အကူအညီ လိုအပ်နေတဲ့ နိုင်ငံမဲ့ဘဝတွေ

တာ့ခ်ခရိုင် အခြေခံပညာရေး ဝန်ဆောင်မှုရုံး အမှတ် ၂ (PESAO 2) ရဲ့ လက်အောက်မှာရှိတဲ့ ဒီလို သင်ကြားရေးစင်တာ စုစုပေါင်း ၆၀ ကျော်ရှိပါတယ်။ ဒီစင်တာတွေဟာ မြန်မာကလေးငယ်တွေအတွက် အခြေချရာနေရာတစ်ခု အဖြစ် ရှိနေတာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပါပြီ။

By Admin 10 Mar 2024

ထိုင်း-မြန်မာ နယ်စပ်အနီး တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ စာသင်ခန်းတစ်ခု၌ တွေ့ရသည့် မြန်မာကလေးငယ်နှစ်ဦး။
ထိုင်း-မြန်မာ နယ်စပ်အနီး တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ စာသင်ခန်းတစ်ခု၌ တွေ့ရသည့် မြန်မာကလေးငယ်နှစ်ဦး။

[Bangkok Post တွင်ဖော်ပြထားသည့် Stateless, but still in need of help ကို ဘာသာပြန်ဆိုပါသည်။]

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာရှိတဲ့ ရွှေ့ပြောင်းအခြေချသူများအတွက် သင်ကြားရေးစင်တာများ (The Migrant Learning Centers - MLCs) မှာ ပညာသင်ယူနေတဲ့ ကျောင်းသားစုစုပေါင်း ၁၅၁၃၉ ဦးရှိနေပါတယ်။ ဒီကျောင်းသားတွေရဲ့ နေထိုင်ရမှု အခြေအနေတွေ ချို့တဲ့လာနေတဲ့အတွက် အရေးပေါ်အကူအညီတွေ ပေးအပ်ကြဖို့ စင်တာတွေက တောင်းဆိုထားပါတယ်။

စာနာမှုအကူအညီပေးရေး အေဂျင်စီတွေနဲ့ နိုင်ငံတကာ အလှူရှင်တွေက ကူညီထောက်ပံ့နေကြတဲ့ တစ်ချိန်တည်းမှာပဲ ဒီစင်တာတွေမှာ ကလေးအရေအတွက်ဟာ ပိုများလာနေပြီး စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲပါ။

တာ့ခ်ခရိုင် အခြေခံပညာရေး ဝန်ဆောင်မှုရုံး အမှတ် ၂ (PESAO 2) ရဲ့ လက်အောက်မှာရှိတဲ့ ဒီလို သင်ကြားရေးစင်တာ စုစုပေါင်း ၆၀ ကျော်ရှိပါတယ်။ ဒီစင်တာတွေဟာ မြန်မာကလေးငယ်တွေအတွက် အခြေချရာနေရာတစ်ခု အဖြစ် ရှိနေတာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပါပြီ။

ဒီကလေးတွေဟာ သူတို့ရဲ့ မိဘတွေနဲ့အတူ ကိုဗစ်ကပ်ဘေး၊ ပြည်တွင်းစစ်ပဋိပက္ခ စတဲ့ ဖြစ်ရပ်တွေကြောင့် နေရပ်စွန့်ခွာပြီး ထိုင်းနိုင်ငံထဲကို ဝင်လာကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ ပညာရေး၊ အစားအစာနဲ့ ခိုလှုံရာအမိုးအကာ ထောက်ပံ့ပေးတဲ့ MLC စင်တာတွေကို ရောက်ရှိလာကြပါတယ်။

မကြာသေးမီက ဘန်ကောက်ပို့စ်သတင်းဌာနရဲ့ သတင်းထောက်တစ်ယောက်ဟာ ယူနက်စကိုက စီစဉ်တဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်တစ်ရပ်အတွင်း MLC စင်တာတစ်ချို့ကို လိုက်ပါလေ့လာပြီး စင်တာ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။

တာဝန်ရှိသူတွေရဲ့ အပြောအရတော့ သူတို့ရဲ့ အကြီးမားဆုံး ပူပင်သောကဟာ ရန်ပုံငွေလို့ ဆိုပါတယ်။ ရန်ပုံငွေလျော့နည်းလာရင် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်မယ်၊ စာသင်ခန်းတွေမှာ ကျောင်းသားတွေ ပြည့်ကျပ်လာတာ၊ နေရာထိုင်ခင်း လုံခြုံသန့်ရှင်းမှု မရှိတော့တာတွေ ဖြစ်လာတော့မှာပါ။ စင်တာအချို့မှာဆိုရင် လျှပ်စစ်မီးမရရှိကြသလို ဝေးလံခေါင်သီတဲ့ နေရာတွေမှာ ရှိနေကြတာ ဖြစ်ပါတယ်။

“ဘယ်သူမှ လာမကူရင်တော့ ကလေးတွေဟာ အခက်အခဲနဲ့ ကြုံကြရပါလိမ့်မယ်။ စင်တာတစ်ချို့မှာ လျှပ်စစ်မီး သွယ်ပေးထားတယ် ဆိုပေမဲ့လည်း မီတာဖိုးက မတတ်နိုင်ကြပြန်ဘူး။ လျှပ်စစ်မီးမရှိရင် အစားအစာတွေ သိမ်းထားလို့မရဘူး၊ ရေတင်လို့မရဘူး” လို့ MLC ကျောင်းအုပ်ကြီးတစ်ဦးက ပြောပါတယ်။ 

“တစ်ချို့ရက်တွေ၊ အထူးသဖြင့် နေရောင်မရှိတဲ့ မိုးတွင်းတွေမှာဆိုရင် စင်တာတစ်ခုလုံးက မှောင်မည်းနေတာပဲ” လို့လည်း သူက ဆိုပါတယ်။

MLC စင်တာအများစုမှာ မိုးရေသိုလှောင်ဖို့နဲ့ မြေအောက်ရေ ခပ်ယူဖို့အတွက် ရေတွင်းတွေ ရှိကြပါတယ်။ ဒီရေတွေဟာ တခါတခါမှာတော့ ညစ်ကျိကျိနဲ့ပါ။ ဒီရေတွေမှာ ပတ်ဝန်းကျင်လယ်ကွင်းတွေက အသုံးပြုနေကြတဲ့ ပိုးသတ်ဆေးတွေ ပါဝင်နိုင်တဲ့အတွက် သုံးစွဲတာ အန္တရာယ်ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ခြောက်သွေ့ရာသီတွေမှာ ဆိုရင် ရေတွင်းတွေဟာ ခန်းခြောက်သွားနိုင်တဲ့အတွက် ကလေးတွေဟာ မြစ်ထဲမှာ ရေချိုးကြရပါတယ်။

MLC ကို ရောက်လာတဲ့ ကျောင်းသားအရေအတွက်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာ အထူးမြင့်တက်သွားခဲ့ပါတယ်။

တစ်ချို့နေရာတွေမှာဆိုရင် စာသင်ခန်းကြီးတစ်ခန်းမှာ အသက် ၂ နှစ်နဲ့ ၁၈ နှစ်ကြား ကျောင်းသား ၁၅၀ ကျော်အထိ အတူတကွ သင်ကြရပါတယ်။ စင်တာတစ်ခုမှာဆိုရင် ကျောင်းသား ၃၂၇ ဦးကို ဆရာ ၁၄ ယောက်တည်းနဲ့ သင်ကြားနေကြရတာပါ။ ကျောင်းသားအရေအတွက် မတန်တဆ များပြားနေတဲ့ အခြေအနေတွေကြောင့် နေရာငှားရမ်းခနဲ့ အထွေထွေစရိတ်တွေ အပါအဝင် အခြေခံဝန်ဆောင်မှုတွေအတွက် ကုန်ကျစရိတ်တွဟာ ထိုးတက်သွားပါတယ်။

နေရာမလုံလောက်မှုကြောင့် အချို့ကျောင်းသားတွေဟာ စားသောက်ရာနေရာတွေ၊ မီးဖိုချောင်တွေမှာ သူတို့အတွက် ဆရာတွေက ချက်ပြုတ်ပေးနေတဲ့ တစ်ချိန်တည်းမှာ စာသင်နေကြရတာတွေလည်း ရှိပါတယ်။

လူပြည့်ကျပ်နေတဲ့ နေရာတွေမှာ ရောဂါတွေလည်း အလွယ်တကူပဲ ကူးစက်ပါတယ်။ မကြာသေးခင်ကပဲ ကျောင်သား ၁၀ ယောက် ရေကျောက်ကူးစက်ခံခဲ့ရသေးတယ်လို့ MLC စင်တာတစ်ခုက တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီကျောင်းသားတွေမှာ စာရွက်စာတမ်း အထောက်အထားတွေ မရှိတဲ့အတွက် သူတို့ကို ဆေးရုံမတင်နိုင်ခဲ့ပါဘူး။ တချို့ကို လူမှုရေးဆေးခန်းတချို့မှာ ကုပေးခဲ့ရပြီး တချို့ကိုတော့ မြန်မာဘက်မှာ ဆေးကုဖို့ ပြန်ပို့လိုက်ရပါတယ်။

ထိုင်း-မြန်မာ နယ်စပ်အနီး တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ ရွှေပြောင်းနေထိုင်သူများ ပညာသင်ကြားရေး စင်တာ (MLC) သို့ အဝင် ရွှံ့နွံထူထပ်သည့်လမ်း။ 

MLC ကဆရာအများစုဟာ စာသင်ခြင်းကနေ ချက်ပြုတ်ခြင်းအထိ တာဝန်တွေ သုံးလေးမျိုးယူထားရပါတယ်။ ဆရာအများအပြားဟာ ပြည်ပအလှူရှင်တွေဆီကနေ လစာရကြတာပါ။ စင်တာအချို့က ဆရာတွေက ကံကောင်းပြီး အလှူရှင်တွေ ထောက်ပံ့ထားတဲ့ ရန်ပုံငွေကနေ လစာရကြပေမယ့် အချို့ကတော့ ကိုယ့်ဝမ်းကိုယ်ကျောင်းကြရပါတယ်။

လစာမရရှိဘဲ အလုပ်လုပ်နေကြတဲ့ ဆရာတချို့လည်း ရှိပါတယ်။ ပုံဆွဲတော်တဲ့ ဆရာတစ်ယောက်ဆိုရင် စင်တာအတွက် ထောက်ပံ့နိုင်ဖို့ သူ့လက်ရာတွေကို ရောင်းချတာမျိုးလည်း ရှိပါတယ်။

အခက်အခဲတွေ ရှိနေပေမယ့် MLC ဝန်ထမ်းတွေကတော့ စိတ်ဓာတ်ခိုင်မာဆဲ ဖြစ်သလို ဆရာတစ်ယောက် အဖြစ်သာမက အုပ်ထိန်းသူ၊ ထမင်းချက်၊ စက်ပြင်၊ တခါတခါ ဆရာဝန်အဖြစ်ပါ ကလေးတွေအတွက် တာဝန်ယူနေကြဆဲပါ။ 

“သူတို့ကို ပိုအဆင့်မြင့်တဲ့ ပညာရေးသင်ယူပြီး အသိဉာဏ်ကြွယ်ဝစေချင်တယ်” လို့ ဆရာတစ်ယောက်က ဆိုပါတယ်။

“ကျွန်တော်တို့တိုင်းပြည်ကို ရောက်လာချိန်မှာ သူတို့ကို စောင့်ရှောက်ရမယ်၊ မဟုတ်ရင် နောက်ဆက်တွဲ  ပြဿနာတွေ အများကြီး ကြုံရမှာ” လို့လည်း သူကဆိုပါတယ်။

“ကျွန်တော်တို့နိုင်ငံထဲမှာ အေးအေးချမ်းချမ်း နေခွင့်ရအောင် လုပ်ပေးနိုင်မယ်ဆိုရင် သူတို့ဟာ အနာဂတ်မှာ မြန်မာနဲ့ ထိုင်းနိုင်ငံအကြား ပိုကောင်းတဲ့ ဆက်ဆံရေးအတွက် ပေါင်းကူးတံတားကြီးတစ်ရပ် ဖြစ်လာမှာပါ” လို့လည်း ဒီဆရာက ပြောပါတယ်။

■ ယူနက်စကိုရဲ့ အခန်းကဏ္ဍ

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ဟာ မြန်မာပြည်က ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချ ကလေးတွေအတွက် ထိုင်းခရိုင်တာဝန်ရှိသူတွေ၊ MLC စင်တာတွေနဲ့အတူ ပူးတွဲထောက်ပံ့သူအဖြစ် ရှိနေတာ ၁၀ နှစ်နီးပါး ကြာပါပြီ။

“ဒီကလေးတွေရဲ့ ပညာသင်ကြားပိုင်ခွင့်ကို အာမခံပေးနိုင်ရေးဟာ သူတို့တွေ ကျောင်းမှာရှိစဉ် တည်ငြိမ်ရေး၊ လုံခြုံရေးလည်းပဲ ဖြစ်ပါတယ်” လို့ ယူနက်စကိုရဲ့ စီမံခန့်ခွဲရေးရုံး အကြီးအကဲ ရီကာယိုရိုဇုက ပြောပါတယ်။

“သူတို့တွေကို ကလေးသူငယ် လူကုန်ကူးမှု၊ ကလေးတွေကို အလုပ်ခိုင်းစေမှု တို့အပါအဝင် နယ်စပ်တလျှောက် အမြတ်ထုတ်ခံရခြင်း ကနေ အကာအကွယ်ပေးရပါမယ်။ ကလေးတိုင်းဟာ ပညာသင်ကြားခွင့်၊ တခြားကလေးငယ်တွေနဲ့အတူ စိတ်လုံခြုံမှု ခံစားခွင့်တို့ ရရှိအောင် လူ့အသိုင်းအဝိုင်းအနေနဲ့ အာမခံပေးရပါမယ်” လို့ သူကပြောပါတယ်။

“ပညာသင်ကြားပိုင်ခွင့်မှာ ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစနစ် ထောက်ပံ့ပေးခြင်းလည်း ပါဝင်ပါတယ်” လို့ ရီကာယိုရိုဇုက ဆိုပါတယ်။

ယူနက်စကိုဟာ လက်ရှိမှာ MLC စင်တာ ၆၄ နေရာအတွက် တကိုယ်ရေသန့်ရှင်းရေးကို ကူညီထောက်ပံ့ထားနိုင်ပေမယ့် အစားအစာကတော့ စင်တာ ၂၀ အထိပဲ ထောက်ပံ့နိုင်ပါတယ်။

တာ့ခ်ခရိုင်က MLC စင်တာတွေမှာ အာဟာရပြည့်ဝတဲ့ ကျောင်းတွင်း ထမင်းဟင်းတွေ ကျွေးမွေးနိုင်ရေးအတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာညီလာခံမှာ တင်ပြခဲ့ပြီး အရေးပေါ် တောင်းဆိုချက်အဖြစ် လက်ခံဆွေးနွေးခဲ့ကြတယ်လို့ မစ္စယိုရိုဇုက ပြောပါတယ်။

ရလဒ်အနေနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၂.၁ သန်း ရန်ပုံငွေထောက်ပံ့ပေးဖို့ ကတိပေးခဲ့ပါတယ်။ တာ့ခ်ခရိုင်မှာရှိတဲ့ MLC စင်တာတွေအတွက် ယူနက်စကိုက PESAO 2 နဲ့ ပူးပေါင်း အကောင်အထည်ဖော်တဲ့ အရေးပေါ်အစီအစဉ်ရဲ့ ပညာရေးကဏ္ဍမှာ ကူညီမှာဖြစ်ပါတယ်။   

“ကျွန်မတို့အနေနဲ့ စိစစ်ပြီးလုပ်ရတယ် ဆိုပေမယ့် ကျွန်မတို့ရဲ့ ပရောဂျက်ကတစ်ဆင့် ပညာရေးဝန်ကြီးဌာနအထိ ရောက်ရှိနိုင်ဖို့ကို ကြိုးပမ်းနေကြပါတယ်။ ဒါမှလည်း ဒီခရိုင်မှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကို သူတို့နားလည်နိုင်မှာ ဖြစ်ပါတယ်” လို့ ယိုရိုဇုက ပြောပါတယ်။

စာသင်ခန်းတွေပိုမိုတိုးချဲ့ပြီး တကိုယ်ရေသန့်ရှင်းရေး လိုအပ်ချက်တွေဖြည့်ဆည်းတာနဲ့ ခေါင်မိုးတွေ တပ်ဆင်တာတွေ လုပ်သွားမှာပါ။ စာသင်သား ပြည့်ကျပ်တာနဲ့ ဆရာငှားရမ်းရေးအပေါ် ဖိလားများလာတာတွေကို လျှော့ချဖို့အတွက် သင်ကြားရေးအထောက်အကူတွေ ပံ့ပိုးနိုင်မယ့် ဒီဂျစ်တယ်စာသင်ကျောင်းတစ်ခုအတွက် အစီအစဉ်တွေလည်း စတင်နေပါပြီ။

“ဒီ MLC စင်တာတွေအတွက် အသေးစိတ်အကူအညီတွေ ထောက်ပံ့နိုင်ဖို့ ကျွန်မတို့ ကြိုးပမ်းသွားမှာပါ။ ဒီဂျစ်တယ်စာသင်ကျောင်းကို တိုးချဲ့မယ့် တစ်ချိန်တည်းမှာပဲ ဒီနေရာတွေမှာ အခြေခံလိုအပ်ချက်တွေကို အရင် အာမခံပေးနိုင်ဖို့ လိုအပ်ပါတယ်” လို့လည်း ယိုရိုဇုက ပြောပါတယ်။

ဒီကလေးတွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရပြီးနောက်မှာ ယိုရိုဇုဟာ MLC စင်တာတွေမှာရှိတဲ့ ကလေးတွေ၊ စင်တာမှာ တစ်နေရာစာ မရနိုင်ကြသေးတဲ့ ကလးတွေရဲ့ ဆင်းရဲဒုက္ခတွေကို လူမှုအသိုင်းအဝိုင်းကို အသိပေးလိုတဲ့ဆန္ဒ ဖြစ်ပေါ်လာခဲ့တာပါ။

“ကြားဝင်ဆောင်ရွက်မှုတွေ ရပ်သွားချိန်မှာ စာနာမှုအကူအညီတွေလည်း ရပ်သွားတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါကို ကျွန်မတို့ စိုးရိမ်ပါတယ်။ MLC စင်တာတွေဟာ အလှူရှင်တွေအပေါ်မှာ မှီခိုနေရတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီတွေ ထပ်ရလာဖို့ ကျွန်မမျှော်လင့်ပါတယ်” လို့ ယိုရိုဇုက ပြောပါတယ်။

ယိုရိုဇုရဲ့ အပြောအရ တာ့ခ်ခရိုင်နဲ့ ရွှေ့ပြောင်းနေထိုင်သူများ ပညာရေး ပူးပေါင်းဆောင်ရွက်မှု စင်တာတို့ရဲ့ လုပ်ရပ်ဟာ အတော်ကောင်းတယ်လို့ ဆိုပါတယ်။ ဒီကလေးငယ်တွေရဲ့ ပညာသင်ပိုင်ခွင့်ကို အသိအမှတ်ပြုတာ၊ သူတို့ကို ထောက်ပံ့ပေးနိုင်ဖို့ ပုဂ္ဂလိက ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရကိုလည်း ယိုရိုဇုက အသိအမှတ်ပြုပါတယ်။

ဒါပေမဲ့ အကောင်းဆုံးအဖြေဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့နဲ့ ဒီမိုကရေစီပြန်ရဖို့ ဖြစ်ပါတယ်။ ဒါမှလည်း ကလေးတွေဟာ သူ့အိမ်သူ ပြန်နိုင်မှာ၊ MLC မှာ စတင်ခဲ့တဲ့ လေ့လာမှုတွေကို ဆက်လက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။

“အခြားသော ကုလအေဂျင်စီတွေလည်း ရှေ့ထွက်လာပြီး ကျွန်မတို့နဲ့ အတူတူလုပ်ဆောင်ကြဖို့ မျှော်လင့်ပါတယ်။ ဒါက စာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်နေလို့ပါ” လို့ ယိုရိုဇုက ဆိုပါတယ်။

ဗီဒီယိုများ