ရခိုင် ဝါးဈေးကွက် အေးစက်နေ

ရခိုင်ဒေသက ဝါးများကို ပြည်မအပါဝင် ပြည်တွင်း၌လည်း လုံခြုံရေးအခြေအနေအရ လွတ်လပ်စွာသွားလာရောင်းချခွင့် မရသဖြင့် ဝါးများမှာ ရောင်းမထွက်ဘဲ အဝယ်ဒိုင်များလက်ထဲတွင် သောင်တင်နေခြင်းဖြစ်သည်။

By Admin 17 Oct 2024

ရခိုင် ဝါးဈေးကွက် အေးစက်နေ

DMG ၊ အောက်တိုဘာ ၁၇

ယခုနှစ် ရခိုင်ဒေသတွင် ဝါးဈေးတက်နေသော်လည်း စစ်ရေးပဋိပက္ခကြောင့် ဒေသတွင်း ဝယ်ယူသူ နည်းပါးသဖြင့် ဝါးရောင်းဝယ်ရေးလုပ်ငန်း ဈေးကွက်မှာ အေးစက်နေကြောင်း သိရသည်။

ဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နည်းပါးခြင်းနှင့်အတူ စားဝတ်နေရေး အကျပ်အတည်းကြောင့် ဝါးခုတ်သူ များပြားလာသဖြင့် ဝါးလုပ်ငန်းများမှာ အလုပ်မဖြစ်မှုနှင့် ကြုံတွေ့နေရသည်။

အလားတူ ဒေသအတွင်း ဝါးများကို ပြည်မ အပါဝင် ပြည်တွင်းထဲ၌လည်း လုံခြုံရေးအခြေအနေအရ လွတ်လပ်စွာ သွားလာရောင်းချခွင့် မရသဖြင့် ဝါးများမှာ ရောင်းမထွက်ဘဲ အဝယ်ဒိုင်များလက်ထဲတွင် သောင်တင်နေခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ်မှ ဝါးကုန်သည် အမျိုးသားတစ်ဦးက " ဝါးတွေက ပြည်မဖက်ကိုလည်း တင်ပို့လို့ မရတော့ဘူး။ ဒေသအတွင်းမှာလည်း စစ်တွေ အပါအဝင် မြို့နယ်အများစုကို တင်ပို့လို့ မရဘူး။ သွားလာရေး အခက်အခဲ ရှိတာရယ်၊ နောက်ပြီး ဝယ်ယူသူနည်းပါးလာတာလည်း ပါတယ်" ဟု ပြောသည်။

ယခင်နှစ်က ရခိုင်မြောက်ပိုင်းဒေသတွင် ဝါးအလုံးရေ ၁၀၀ ကို အမျိုးစားအလိုက် ငွေကျပ် ၃၀,၀၀၀ ကနေ ၆၀,၀၀၀ ကျပ်ကြားတွင်ရှိခဲ့သော်လည်း ယခုနှစ်အတွင်း ဝါးအလုံးရေ ၁၀၀ ကို ငွေကျပ် ၆၀,၀၀၀ ကနေ ၁၀၀, ၀၀၀ ကြားတွင်ရှိနေကြောင်း သိရသည်။

ယင်းအပြင် စစ်ဘေးရှေုာင်များမှာ စားဝတ်နေရေး အခက်အခဲအကျပ်အတည်းများကြောင့် ဝါးခုတ်သူ ပို၍ များပြားလာပြီး ဝါးအဝယ်ဒိုင်များတွင် အရောင်းမထွက်ဖြစ်နေသည်။

" ဝါးရာဂဏန်းကိုတောင် ရောင်းမထွက်ဘူး။ ကျမတို့ မဝယ်နိုင်တော့ ဝါးခုတ်တဲ့သူတွေလည်း အခက်အခဲဖြစ် နေကြရတယ်။ ဒီလုပ်ငန်းတွေ အဆင်ပြေမှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုပြီးတွင်ကျယ် လာမယ် " ဟု မြောက်ဦးမြို့နယ်မှ ဝါးအရောင်းအဝယ်ဒိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အတူ ယခင်ကာလများက ရခိုင်က ဝါးလုပ်ငန်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြည်မဘက်သို့ တင်ပို့မှုများ ရှိခဲ့သည်။

ရခိုင်ပြည်အတွင်း ဘူသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ အမ်း၊ တောင်ကုတ်၊ စသည့် မြို့နယ်များတွင် ဝါး ထွက်ရှိပြီး ဝါးလုပ်ငန်း လုပ်ကိုင်သူများသည်။သို့သော်လည်း အဆိုပါ ဒေသများတွင် တိုက်ပွဲများကြောင့်  ဝါး ဝယ်ယူပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ မရှိတော့ပေ။