“အပြစ်သားတစ်ယောက်ဆိုရင် ခံရပါစေ။ ကိုယ်လုပ်လို့ ကိုယ်ခံရတာပဲဆိုပြီး ကျေနပ်တယ်။ အခုက ဘာမှမလုပ်ဘဲ ပြည်သူတွေကို ခုတုံးလုပ်ပြီး ဓားစာခံအဖြစ် သက်သက်မဲ့ဖမ်းထားတယ်”

ခင်ပွန်းမရှိဘဲ မိသားစုစားဝတ်နေရေးကို ဘယ်လိုရုန်းကန်နေရလဲဆိုတာကို မညို(အမည်လွဲ)ကို DMG က တွေ့ဆုံမေးမြန်းထားပါတယ်။

By Admin 03 Oct 2023

“အပြစ်သားတစ်ယောက်ဆိုရင် ခံရပါစေ။ ကိုယ်လုပ်လို့ ကိုယ်ခံရတာပဲဆိုပြီး ကျေနပ်တယ်။ အခုက ဘာမှမလုပ်ဘဲ ပြည်သူတွေကို ခုတုံးလုပ်ပြီး ဓားစာခံအဖြစ် သက်သက်မဲ့ဖမ်းထားတယ်”

DMG ၊ အင်တာဗျူးအစီအစဉ်

ရခိုင်မှာ တကျော့ပြန် တိုက်ပွဲကာလအတွင်းက ရက္ခိုင့်တပ်တော် (AA) နဲ့ဆက်စပ်ပြီး ဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ဖမ်းဆီးခံရသူတွေကို နိုင်ငံရေးပုဒ်မတွေတပ်ပြီး တရားစွဲဆိုထားတာကြောင့် အချုပ်ထဲကနေ နှစ်ရှည်လများ တရားရင်ဆိုင်နေကြရပါတယ်။

တရားစွဲဆိုခံထားရတဲ့အထဲမှာ အိမ်ထောင်ရှင်တွေ အများစုပါဝင်နေတာကြောင့် ခင်ပွန်းသည်တွေ တရားရင်ဆိုင်နေရချိန်မှာ အမျိုးသမီးတွေဟာ မိသားစုစားဝတ်နေရေး၊ သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် တစ်ကိုယ်တည်း ရုန်းကန်နေကြရပါတယ်။

ရခိုင်ပြည်၊ ..... မြို့နယ်က ဒေသခံ ကိုမျိုး(အမည်လွဲ)ဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (က)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) တို့နဲ့ တရားစွဲဆိုခံထားရကာ လက်ရှိအချိန်ထိ အမှုတွေ မပြီးပြတ်သေးဘဲ ကြန့်ကြာနေပါတယ်။

ဒီလိုအခြေအနေတွေနဲ့ပတ်သက်လို့ ခင်ပွန်းမရှိဘဲ မိသားစုစားဝတ်နေရေးကို ဘယ်လိုရုန်းကန်နေရလဲဆိုတာကို မညို(အမည်လွဲ)ကို DMG က တွေ့ဆုံမေးမြန်းထားပါတယ်။

DMG - ပထမဆုံး ခင်ပွန်းဖြစ်သူရဲ့ အမှုအခြေအနေကို သိပါရစေ။

MN - ၅၀၅ (က) ပုဒ်မက အပြီးသတ် အမိန့်ချဖို့ပဲ ကျန်တော့တယ်။ ၁၇ (၁) ပုဒ်မကတော့ အခုထိ လိုပြသက်သေတွေ မစစ်ရသေးဘူး။ ဘာကြောင့်လဲဆိုတာကို‌တော့ မသိဘူး။

DMG - စစ်ဆေးမှုတွေ ကြန့်ကြာနေတဲ့အပေါ်မှာ ဘာများပြောချင်လဲ။

MN - လက်ရှိ သူ့ကို ဘယ်လောက်ထိ ချုပ်နှောင်ထားမှာလဲ။ ဘယ်တော့ ဆုံးဖြတ်ပေးမှာလဲဆိုတာကို တမျှော်မျှော်နဲ့ ဖြစ်နေရတယ်။ မြန်မြန် ဆုံးဖြတ်စေချင်တယ်။ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ပါစေချင်တယ်။ (ကျမ အမျိုးသားဟာ) မှန်ကန်တဲ့ အပြစ်သားတစ်ယောက်ဆိုရင် ခံရပါစေ။ ကျမ ကျေနပ်တယ်။ ကိုယ်လုပ်လို့ ကိုယ်ခံရတာပဲဆိုပြီး ကျေနပ်တယ်။ အခုက ဘာမှမလုပ်ဘဲ ပြည်သူတွေကို ခုတုံးလုပ်ပြီး ဓားစာခံ သက်သက်မဲ့ဖမ်းထားပြီး မှန်ကန်တဲ့ တရားစီရင်ချက်လည်း မရှိဘူး။ ဥပဒေကို သရေကွင်းလို ကျုံ့လိုက်ဆန့်လိုက် ပုံစံမျိုး လုပ်နေတာလား။ အမှုက ကြန့်ကြာနေတယ်။ အမှုပြီးဆုံးမှာကိုပဲ စောင့်မျှော်နေရတယ်။

DMG - ခင်ပွန်းဖြစ်သူ အဖမ်းခံထားရတော့ မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ။

MN - အိမ်ထောင်ဦးစီး တစ်ယောက်က အိမ်မှာရှိမနေဘဲ မတရား စွပ်စွဲဖမ်းဆီးခံထားရတော့ ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိတာပေါ့။ မိသားစုတစ်စုမှာ အမျိုးသားရော၊ အမျိုးသမီးပါ အတူတူအလုပ်လုပ်ရင်တောင် လက်ရှိကုန်ဈေးနှုန်းနဲ့ လိုက်မမီဘူး။ အဲဒီလိုအချိန်မှာ အိမ်ထောင်ဦးစီးမရှိတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ အခက်အခဲတွေ အများကြီးရှိတာပေါ့။ သမီးလေးကိုလည်း ကျောင်းပို့ရတယ်။ သူရုံးချိန်းရှိတဲ့ နေ့တွေဆိုရင်လည်း သူစားသောက်ဖို့ အသုံးစရိတ်အတွက်ရော အကုန်လုံးအဆင်ပြေအောင် ကိုယ်ပဲရုန်းကန်၊ ရှာကြံရတယ်။
တချို့မြို့တွေမှာ လွတ်ငြိမ်းချမ်းသာပေးကြတယ်။ ကျမ ယောက်ျားကျတော့ လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း မပါဘူး။ ကိုယ်က လုပ်လို့ခံရတာဆိုရင် ကျမတို့ ဖြေသာတယ်။ ဒါပေမယ့် ဒီအတိုင်း ရိုးရိုးသားသား တပိုင်တနိုင် လုပ်ကိုင်စားသောက်နေတာကို သူတို့(စစ်ကောင်စီတပ်)တွေက အကြောင်းမဲ့သပ်သပ် ဖမ်းဆီးသွားတယ်။ နောက်ဆုံးအထိ သူအသက်ရှင်ဖို့ မနည်းရုန်းခဲ့တယ်။ ----- ဆေးရုံကြီးမှာ တစ်လလောက် ဆေးကုသမှု ခံခဲ့ရတယ်။ အဲဒီဆေးကုသတဲ့ စရိတ်တွေ ကျမမှာ အခုထိ ဆပ်လို့မကုန်သေးဘူး။

DMG - ခင်ပွန်းဖြစ်သူ ဆေးကုသစရိတ်အတွက် ချေးယူခဲ့တဲ့အကြွေးတွေကို ဘယ်လိုဆပ်နေတာလဲ။

MN - အကြွေးကတော့ ထက်ဝက်လောက် ဆပ်ထားပြီ။ နေ့ခင်းဘက် အပ်ခြုပ်ဖို့မအားရင် ညဘက်ခြုပ်တယ်။ ဒီလိုပဲ စုဆောင်းပြီးဆပ်ရတာပေါ့။ အခုတော့ အကြွေး သိန်း ၁၀ လောက် ကျန်သေးတယ်။

DMG - လက်ရှိမှာ မိသားစုစားဝတ်နေရေးကို ဘယ်လိုဖြေရှင်းနေရလဲ။

MN - အမျိုးသားမရှိတဲ့နောက်ပိုင်းမှာ ကိုယ်တစ်ယောက်တည်း ကလေးကိုကျောင်းသွားဖို့ ထမင်းချိုင့်တွေ ပြင်ဆင်ပေးရတယ်။ အိမ်မှုကိစ္စတွေကို လုပ်တယ်။ ပြီးမှအထည်ခြုပ်တယ်။ အပြင်က ကိစ္စတွေပေါ်လာလို့ အထည်မခြုပ်ရတဲ့နေ့တွေလည်း ရှိသေးတယ်။ အထည်ဆိုတာက ခြုပ်မှ ပိုက်ဆံရတာ။ ထမင်းကိုတော့ အမေကျွေးလို့ စားနေရတယ်။ တခြားအမှုဆိုင်ရာကိစ္စတွေအတွက်က ပိုက်ဆံကို ကိုယ်ပဲရှာရတာပေါ့။

DMG - စားဝတ်နေရေးအတွက် ဖြေရှင်းတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ။

MN - အမြဲတမ်း အားငယ်မိတယ်။ တစ်ခါတစ်လေကျရင် အရမ်းစိတ်ညစ်တယ်။ ဒါပေမယ့် စိတ်ဓာတ်တော့ မကျဘူး။ ကျမ အမျိုးသား အချုပ်ထဲမှာရှိနေရင်လည်း သူ့ကို အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားလုပ်ပေးသွားဖို့ စိတ်ရှိတယ်။ အပ်ခြုပ်တဲ့အလုပ် အဆင်မပြေရင် တခြား ဝင်ငွေကောင်းမယ့် အလုပ်တစ်ခုခု ရှာလုပ်တယ်။ အတတ်နိုင်ဆုံးတော့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားတယ်။

DMG - အလုပ်တစ်ဖက်နဲ့ သမီးဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်ရတော့ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ။

MN - သမီးက ညညဆိုရင် သူ့အဖေနဲ့ပဲ အနေများတယ်။ သူ့အဖေ ရှိတုန်းက ညနေစောင်းလို့ အလုပ်ကနေ အိမ်ပြန်လာရင် သူ့အဖေနဲ့ပဲ နေတော့တာ။ အဖေနဲ့အိပ်တယ်။ သူ့အဖေ အဖမ်းခံရပြီးနောက်ပိုင်း အဖေကိုရှာတယ်။ အဖေ ခရီးသွားတယ်။ တစ်ပတ်ကြမယ်၊ ဆယ်ရက်ကြာမယ်ဆိုပြီး ညာပြောထားရတယ်။ နောက်တော့ သူ့အဖေ ဆေးကုသမှုခံယူနေချိန်မှာ သူ့အဖေကို မြင်မြင်ချင်း လန့်သွားတယ်။ အဖေလို့ မခေါ်ရဲတော့ဘူး။ တစ်ကိုယ်လုံး ရောင်ယမ်းပြီး စကားတောင် မပြောနိုင်တော့ဘူးလေ။ အဲဒါ သူ့အဖေ မဟုတ်ဘူးလို့ ပြောတယ်။ အဲလောက်ထိ ကြောက်လန့်သွားတယ်။

ကျောင်းမှာဆိုရင် တချို့ကလေးတွေလို ကားနဲ့ ကျောင်းသွားချင်တယ်အမေလို့ ပြောတယ်။ ဖေဖေရောက်မှ ကားနဲ့သွားကြရအောင်လို့ ပြောပေးထားရတယ်။ သူ့အဖေရှိတုန်းက သူ့ကို အရမ်းအလိုလိုက်တာ။ ကလေးဆိုတော့ အခု သူတောင်းတာကိုမရတော့ စိတ်ထဲမှာ ကသိကအောက် ဖြစ်မှာပေါ့။ ကလေးနှစ်ခုတောင်းရင် ကျမ တစ်ခုပဲပေးနိုင်တယ်။ ဖေဖေရောက်မှ အကုန်လုပ်ပေးမယ်ဆိုပြီး ပြောထားရတယ်။ စိတ်ဓာတ်မကျအောင်တော့ လိမ်ပြီးပြောထားရတယ်။

DMG – ‌သမီးဖြစ်သူရဲ့ ပညာရေးအတွက်ရော ဘယ်လိုဖြေရှင်းနေရလဲ။

MN - ကျောင်းမှာ ferry ကားရှိတယ်။ အဲဒီကားက အိမ်နဲ့ကျောင်းဝေးရင် ဝေးသလောက် ဈေးကြီးပေးရတယ်။ ကျမတို့ အိမ်နဲ့ဆိုရင် တစ်လကို ကားခ လေးသောင်းရှိတယ်။ သူ့ ကျောင်းစရိတ်၊ မုန့်ဖိုး၊ ဖယ်ရီကားခ ကျမ မတတ်နိုင်ဘူး။ အဲဒါကြောင့် သမီးကို Ebike ဘတ်ထရီ ဘီးလေးနဲ့ပဲ ကျောင်းအကြိုအပို့ လုပ်တယ်။ ကျမမအားတဲ့ နေ့တွေဆိုရင် သူ့ဦးလေးက သွားကြိုပေးတယ်။

DMG – ရခိုင်ပြည်အတွင်းက နိုင်ငံရေးပုဒ်မအသီးသီးနဲ့ တရားစွဲဆိုခံထားရတဲ့ သူတွေနဲ့ပတ်သက်လို့ ဘာများပြောချင်လဲ။

MN - ဖမ်းဆီးခံရတဲ့အထဲမှာ အမှန်တကယ်လုပ်လို့ ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိကောင်းရှိနိုင်တယ်။ မိသားစုဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ပြည်သူအစစ်တွေလည်း အများကြီးရှိမယ်။ အဲဒီလို ပြည်သူတွေကို ကြားခံမလုပ်စေချင်ဘူး။ ကျမ အမျိုးသားလည်း သာမာန်ပြည်သူတစ်ယောက်ပါ။ အဲဒါကြောင့် လွတ်မြောက်စေချင်တယ်။

DMG – အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#R005

ဗီဒီယိုများ