မြန်မာ့ပဋိပက္ခကို အီးယူနဲ့အာဆီယံ ပူးပေါင်းဖြေရှင်းသင့်
အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က “ရဲရင့်ခိုင်မာတဲ့ ဆုံးဖြတ်ချက်” တွေလိုအပ်ကြောင်း ဇူလိုင်လမှာ အသိအမှတ်ပြုပြောကြားခဲ့ပြီး “နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်တပ်ရဲ့စီးပွားရေးနဲ့ နိုင်ငံရေးကိစ္စတွေအပေါ် ဆက်ပြီး ဖိအားပေးဆောင်ရွက်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ သူက “ဖိအား ဆက်ပြီးပေးနေရမယ်။ ဒါက အကျပ်အတည်းကနေ လွတ်မြောက်နိုင်စရာ လမ်းတစ်လမ်းပဲ” လို့ဆိုပါတယ်။
16 Dec 2022
ဓာတ်ပုံ - AP
DMG | ဒီဇင်ဘာ ၁၆
(ဘာသာပြန်ဆောင်းပါး)
ဒီဇင်ဘာ ၁၄ ရက်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက အာဆီယံ ခေါင်းဆောင်တွေကို ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံပြီးဆွေးနွေးခဲ့ကြပေမယ့် မြန်မာနိုင်ငံကိုယ်စားလှယ် မပါဝင်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး စစ်အုပ်ချုပ်ရေးဆန့်ကျင်သူတွေကို အကြမ်းဖက် နှိမ်နင်းနေတဲ့အတွက် စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ကို မဖိတ်ကြားခဲ့ပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပြီး အတိုက်အခံတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် မရေတွက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်ခဲ့ပြီး ဆန္ဒပြသူတွေအပေါ် ဥပဒေမဲ့အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အပြင် လူပေါင်း ၁၃၀၀၀ ကျော်ကိုလည်း လက်လွှတ်စပယ် ဖမ်းဆီးထားပါတယ်။
စစ်အုပ်စုက အရပ်သားတွေနဲ့ သူတို့နေထိုင်ရာကျေးရွာတွေကို လေကြောင်းကနေဗုံးကျဲပြီး မြေပြင်ကနေ အမြှောက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နိုင်ငံတကာမှာတားမြစ်ထားတဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုကိုလည်း သိသိသာသာ တိုးမြှင့်ခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန် ကတည်းက မြန်မာစစ်တပ်က ကိုယ့်ပြည်သူတွေနဲ့ စစ်ပြန်ခင်းနေခဲ့ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ အာဏာသိမ်းခေါင်းဆောင်နဲ့ အခြားစစ်ခေါင်းဆောင်တွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့အပြင် စစ်တပ်ကထိန်းချုပ်ထားတဲ့ လုပ်ငန်းစုတွေနဲ့ ကုမ္ပဏီတွေကိုလည်း ပစ်မှတ်ထားပိတ်ဆို့ အရေးယူခဲ့ပါတယ်။ ဒါပေမယ့်လည်း အီးယူရဲ့ပိတ်ဆို့အရေးယူမှုတွေကို ပြန်ပြီးလေ့လာကြည့်ရင် အခုအချိန်အထိ အကန့်အသတ်နဲ့သာ အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ
တကယ်တော့ တခြားနိုင်ငံအစိုးရတွေ အထူးသဖြင့် အမေရိကန်နဲ့ဗြိတိန်တို့က အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေမှာ လုံလောက်တဲ့ ကြိုတင်ညှိနှိုင်းမှုမျိုး မရှိခဲ့တဲ့အပြင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုမျိုးလည်း မရှိခဲ့ပါဘူး။ အထူးသဖြင့်ကတော့ မြန်မာစစ်တပ်ရဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေနဲ့ သယံဇာတတူးဖော်ရေး ကဏ္ဍတွေအတွက် နိုင်ငံခြားငွေပေးချေ မှုတွေ ဆောင်ရွက်ပေးနေတဲ့ ဘဏ်တွေအပေါ် အရေးယူပိတ်ဆိုဖို့ ပျက်ကွက်နေခဲ့ပါတယ်။
အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ ညှိနှိုင်းဆောင်ရွက်တာမျိုး မရှိတဲ့အတွက် အီးယူရဲ့ မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့တာတွေက လုံလောက်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်မလာခဲ့ပါဘူး။ စစ်တပ်ရဲ့စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု မပြင်းထန်ခဲ့ပါဘူး။
အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က “ရဲရင့်ခိုင်မာတဲ့ ဆုံးဖြတ်ချက်” တွေလိုအပ်ကြောင်း ဇူလိုင်လမှာ အသိအမှတ်ပြုပြောကြားခဲ့ပြီး “နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်တပ်ရဲ့စီးပွားရေးနဲ့ နိုင်ငံရေးကိစ္စတွေအပေါ် ဆက်ပြီး ဖိအားပေး ဆောင်ရွက်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ သူက “ဖိအား ဆက်ပြီးပေးနေရမယ်။ ဒါက အကျပ်အတည်းကနေ လွတ်မြောက်နိုင်စရာ လမ်းတစ်လမ်းပဲ” လို့ဆိုပါတယ်။
အီးယူခေါင်းဆောင်တွေက စစ်ကောင်စီအပေါ် ပြင်းထန်တဲ့အရေးယူ ဆောင်ရွက်မှုတွေပြုလုပ်ဖို့ ထောက်ခံခဲ့ကြပါတယ်။ နိုဝင်ဘာလမှာ အီးယူရဲ့ အရေးယူပိတ်ဆို့မှုတွေ ထပ်ပြီး ချမှတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်က သေးငယ်တဲ့ အရေးယူပိတ်ဆို့မှုတွေ ဆောင်ရွက်ခဲ့ပေမယ့် ဖေဖော်ဝါရီလအတွင်း အီးယူကချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ မကိုက်ညီပါဘူး။
ဝမ်းနည်းဖို့ကောင်းတာက မကြာသေးတဲ့အချိန်အထိ ပြင်သစ်သမ္မတ Emmanuel Macron အပါအဝင် အီးယူခေါင်းဆောင်တချို့က စစ်တပ်နဲ့စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ သံတမန်ရေးရာကိစ္စမှာ ဦးဆောင်ဖို့ အာဆီယံမှာအဓိက တာဝန်ယူထားဆဲပါ။ ဒါပေမယ့် မြန်မာ့အရေး ဖြေရှင်းရာမှာ အီးယူကောအာဆီယံပါ တစ်ဦးတည်းဖြေရှင်းလို့ မရပါဘူး။
၂၀၂၁ ဧပြီလမှာ အာဆီယံဘုံသဘောတူညီချက် ရေးဆွဲသတ်မှတ်ခဲ့ပေမယ့် ရက်ပိုင်း အတွင်းမှာပဲ မြန်မာစစ်ကောင်စီက ငြင်းဆိုခဲ့ပြီး ဆက်တိုက်ချိုးဖောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အာဆီယံက မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံနဲ့ဆက်စပ် အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်မှာတော့ အာဆီယံရဲ့ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဇူလိုင်လမှာ တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို စစ်ကောင်စီက ကွပ်မျက်ပြီးနောက်ပိုင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အခုစစ်ကောင်စီရဲ့လုပ်ရပ်က အာဆီယံရဲ့ကတိကဝတ် တွေအပေါ် သရော်လှောင်ပြောင်တာပဲလို့ သတ်မှတ်ခဲ့ပြီး စက်တင်ဘာလ ကုလအထွေ ထွေညီလာခံမှာ အာဆီယံသဘောတူညီချက် ၅ ရပ်က အလုပ်မဖြစ်တဲ့အတွက် ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။
အောက်တိုဘာလမှာတော့ ဥရောပပါလီမန်က ချဉ်းကပ်မှုအသစ်တွေရှာဖွေဖို့ အာဆီယံကို တောင်းဆိုခဲ့အပြင် အီးယူကိုယ်တိုင်ကလည်း ပြင်းထန်တဲ့ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့နဲ့ စစ်တပ်အပေါ်ဖိအားပေးဖို့ အာဆီယံနဲ့ တခြားနိုင်ငံတွေအပေါ် ဖိအားပေးဖို့ အီးယူကိုပါ တွန်းအားပေးခဲ့ပါတယ်။
အီးယူနဲ့အာဆီယံ ခေါင်းဆောင်တွေက မြန်မာ့အကျပ်အတည်းမှာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိအောင် ဆောင်ရွက်သင့်ပါပြီ။ ပိတ်ဆို့အရေးယူမှုတွေကို အာဆီယံခေါင်းဆောင်တွေက ထောက်ခံကြောင်း ဖော်ပြသင့်ပြီး အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကိုက်ညီအောင် အမေရိကန်ကိုလည်း ဖိအားပေးရပါမယ်။
အာဆီယံရဲ့ တရားစီရင်ပိုင်ခွင့်တွေမှာ ပိတ်ဆို့အရေးယူမှုတွေ ပြဋ္ဌာန်းနိုင်ဖို့ အီးယူရဲ့ တစ်စိတ် တစ်ပိုင်းပါဝင်ခွင့်အတွက် အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းသင့်ပါတယ်။ အမေရိကန်နဲ့ အီးယူဥပဒေတွေက အာဆီယံနိုင်ငံတွေမှာ မကျင့်သုံးပေမယ့် အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေး လွှဲပြောင်းမှုတွေက နိုင်ငံတကာဘဏ်စနစ်မှာ အကျုံးဝင်နေပါတယ်။ သဘာဝ ဓာတ်ငွေ့နဲ့ အခြားထုတ်လုပ်မှု ကဏ္ဍတွေကနေ စစ်ကောင်စီပုံမှန်ရရှိနေတဲ့ သန်းနဲ့ချီတဲ့ဒေါ်လာအများစုကို အာဆီယံနိုင်ငံကဘဏ်တွေမှာ အပ်နှံထားတဲ့အတွက် ဆန္ဒရှိရင်တော့ ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်နိုင်ပါတယ်။
စစ်တပ်ရဲ့ဝင်ငွေတွေ လက်ခံထားတဲ့ အာဆီယံအဖွဲ့ဝင် ထိုင်းနဲ့စင်ကာပူဘဏ်တချို့ကို အီးယူနဲ့ မြန်မာ့အရေး ဖြေရှင်းလိုစိတ်ရှိတဲ့ အာဆီယံနိုင်ငံတွေက တိုက်တွန်းသင့်ပါတယ်။ အာဆီယံကနေ မြန်မာကိုထုတ်ပယ်ဖို့ အီးယူကလည်း တိုက်တွန်းသင့်ပါတယ်။
တရုတ်နဲ့ရုရှားနိုင်ငံက မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ လက်နက်တင်ပို့ရောင်းချမှု တားမြစ်ပိတ်ပင်ရေးဆိုင်ရာ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တစ်ရပ် လိုအပ်ကြောင်း အီးယူနဲ့အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းရပါမယ်။ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကို ဖြတ်ကျော်ဖို့မလွယ်ပေမယ့် လက်နက်ရောင်းဝယ်မှုနဲ့ ပတ်သက်တဲ့ငြင်းခုန်မှုက စစ်ကောင်စီကို ပိုပိုအထီးကျန်လာစေနိုင်ပြီး ပိတ်ဆို့အရေးယူမှုကိုလည်း လှုံ့ဆော်ပေးနေရပါမယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ အီးယူ၊ အာဆီယံ၊ အမေရိကန်နဲ့ ကျန်တဲ့ သက်ဆိုင်ရာအစိုးရ တွေရဲ့ ထက်မြက်ခိုင်မာပြီး ရေရှည်တည်တံ့မယ့် လုပ်ဆောင်ချက်အသစ်တွေ လိုအပ်နေပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ခေါင်းမာပြီးရက်စက်တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ သူတို့အပြုအမူတွေကို ပြောင်းလဲတော့မယ် မဟုတ်ပါ။
ဘုန်းမောင်
The Diplomat မှာဖော်ပြထားတဲ့ Europe and ASEAN Should Work Together on Myanmar Crisis ကိုဆီလျော်အောင် ရေးသားပါတယ်။