အဆုံးမရှိတိုက်ပွဲကြားက ငြိမ်းချမ်းရေးမျှော်လင့်ချက်

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် ၂၀၁၈ ခုနှစ်ကုန်ခါနီးကပင် တိုက်ပွဲဖြစ်ပွားလာခဲ့ရာ လက်ရှိမှာ အရပ်သားတစ်သိန်းငါးသောင်းကျော် မိမိအိုးအိမ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ကျော်ကြာလာသော်လည်း တိုက်ပွဲရပ်တန့်မည့် အရိပ်အရောင်ကိုတော့ မတွေ့ရသေးပေ။ တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဆိုင်မှု အားကောင်းနေကြတုန်းပင် ဖြစ်သည်။

By နေမျိုးလင်း 25 Jun 2020

(Design - Chan Aye / DMG)

နေမျိုးလင်း | DMG

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် ၂၀၁၈ ခုနှစ်ကုန်ခါနီးကပင် တိုက်ပွဲဖြစ်ပွားလာခဲ့ရာ လက်ရှိမှာ အရပ်သားတစ်သိန်းငါးသောင်းကျော် မိမိအိုးအိမ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ကျော်ကြာလာသော်လည်း တိုက်ပွဲရပ်တန့်မည့် အရိပ်အရောင်ကိုတော့ မတွေ့ရသေးပေ။ တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဆိုင်မှု အားကောင်းနေကြတုန်းပင် ဖြစ်သည်။

AA သည် ဆုံးရှုံးသွားသည့် ရခိုင်အချုပ်အချာအာဏာ ပြန်လည်ရရှိရေးဆိုသည့် ရည်မှန်းချက်ဖြင့် တိုက်ပွဲဝင်နေသည်ဟု ဆိုထားသည်။ (၁၁) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ၂၀၂၀ ခုနှစ်ပင်စပြီး ရခိုင်ပြည်လွတ်မြောက်ရေးနှင့် ရခိုင်အချုပ်အချာအာဏာ ပြန်လည်ရရှိရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရမည်ဟု ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပွားနေသော ရခိုင်စစ်ပွဲတွင် အစိုးရက အေအေကို တပ်အင်အားတိုးမြှင့်အသုံးပြု၍ ထိရောက်စွာ တိုက်ခိုက်ချေမှုန်းရန် အမိန့်ပေးပြီးသား ဖြစ်သည်။ တစ်ဖန် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ်လည်း ကြေငြာထားသေးရာ တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲသည် မည်သည့်အချိန်ခါ ပြီးဆုံးမည်ကို မသိနိုင်ပေ။

အေအေကို ၂၀၀၉ ခုနှစ်တွင် ကချင်ပြည်နယ်၊ လိုင်ဇာ၌ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ ပလက်ဝမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ယင်းနောက်ပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် တစ်ကျော့ပြန် စစ်ပွဲပြင်းထန်လာခဲ့သည်မှာ ယခုအချိန်ထိပင် ဖြစ်သည်။

သို့သော် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲသည် ယခင်က ပုံစံများနှင့်ကွဲထွက်လာသည်။ ယခင်က တောတောင်များတွင်သာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မြစ်ချောင်းများတွင် တိုက်ပွဲဖြစ်လာသည်။ ထို့နောက် ကျေးရွာ၊ မြို့အနီးတို့တွင်ပင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာကြသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားလျှင် လက်နက်ကိုင်အဖွဲ့များထက် ပြည်သူလူထုများမှာ သေကြေပျက်စီးမှုပိုများသည်။ ဒေသခံများကို သံသယမျက်စိများဖြင့် ကြည့်ရှုပြီး ဖမ်းဆီး၊ ရိုက်နှက်မှုများပြုလုပ်သည်။ တိုက်ပွဲဖြစ်ပွားရာနေရာက ရိုးသားသည့် ဒေသခံများမှာ သာစရာမရှိ နာစရာအတိဖြစ်နေသည်။ ထိုဖြစ်ရပ်များအတွက် လက်နက်ကိုင်အဖွဲ့များက တာဝန်ယူ၊ တာဝန်ခံ၍ ဖြေရှင်းသည်လည်း မရှိပေ။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ မြို့၊ရွာများတွင် တရားဥပဒေစိုးမိုးမှုလည်း ကင်းမဲ့လာသည်။ လူစည်ကားသည့် မြို့လယ်ခေါင်တွင် ဓားပြတိုက်ခိုက်ခံရမှုများ၊ လမ်းသွားလမ်းလာများသည့် နေရာများတွင် ဓားထိုးမှု ဖြစ်ပွားနေခြင်းများ၊ သံသယများဖြင့် ဖမ်းဆီးစစ်ဆေးခံနေရခြင်းများသည် တိုက်ပွဲနှင့်အတူလိုက်ပါလာသည့် ဆိုးကျိုးများဖြစ်သည်။ ထိုသို့ဖြစ်ပေါ်နေသဖြင့် ဒေသခံများမှာ အကြောက်တရားများ လွှမ်းမိုးမှုခံနေရသည်။

အထူးခြားဆုံးဖြစ်ရပ်မှာ ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့၊ ကမ္ဘောဇဘဏ်ခွဲ(၂)ကို လူလေးဦးက ဝင်ရောက်ဓားပြတိုက်မှုကြောင့် ငွေကျပ်သိန်း (၁၈၀၀)ကျော်ပါသွားခဲ့သည်။ လက်ရှိအချိန်တွင် သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိသော်လည်း ငွေများနှင့် တခြားပါဝင်သူများကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ထို့ပြင် မည်သူမည်ဝါဦးဆောင်နေသည်ဟု မသိရသည့်အဖွဲ့အစည်းများလည်း ပေါ်ပေါက်လာပြီး ပြည်သူတစ်ချို့ကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ခြိမ်းခြောက်ပြောဆိုမှုများ ရှိလာသည်ကိုလည်း တွေ့ရသည်။ မြို့နယ်တစ်ချို့တွင် လုပ်ကြံသတ်ဖြတ်၍ သေဆုံးနေသည့်အလောင်းတစ်ချို့ကို ရေမှာတွေ့လိုက်၊ ကုန်းမှာတွေ့လိုက်ဖြင့် ပုံစံအမျိုးမျိုးဖြင့် စိတ်မကောင်းဖွယ်ရာတွေ့ မြင်လာရသည်။ သို့သော် မည်သူလက်ချက်ဖြစ်သည်ကို မသိရဘဲ စစ်ပွဲ၏ ဆိုးကျိုးသာ ဖြစ်သည်ဟု မှတ်ယူရသည့် အခြေအနေပင်ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များလည်း မကြာခဏအသတ်ခံရခြင်း၊ ရဲစခန်းများကို အေအေက တိုက်ခိုက်ခြင်းတို့ကြောင့်ပင် လုံခြုံရေးစိုးရိမ်ရသည်ဟုဆိုကာ အခင်းဖြစ်ပွားရာနေရာများသို့ စုံစမ်းစစ်ဆေးရန်ပင် လာရောက်နိုင်ခြင်း နည်းပါးနေသည်ကို တွေ့မြင်နေရသည်။ ထို့ပြင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားသည့်ကျေးရွာများ၊ အုပ်ချုပ်ရေးမှူးက ရပ်ရွာအေးချမ်းသာယာရေးကို မလုပ်ဆောင်နိုင်သည့် ကျေးရွာတစ်ချို့တို့တွင်လည်း ဒေသခံအချင်းချင်း နိုင်ထက်စီးနင်း ပြုလုပ်လာကြသည်ကို တွေ့လာရသည်။

မကြာမီကာလတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်၍ ပါတီအသီးသီးလည်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။ ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့နယ်များ၊ တိုက်ပွဲ နည်းနည်းပါးပါးသာဖြစ်ပွားသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပလာနိုင်သည်။

ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအတွက် လုံခြုံမှုရှိစွာမဲပေးနိုင်ရေးသည် အဓိကဖြစ်သည်။ အထက်မှာ ဖော်ပြခဲ့သည့် ဖြစ်စဉ်များကဲ့သို့ မြို့လယ်ခေါင်များတွင် ဓားပြတိုက်ခံရခြင်း၊ အမည်မသိအဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများခံရခြင်း၊ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းတို့နှင့် ကြုံတွေ့ရလျှင် ပြည်သူများမှာ လုံခြုံစိတ်ချစွာ မဲပေးမည့်အခွင့်အရေး ဆုံးရှုံးသွားနိုင်သည်။ မဲပေးဖို့ မဆိုထားနှင့် အသက်အန္တရာယ်စိုးရိမ်ရ၍ နေအိမ်ပြင်ပ ထွက်ရဲမည့်သူတောင် ရှားပါးလာနိုင်သည်။

ယင်းသို့ လုပ်ကြံသတ်ဖြတ်ခံရခြင်း၊ ခြိမ်းခြောက်မှု ပြုလုပ်နေခြင်းများသည် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲကို အမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်တွင် ထိရောက်စွာ ဆွေးနွေးရန်အရေးကြီးနေသည်။ သို့မဟုတ်လျှင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု အာမခံချက်မရှိနိုင်ပေ။

အစိုးရနှင့် အေအေ အပါအဝင် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့သည် ပြီးခဲ့သည့်နှစ်က ငြိမ်းချမ်းဆွေး‌နွေးပွဲများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ရလာဒ်ကောင်းများထွက်ပေါ်မလာဘဲ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်စွာသာ ဖြစ်ပွားလာသည်။ တစ်ဖက်တွင် အေအေကို အစိုးရက မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသောကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာပြီး တစ်ဖက်နှင့် တစ်ဖက် စစ်‌ရေးအရသော်လည်းကောင်း၊ စကားပြောဆိုရာတွင်သော်လည်းကောင်း တင်းမာမှုရှိနေကြသည်။

အေအေကို သောင်းကျန်းသူနှိမ်နင်းရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် “တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုတော့ ပိတ်မထားဘူး” ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မေလ ၃၀ ရက် နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

လက်ရှိအနေအထားအရ အေအေသည် ရခိုင်ပြည်သူများ၏ ထောက်ခံမှုကိုရရှိထားသည်။ ထို့ကြောင့် အေအေကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေငြာထားခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေပြီး ရခိုင်လူထုနှင့် အစိုးရဆက်ဆံရေးလည်း ထိခိုက်စေသည်။ ထို့ပြင် အေအေနှင့် တပ်မတော်၊ အစိုးရတို့၏ ဆက်ဆံရေးလည်း ပိုမိုတင်းမာစေသည်။ ထို့ကြောင့် အစိုးရအနေဖြင့် အေအေကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေငြာထားခြင်းကို ပြန်လည်ရုတ်သိမ်းသင့်ပြီး တိုက်ပွဲများရပ်စဲကာ ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်တွင် ရလာဒ်ကောင်းများထွက်ပေါ်အောင် အမြန်ဆုံးညှိနှိုင်းဆောင်ရွက်သင့်သည်။

သို့မဟုတ်ပါက တစ်ဖက်နှင့်တစ်ဖက် စစ်ရေးပိုမိုပြင်းထန်လာနိုင်ပြီး တွေ့ဆုံညှိနှိုင်းရန် လမ်းစများ ပျောက်ဆုံးသွားနိုင်သည်။ လတ်တလောတွင် တွေ့ဆုံဆွေးနွေးရန် လမ်းစပွင့်နေသေးသဖြင့် ပြည်သူများအတွက် ငြိမ်းချမ်းရေးမျှော်လင့်ချက်ရှိနေသေးပြီး ယင်းမျှော်လင့်ချက်ကို အကောင်အထည်ဖော်ရန် နှစ်ဖက်စလုံးမှာ တာဝန်ရှိနေသည်။

တိုက်ပွဲများ ရပ်စဲမှသာလျှင် တရားဥပဒေစိုးမိုးမှုရှိလာမည်ဖြစ်ပြီး ပြည်သူများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် နေထိုင်နိုင်မည် ဖြစ်သည်။

ဗီဒီယိုများ