 Mar 2024
[The Diplomat ဆောင်းပါးကို စောသန္တာအေး ကောက်နုတ်ဘာသာပြန်ပါသည်။ ဖော်ပြပါ အချက်အလက်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။]
မြန်မာနိုင်ငံတွင် ကာလရှည်ကြာ ရှိလာခဲ့သည့် ပြည်တွင်းစစ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ညီနောင်မဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကြီး ဆင်နွှဲလိုက်ချိန်၌ အလှည့်အပြောင်းတစ်ရပ် ပေါ်ထွက်လာခဲ့သည်။ ဤစစ်ဆင်ရေး၏ သက်ရောက်မှုကို မြန်မာပြည်တွင်း၌သာ ခံစားရသည်မဟုတ်ပေ။ ပဋိပက္ခ၏ အရှိန်သည် မြန်မာ့အိမ်နီးချင်း နိုင်ငံများအပေါ်တွင်လည်း သက်ရောက်နေပြီး ဒေသတွင်း လုံခြုံရေးကိစ္စရပ် တစ်ခု ဖြစ်လာနေသည်။
ပထဝီအနေအထား နီးစပ်မှုကြောင့်သော်လည်းကောင်း၊ ပါဝင်ပတ်သက်နေသူများ ကြောင့်သော်လည်းကောင်း ဘင်္ဂလားဒေ့ရှ်သည် ရခိုင်ဒေသ ပဋိပက္ခတွင်းသို့ အနှေးနှင့်အမြန် ဆွဲသွင်းခံရမည့် အနေအထား ရှိနေသည်။ မောင်တောဒေသရှိ တောင်ပြိုလက်ယာစခန်း သိမ်းပိုက်ခံရမှုနှင့် မြန်မာစစ်တပ်က လက်တုံ့ပြန်မှုတို့ ဆိုလျှင် တိုက်ပွဲများ ဘင်္ဂလားဒေ့ရှ် တံခါးဝထိ ရောက်လာသည့်အဆင့် ဖြစ်သည်။
မြန်မာ့ပဋိပက္ခ၊ အထူးသဖြင့် ရခိုင်ဒေသမှ ပဋိပက္ခတွင် စစ်အာဏာရှင်နှင့် လက်နက်ကိုင်အုပ်စုများသာမက ဒေသတွင်း အင်အားကြီးနှစ်နိုင်ငံ၏ စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားများလည်း ပါဝင်ပတ်သက်လျက် ရှိသည်။
မြန်မာအစိုးရနှင့် ရှည်ကြာသော ဆက်ဆံရေး ရှိခဲ့သည့် တရုတ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် အာဏာရှင်အစိုးရကိုလည်း ဆက်လက် ကူညီထောက်ပံ့နေသည်။ မြန်မာပြည်တွင်း၌ ၎င်း၏ အကျိုးစီးပွားများ ရှိနေသဖြင့် သတိကြီးကြီးထားကာ ကူညီနေခြင်း ဖြစ်သည်။ အဆိုပါ အကျိုးစီးပွားများ၌ ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူဆိပ်ကမ်းနှင့် တရုတ်ပြည် တောင်ပိုင်းကို ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းနှင့် ရထားလမ်း အစီအစဉ်များ ပါဝင်သည်။ ဤ ၇.၃ ဘီလျံစီမံကိန်းသည် တရုတ်၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်း (BRI) အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။
အခြားတစ်ဘက်၌ အိန္ဒိယသည်လည်း အမေရိကန်ဒေါ်လာ ၄၈၄ သန်း အကုန်ကျခံထားသည့် ကုလားတန် ဘက်စုံစီမံကိန်းကို အကောင်အထည် ဖော်နေသည်။ ဤစီမံကိန်းတွင် ပါဝင်သည့် စစ်တွေရေနက်ဆိပ်ကမ်းသည် ကာလကတ္တားမြို့နှင့် ချိတ်ဆက်ထားသည်။ အိန္ဒိယသည် ဤလမ်းကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကာ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်နှင့် ချင်းပြည်နယ်တို့မှတစ်ဆင့် အိန္ဒိယအရှေ့မြောက်ဘက်ရှိ ကုန်းတွင်းပိတ်ဒေသအထိ ဆက်သွယ်မည်ဖြစ်သည်။
ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်သည် ဤစီမံကိန်း၏ သော့ချက်နေရာတစ်ခု ဖြစ်ကာ အေအေ တပ်ဖွဲ့က ထိန်းချုပ်ထားသည်။ အိန္ဒိယသည် ဤစီမံကိန်းအား စီးပွားရေးအရသာမက မြန်မာအပေါ် တရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ရန်၊ အိန္ဒိယသမုဒ္ဒရာ၏ အရေးပါသည့် အစိတ်အပိုင်းဖြစ်သော ဘင်္ဂလားပင်လယ်အော်တွင်ပါ တစ်နေရာ ဝင်ယူထားရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။
ရခိုင်တွင် အေအေထိုးစစ် အရှိန်မြင့်လာခြင်းသည် အိန္ဒိယ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးစိုးရိမ်ဖွယ်ရာ တစ်ရပ်ဖြစ်သည်။ အိန္ဒိယသည် နယ်စပ်ဒေသ တစ်ဘက်တစ်ချက်တွင် တိုင်းရင်းသားမျိုးနွယ်စုများ ဆက်စပ်နေသည့် မီဇိုရမ်နယ်စပ်တလျှောက်တွင်လည်း ချင်းလက်နက်ကိုင်များနှင့် ပတ်သက်၍ စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ ပဋိပက္ခ အရှိန်မြင့်လာချိန်တည်းက ဒုက္ခသည်များနှင့် မြန်မာစစ်သားများသည် အိန္ဒိယတွင် ခိုလှုံရန်အတွက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ ရှိနေသည်။
အေအေသည် တရုတ်၏ ထောက်ခံအားပေးမှုကို ရရှိထားပြီး တရုတ်အကျိုးစီးပွားများကို အကာအကွယ်ပေးမည် ဟုလည်း ကတိပေးထားသည်ဟု သိရသည်။ အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍မူ အေအေက ထိုသို့ ကတိကဝတ်များ ပေးထားခြင်း မရှိပေ။ တရုတ်က အဆိုပါ EAOs များနှင့် အနီးကပ်ဆက်ဆံရေးများ ရှိထားချိန်၌ အိန္ဒိယကမူ လက်နက်ကိုင်အုပ်စုများကို ဘေးထိုးကာ ရှိသမျှကြက်ဥအားလုံးကို စစ်ကောင်စီခြင်းတောင်းထဲတွင် ထည့်ထားသည်။ ဤအနေအထား၌ အိန္ဒိယသည် အေအေထိုးစစ်များ ရပ်တန့်သွားပြီး စစ်ကောင်စီက အဆိုပါဒေသအတွင်း ပြန်လည်ထိန်းချုပ်လိုက်နိုင်သည့် အခြေအနေကို လိုလားမည်ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သော သုံးလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ၏ အောင်ပွဲများကို ကြည့်ရသလောက်ဆိုလျှင် ၂၀၂၃ အောက်တိုဘာ မတိုင်မီက ရှိခဲ့သည့် အနေအထားကို ပြန်ရောက်ရန်မှာ ဖြစ်နိုင်ခြေမရှိလှပေ။ ရခိုင်တွင်သာမက ချင်းနှင့် ရှမ်းပြည်နယ်များတွင်ပါ ပြန်ရောက်ရန် မလွယ်တော့ပေ။
ရခိုင်ပြည်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခအရှိန်နှင့် အေအေက ဆက်လက် ဆင်နွှဲနိုင်ခြေရှိသည့် ထိုးစစ်များသည် ဘင်္ဂလားဒေ့ရှ်အပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိလာမည်မှာ သံသယဖြစ်စရာ မလိုပေ။ သက်ရောက်မှုများသည် နယ်စပ် မြေပြင်ဧရိယာများ၌သာ မဟုတ်၊ ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြား ဆက်ဆံရေးများအပေါ်တွင်ပါ ရိုက်ခတ်လိမ့်မည်။ မြန်မာကလည်း အနီးကပ် စောင့်ကြည့်နေမည်မှာ သေချာသည်။ တရုတ်နှင့် အိန္ဒိယတို့သည်လည်း ရခိုင်တွင် အကျိုးစီးပွားများ ရှိကြသည်သာမက ဘင်္ဂလားဒေ့ရှ်နှင့်ပါ အနီးကပ်ဆက်ဆံရေး ရှိထားကြသည်ဖြစ်ရာ ထိုနိုင်ငံများကလည်း သတိထားစောင့်ကြည့်နေကြမည် ဖြစ်လေသည်။
အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခမီးကြောင့် ဒေသတွင်း လုံခြုံရေးစိန်ခေါ်ချက်များ ပေါ်ထွက်လာမည်ကို စိုးရိမ်နေသည်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်းညွှန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ် အိုင်လင်းလော်ဘာချာ (Eileen Laubacher) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ မကြာသေးမီက ဘင်္ဂလားဒေ့ရှ် ခရီးစဉ်သည် ဤအချက်ကို ရှင်းရှင်းလင်းလင်း ထင်ဟပ်နေသည်။ ဘင်္ဂလားဒေ့ရှ်အရာရှိများနှင့် တွေ့ဆုံမှုများအတွင်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးထားပြောကြားခဲ့သည်။
ဤနောက်အခံ အခင်းအကျင်းများကြောင့် ဘင်္ဂလားဒေ့ရှ်သည် နည်းလမ်းအများအပြားကို လေ့လာကာ မြန်မာအပေါ်၊ အထူးသဖြင့် အေအေအပေါ် ထားရှိသည့် ၎င်း၏ မူဝါဒကို ပြန်လှန်ချိန်ညှိသင့်ပြီလား ဆိုသည်ကို တွက်ဆရန် လိုအပ်လာသည်။ ယခုအခြေအနေအရ ဘင်္ဂလားဒေ့ရှ်တွင် ရွေးချယ်စရာပုံစံ သုံးမျိုး ပေါ်ထွက်လာသည်။ လက်ရှိအတိုင်း ပိုနေမြဲကျားနေမြဲ ဆက်ထိန်းထားရန်၊ အေအေနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ရှေ့တက်လာသည့် အေအေကို ကန့်သတ်ထိန်းချုပ်နိုင်မည့် ရပ်တည်မှုတစ်ရပ် ကြိုတင်ထားရှိရန်တို့ ဖြစ်သည်။
■ ပိုနေမြဲကျားနေမြဲလား
မကြာသေးမီကာလအတွင်း ဖြစ်ထွန်းပြောင်းလဲမှုများ ရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘက်မလိုက်ဟု ယူဆရသည့် မူဝါဒတစ်ရပ်ကို ဆက်လက်ကျင့်သုံးနေသည်။ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်းသို့ မြန်မာစစ်တပ်ဘက်က ကျူးကျော်ဝင်ရောက်မှုများကိုလည်း သာမန်ကာလျှံကာ ဆန့်ကျင်ကန့်ကွက်ရုံမျှသာ လုပ်ဆောင်လျက်ရှိသည်။ မြန်မာစစ်အစိုးရသည် ရခိုင်အပြင် အခြားပြည်နယ် အချို့ကိုပါ လက်လွတ်ဆုံးရှုံးရလျှင်သော်မှ ကျဆုံးမည့်ပုံ အပေါ်ပေ။ ဤအနေအထား၌ ဘင်္ဂလားဒေ့ရှ်၏ မူဝါဒမှာ တစုံတရာ ထူးထူးခြားခြား ရှိမနေပေ။ သို့သော်လည်း အခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ ရခိုင်ဘက်မှ ဒုက္ခသည် လှိုင်းအသစ်တစ်ရပ် ဘင်္ဂလားဒေ့ရှ်သို့ ရောက်လာနိုင်ခြေ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်ကတော့ လက်ခံလိုသည့်ဆန္ဒ ရှိမနေပေ။ ဤဒုက္ခသည်များကို အင်အားသုံးပြီး တားမြစ်လျှင် အခက်အခဲ ကြုံရနိုင်သလို နယ်စပ်အခြေအနေကိုလည်း ပိုမိုဆိုးရွားသွားစေမည် ဖြစ်သည်။
ဆိုခဲ့ပါ အခြေအနေမျိုး၌ ပိုနေမြဲကျားနေမြဲပုံစံဖြင့် ရပ်တည်ခြင်းသည် အဆီအငေါ်မတည့် ဖြစ်လာလျက်ရှိသည်။ ဤနည်းလမ်းက အခြားသော ပါဝင်လှုပ်ရှားသူများ၊ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယတို့အတွက် တနည်းနည်းဖြင့် ကျေနပ်အားရစရာ ဖြစ်နေသည်။ သို့သော်လည်း အေအေကို ဘင်္ဂလားဒေ့ရှ်က လျစ်လျူရှုထားသည့်ပုံစံ ဖြစ်သော ဤမူဝါဒဖြင့် စခန်းဆက်ခြင်းသည် အေအေ၏ အကျိုးစီးပွားများအတွက် အဆုံးအဖြတ်ပေးစရာ ဖြစ်လာနိုင်ပြီး မကြေမလည် ဆက်ဆံရေးတစ်ရပ် ပေါက်ဖွားကာ လာမည့်လများအတွင်း ပြဿနာများ ပိုမိုထွက်ပေါ်လာစေနိုင်ခြေ ရှိနေသည်။
■ အေအေနှင့် ဆက်ဆံရေး ထူထောင်မည်လား
ဒုတိယနည်းလမ်းမှာ ဖြစ်နိုင်ခြေရှိသည့် အနာဂတ် ဆက်ဆံရေးများအတွက် လမ်းခင်းနိုင်ရန် အေအေ၊ NUG တို့နှင့် တရားဝင်အဆက်အသွယ်များ ထူထောင်ခြင်းဖြစ်သည်။ လက်နက်ကိုင်တပ်များသည် ‘ဝ’ ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ရပ် ထူထောင်နိုင်ခြေ ရှိနေသည်။ ‘ဝ’ သည် ရှမ်းပြည်တွင် အဆိုပါပုံစံဖြင့် ဒေသတစ်ရပ် ထူထောင်ထားခြင်း ဖြစ်ကာ စစ်အစိုးရကလည်း တရားဝင် အသိအမှတ်ပြုထားသည်။ အေအေနှင့် ၎င်း၏ နိုင်ငံရေးတောင်ပံ ULA သည် မရှိမဖြစ် အရေးပါသည့် အင်အားစုတစ်ရပ် ဖြစ်လာနေသည်မှာ ငြင်းမရသည့် အနေအထား ဖြစ်သည်။
အေအေနှင့် ထိတွေ့ဆက်ဆံခြင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် နေပြည်တော်အစိုးရအကြား ယခင်က ရှိထားသည့် ဆက်ဆံရေးကို ထိခိုက်စေမည်။ သို့သော်လည်း လုံခြုံရေးကိစ္စရပ်များအတွက် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံမဟုတ်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းသည် လုံးလုံးလျားလျား မျှော်လင့်မထားသည့် ခြေလှမ်းတစ်ရပ်တော့ မဟုတ်ပေ။
အေအေနှင့် ထိတွေ့ဆက်ဆံခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် စိတ်ပူရမည်မှာ မြန်မာအစိုးရသာမဟုတ်၊ အိန္ဒိယ၏ တုံ့ပြန်မှုလည်း ပါသည်။ အိန္ဒိယနှင့် အေအေသည် အပြန်အလှန် မယုံကြည်သည့် သမိုင်းရှည်ကြီး ရှိထားသည်။ အေအေ၏ အောင်မြင်မှုအပေါ် အိန္ဒိယက ဟက်ဟက်ပက်ပက် မရှိလှသည်ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်၏ ကြိုးပမ်းမှုများသည်လည်း တရုတ်နှင့် တန်းတူထား ရှုမြင်ခံရနိုင်သည်။ အိန္ဒိယသည် ဟာဆီနာ အစိုးရ၏ ပင်မဒေါက်တိုင် ဖြစ်နေရာ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ထိုကဲ့သို့ ခြေလှမ်းမျိုး လှမ်းမည့်ပုံတော့ မရှိလှပေ။
ဘင်္ဂလားဒေ့ရှ်သည် ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းမည့် ပူးတွဲမဟာဗျူဟာတစ်ရပ် ရေးဆွဲရန် အိန္ဒိယနှင့် ပူးပေါင်း လုပ်ဆောင်နေသည်ဟု ပြောကြသည်။ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အာဂျစ်ဒိုဗား ဒါကာသို့ ခဏတာအလည်အပတ် ရောက်ရှိစဉ် ဘင်္ဂလားဒေ့ရှ် အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်၏ နယူးဒေလီခရီးစဉ် တို့သည် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများကို ညွှန်ပြနေသည်။ ဤသည်မှာ အိန္ဒိယ၏ စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားများအတွက် အကျိုးရှိစေသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်အတွက်ကား အေအေကို ဖယ်ထုတ်လိုက်ခြင်းကြောင့် ရခိုင်ရှိ အင်အားစုများနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ရနိုင်ခြေ ရှိသလို လတ်တလော ရှေ့အနာဂတ် သို့မဟုတ် ရေရှည်တွင် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး ကိစ္စရပ်ကိုလည်း ထိခိုက်နိုင်ပေသည်။
■ စစ်ကောင်စီနှင့် ပေါင်းမည်လား
နယ်စပ်အခြေအနေများ ပိုပို၍ မငြိမ်မသက် ဖြစ်လာနေချိန်၌ ဘင်္ဂလားဒေ့ရှ်အတွက် တတိယမြောက် ရွေးချယ်စရာ နည်းလမ်းမှာ ရှေ့တက်လာသည့် အေအေကို ကန့်သတ်ထိန်းကွပ်နိုင်ရေး အတွက် မြန်မာအစိုးရနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။ ဤနည်းလမ်းက ရခိုင်ပဋိပက္ခကို ဘင်္ဂလားဒေ့ရှ်နှင့် အေအေအကြား တိုက်ပွဲအဖြစ် အသွင်ပြောင်းသွားစေနိုင်သည်။ မွတ်ဆလင် ဒုက္ခသည်များသည်လည်း ပဋိပက္ခတွင် အတိအလင်း ဝင်ပါလာနိုင်သည်။ ဤလုပ်ရပ်မျိုးသည် ဒေသတွင်း၌ နိုင်ငံများအချင်းချင်း သာမက နိုင်ငံများနှင့် နိုင်ငံမဟုတ်သည့် အုပ်စုများ အချင်းချင်းပါ ရင်ဆိုင်တိုက်ခိုက်ကြသည့် သုံးနားပြိုင် စစ်ပွဲတစ်ရပ် ပေါ်ထွက်လာနိုင်သည်။ ဤသည်က ဘင်္ဂလားဒေ့ရှ်အတွက် အန္တရာယ်များသော လမ်းကြောင်းဖြစ်သည်။ အိန္ဒိယ၊ တရုတ်နှင့် အမေရိကန်တို့က ဤအခြေအနေမျိုးကို ထောက်ခံမည်မဟုတ်သည် ကိုလည်း နားလည်၍ ရနိုင်သည်။
ဆိုခဲ့ပါ လမ်းကြောင်းသုံးခုဖြင့် ဘင်္ဂလားဒေ့ရှ်သည် ပြောင်းလဲနေသည့် အခြေအနေနှင့် ပဋိပက္ခတွင် ဝင်ပါနေသည့် အုပ်စုများအပေါ် လက်ရှိချဉ်းကပ်မှုပုံစံကို ပြန်လှန်သုံးသပ်ရန် လိုအပ်လျက်ရှိသည်။ ဤသို့ ဆောင်ရွက်ရာ၌ ဒါကာသည် နိုင်ငံအတွက် အကောင်းဆုံး အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားကာ တက်တက်ကြွကြွ လိုက်နာဆောင်ရွက်ရန် လိုသည်။ အခြေအနေများသည် မြန်မြန်ဆန်ဆန် ပြောင်းလဲနေပြီး နောက်ကျမကျန်ရေးအတွက် ပြေးလိုက်ရမည့် အခိုက်အတန့် ဖြစ်လေသည်။
[The Diplomat တွင်ဖော်ပြထားသည့် Should Bangladesh Recalibrate Its Myanmar Policy, Especially Toward the Arakan Army? ဆောင်းပါးကို စောသန္တာအေး ကောက်နုတ် ဘာသာပြန်ပါသည်။]