အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး အင်ဒိုနီးရှားမှာ ကျင်းပ

အရှေ့တောင်အာရှ နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးချုပ်များသည် အင်ဒိုပစိဖိတ်ဒေသရှိ အခြားသော အရေးပါသူများနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ၌ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 15 Nov 2023

ဓာတ်ပုံ - ASEAN
ဓာတ်ပုံ - ASEAN

အရှေ့တောင်အာရှ နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးချုပ်များသည် အင်ဒိုပစိဖိတ်ဒေသရှိ အခြားသော အရေးပါသူများနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ၌ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ စတင်သည့် နှစ်ပတ်လည် အစည်းအဝေးသည် အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတွင် တင်းမာမှုများ အထူးမြင့်တက်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ထို့အပြင် တရုတ်နှင့် အငြင်းပွားနေရသည့် တောင်တရုတ်ပင်လယ် ရေပြင်အရေး၌လည်း တင်းမာမှုများ မြင့်တက်နေချိန်ဖြစ်သည်။ အဆိုပါရေပြင်၌ တရုတ်သည် အမေရိကန်က ကျောထောက်နောက်ခံ ပေးထားသလို ဂျပန်နှင့်လည်း စစ်ရေးဆက်ဆံမှုများ မြှင့်တင်လျက်ရှိသည့် ဖိလစ်ပိုင်အပေါ် ရန်လိုမုန်းထား အပြုအမူထား ဆောင်ရွက်နေသည်ဟု စွပ်စွဲခံထားရသည်။

အစည်းအဝေး တက်ရောက်မည့်သူများကို အာဆီယံဥက္ကဌ အင်ဒိုနီးရှားက အတည်မပြုသေးသော်လည်း ဗုဒ္ဓဟူးနေ့ တက်ရောက်မည့်သူများစာရင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်လည်း ပါဝင်နေသည်။

ယခုတွေ့ဆုံမှုသည် ကြာသပတေးနေ့အထိ ကြာမြင့်မည်ဖြစ်ကာ ရုရှား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နယူးဇီလန်နှင့် သြစတြေးလျတို့မှလည်း တက်ရောက်ကြမည် ဖြစ်သည်။

အာဆီယံနိုင်ငံများ စုစုပေါင်း လူဦးရေသည် သန်းပေါင်း ၆၆၀ ခန့်ရှိပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃.၂ ထရီလျံကျော် တန်ဖိုးရှိသည်။ ဝါရှင်တန်နှင့် ဘေဂျင်းသည် အာဆီယံကို အလေးထား ဆက်ဆံမှုများ ပြုလုပ်လျက်ရှိကာ ၎င်းတို့၏ ပြိုင်ဆိုင်မှုများကြောင့် အာဆီယံနိုင်ငံများအကြားတွင် စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လျက်ရှိသည်။

ယခုအစည်းအဝေး၌ ဂါဇာနှင့် ယူကရိန်း ပဋိပက္ခများ၊ အငြင်းပွားရေပြင်တွင် ဖိလစ်ပိုင်၏ ထောက်ပို့အစီအစဉ်များကို တရုတ်က ပိတ်ဆို့နှောင့်ယှက်မှုများနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးနိုင်ခြေရှိသည်ဟု စင်္ကာပူရှိ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျုမှ သုတေသီတစ်ဦးဖြစ်သူ အေရွန်ကော်နယ်လီက ပြောကြားသည်။

“ဒီဖိုရမ်က ပထဝီနိုင်ငံရေး ဆောင်ရွက်ချက်ကြီးတွေကို အဖြေရှာကြတဲ့ နေရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Second Thomas Shoal ကျောက်တန်းအရေး၊ အစ္စရေး-ဟားမက်စ်အရေးနဲ့ ယူကရိန်းအရေး ဆွေးနွေးချက်တွေကို အမေရိကန်နဲ့ တရုတ်တို့ဆီက ကြားရမယ်လို့ မျှော်လင့်ရပါတယ်” ဟု သူကပြောကြားသည်။

တရုတ်ကာကွယ်ရေးဝန်ကြီးသည် ပြီးခဲ့သည့် အောက်တိုဘာလကမှ ရာထူးမှ ဖယ်ရှားခံထားရသည်ဖြစ်ရာ သူ့နေရာကို မည်သူတက်ရောက်မည်ကို တိတိပပ မသိရသေးပေ။

ဗီဒီယိုများ