ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC ) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းနှင့် ဆက်သွယ်မေးမြန်းချက်
“တစ်ချို့စစ်ဘေးရှောင်တွေက ရွာပြန်ကြတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါက လူစုလူဝေးနေလို့ အဆင် မပြေဘူး ဆိုတာကို သိတာကြောင့် ကြောက်ရွံပြီးတော့ မဖြစ်မနေ ရွာပြန်သွားတယ်”
28 Apr 2020
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းငါးသောင်း ကျော်အထိရှိလာပြီး စားဝတ်နေရေးအခက်အခဲဖြင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။ လက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေပြီး သေဆုံးသူလည်း များပြားနေသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်များ သိရှိထားပုံ၊ စစ်ဘေးရှောင်များကို အသိပညာပေးမှု၊ အစိုးရ၏ လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး စစ်ဘေးရှောင်ကူညီရေး ပြုလုပ်နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကို DMG အကြီးတန်းသတင်းထောက် ခင်သရဖီဦးက ဆက်သွယ်မေးမြန်းထားသည်။
DMG-ရခိုင်က စစ်ဘေးရှောင်တွေ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုသိထားကြလဲ။
ZZT- သူတို့ကတော့ အကြမ်းအားဖြင့်လောက်ပဲသိတယ်။ ဒီရောဂါက ကြောက်စရာကောင်းတယ်။ ကူးစက်မြန်တယ်။ တယောက်နဲ့တယောက် အကွာအဝေးနေဖို့လိုတယ်။ ချောင်းဆိုးတာတွေ နှာချေတာတွေက ကူးတယ်။ အဲဒီလို အကြမ်းအားဖြင့် အချက်အလက်တွေကို သိထားပြီးတော့ အသေးစိတ်အခြေအနေတွေကို မသိနိုင်ဘူး။ မြန်မာနိုင်ငံမှာက ဘယ်လောက်ကူးစက်နေပြီလဲ။ ဘယ်လောက်သေလဲဆိုတာတွေကို အသေးစိတ်မသိနိုင်ဘူး။ ရောဂါလက္ခာတွေက ရောဂါဖြစ်လာရင် ဘယ်လိုခံစားရလဲဆိုတာတွေကို နောက်ပြီး ရောဂါဖြစ်နေပေမဲ့ ရောဂါလက္ခာဏမပြဘဲ ဘယ်လောက်ထိ နေနိုင်လဲ ။ ရောဂါဖြစ်လာရင် ကျန်းမာရေးဌာနက ဘယ်လိုကိုင်တွယ်နေလဲ၊ ဘယ်လိုထိန်းချုပ်လဲ ၊ရောဂါကူးစက်နေတဲ့ မိသားစုတွေက လူတွေကို ဘယ်လိုထိန်းချုပ်လဲ ရောဂါဖြစ်လာရင် ကူးစက်တာက ဘယ်လိုကူးစက်လဲဆိုတာကို သူတို့မသိဘူး။သူတို့ကို ပြောလာတဲ့ အကြမ်းလောက်ကိုပဲ သူတို့သိတယ်။ တစ်ချို့ဆို မကြောက်တဲ့လူတွေရှိတယ်။ အဲဒါက ဘယ်လိုလဲဆိုရင် သူတို့ကို သတင်းအချက်အလက်ပေးနေတဲ့ လူတွေနဲ့ဆိုင်တယ်။ သတင်းအချက် အလက်ပေးတဲ့လူတွေက ဘယ်လိုပုံစံနဲ့ ပေးခဲ့လဲဆိုတာနဲ့ ဆိုင်ပါတယ်။
DMG- စစ်ဘေးရှောင်တွေ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ဘယ်ကနေ ရရှိနေလဲ။
ZZT-အခုကတော့ သတင်းအချက်အလက်က တစ်ဆင့်စကားနဲ့ သိကြတာပိုများတယ်။ စစ်ဘေးရှောင်စခန်းက လူတွေက တခြားမြို့တွေကို သွားတဲ့အခါနဲ့ တခြားနေရာတွေကို သွားတဲ့အခါမှာ ကြားတာက ပိုများတယ်ပေါ့။ သူတို့စခန်းတွေကို လာပြီးတော့ အသိပညာပေးတွေ လုပ်ကြတယ်။ အဲဒါကတစ်ဆင့် သိကြာတာပိုများတယ်။ အဲဒါက သိတာပိုများတာပေါ့။ ကျန်တာကတော့ (အင်တာနက်)လိုင်းက၊ TVက သိတာတွေက လုံးဝမရှိဘူးပေါ့။ Facebook က သတင်းပေးတာတွေလည်း သူတို့မသိဘူး။ တချို့စစ်ဘေးရှောင်စခန်းတွေက လူတွေမှာ ဖုန်းမရှိတာများတယ်။
DMG- စစ်ဘေးရှောင်တွေ အများဆုံးရှိနေတဲ့ နေရာတွေမှာ အင်တာနက်တွေပိတ်ထားတော့ သူတို့တွေ သတင်းအချက်အလက် ရရှိရေးအပိုင်းမှာ ဘယ်လိုသက်ရောက်မှုတွေနဲ့ ကြုံတွေ့နေရလဲ။
ZZT- သူတို့က စစ်ဘေးရှောင်စခန်းတွေမှာ အသိပညာပေးတွေ လုပ်နေတာကတစ်ဆင့် သိတာရှိတယ်။ သို့သော်လည်း ဒီရောဂါအခြေအနေကို သတိရှိဖို့ ဆင်ခြင်ဖို့အတွက် ဆိုလို့ရှိရင် အကြမ်းအားဖြင့် လောက်နဲ့ မရတော့ဘူး။ နောက်တစ်ခုက ရောဂါဖြစ်နေတဲ့ နိုင်ငံတွေနဲ့ နေရာတွေမှာ ရောဂါနဲ့ပတ်သတ်ပြီး ဘယ်လိုခံစားနေရတယ်။ ဘယ်လို အဖြစ်အပျက်တွေရှိလဲ။ ဘယ်လိုခံစားနေရလဲဆိုတာတွေကို ဗိဒီယိုဖိုင်တွေကို အရုပ်ကနေ မြင်နေရတဲ့ပုံစံနဲ့ အခုလိုမျိုး သွားစကားပြောနေတာနဲ့ မတူဘူး။ သူတို့က မမြင်နိုင်ဘူးပေါ့။ အဲဒါတွေက အင်တာနက်မရတဲ့ ဆိုးကျိုးတွေပေါ့။ သူတို့မှာက TVတွေနဲ့ လျှပ်စစ်တွေနဲ့ နေရတာမဟုတ်ဘူးလေ။ မြို့ပေါ်စခန်းတွေမှာက တချို့ပေါ့။ အင်တာနက်မရတဲ့ စစ်ဘေးရှောင် စခန်းတွေမှာဆိုရင် မီးလည်းမရဘူး။ TVလည်းမရှိဘူး။ သူတို့က စာနဲ့ဖတ်တာလောက်ပဲ သိရပြီးတော့ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ရှင်းပြတဲ့ ဗီဒီယိုဖိုင်တွေ၊ နောက်ရောဂါနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေကို မကြည့်ရဆိုတော့ တစ်ချို့က သိကြတယ်။ ဒါပေမဲ့ တစ်ချို့က ငါတို့ဆီမှာ မဖြစ်ပါဘူးဆိုတာတွေ ရှိတယ်။ ရောဂါနဲ့ ပတ်သတ်ပြီး အယုံအကြည် နည်းတာပေါ့။ လေးလေးနက်နက် စဉ်းစားမှု အားနည်းတာပေါ့။
DMG- ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက်ဆိုရင် လူစုလူဝေးမလုပ်ရဆိုပြီးတော့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိပါတယ်။ စစ်ဘေးရှောင်စခန်းတစ်ချို့မှာတော့ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်စွာ နေထိုင်နေရတာတွေကို တွေ့ရပါတယ်။ စစ်ဘေးရှောင်တွေ ဘယ်လိုနေထိုင်နေရတာတွေကို တွေ့ရလဲ။
ZZT-သေချာတာကတော့ စစ်ဘေးရှောင်စခန်းမှာ နေကြတဲ့လူတွေကတော့ ရောဂါမရှိဘူးပေါ့။ ရောဂါက အပြင်ကပဲ လာတာပေါ့။ အဲဒါကြောင့် နိုင်ငံခြားက ပြန်လာတဲ့သူတွေက စစ်ဘေးရှောင်စခန်းကို မလာရင် အဲဒီလူတွေမှာ ရောဂါမရှိဘူး။ နောက်ပြီး အဓိကတော့ စစ်ဘေးရှောင်စခန်းတွေမှာ ၃ ပေ အကွာနေရ မယ်ဆိုတာက လုံးဝမဖြစ်နိုင်ဘူး။ အဓိကက စစ်ဘေးရှောင်စခန်းတွေမှာ လုပ်ရမှာက တစ်ခုပဲရှိတယ်။ အပြင်ကလာတဲ့လူတွေကို အဝင်အထွက် မလုပ်ခိုင်းဖို့ပဲ။ အပြင်ကလာတဲ့ လူတွေကို သတ်မှတ်နေရာ တစ်ခုထားပြီးတော့ ထားသင့်တယ်။ နောက်ပြီး အပြင်က စစ်ဘေးရှောင်စခန်းမှာရှိတဲ့ မိသားစုဝင်တွေကို တွေ့ဖို့လာတယ်ဆိုရင်လည်း စခန်းအပြင်မှာတွေ့ပေါ့။ စခန်းကလူတွေကလည်း ဒီရောဂါဖြစ်နေတဲ့ အချိန်တွေမှာ မြို့ပြတွေနဲ့ တခြားနေရာတွေကို မသွားဖို့အတွက် ပြောရမယ်ပေါ့။ တကယ်လို့ မသွားမဖြစ် သွားရမယ်ဆိုရင်လည်း စခန်းကသိတဲ့လူတွေကို တိုင်ပြီးတော့မှ သွားတာတွေလုပ်သင့်တယ်။ အဲဒီနည်းနဲ့မှပဲ စခန်းအတွင်းကို ရောဂါမရောက်အောင်လုပ်လို့ရမယ်။ တခြားနည်းကတော့ မရှိဘူးပေါ့။ ၆ပေအကွာ ၃ပေအကွာတွေကတော့ စခန်းတွေမှာ လုံးဝမဖြစ်နိုင်ပါဘူး။
DMG- စစ်ဘေးရှောင်စခန်းတွေမှာ လူအဝင်အထွက် ကန့်သတ်ထားတာမျိုးတွေရှိလား။
ZZT-တစ်ချို့ စစ်ဘေးရှောင်စခန်းတွေမှာက လူအဝင်အတွက် ရှိတယ်။ အဲဒီလူတွေကို စောင့်ကြည့်မှု အပိုင်း မှာလည်း အားနည်းနေတာတွေ့တယ်။ ကျနော်တို့ အနေနဲ့ကတော့ စခန်းအသီးသီးမှာ စောင့်ကြည့်ခိုင်းထားတဲ့ အဖွဲ့တွေတော့ ရှိပါတယ်။ တခြားအဖွဲ့အစည်းတွေအနေနဲ့တော့ အဲလိုလုပ်ထားမျိုးမရှိသေးဘူး။
DMG-ရခိုင်ပြည်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်ရမလား။ စစ်ပွဲကြောက်ရမလား။ နှစ်ခုစလုံး ကြောက် စရာတွေချည်းပဲ။ ဒါပေမယ့် စစ်ပွဲတွေလည်း မရပ်သေးဘူး။ ဆိုတော့ လက်နက်ကိုင်အဖွဲ့တွေကို ဘယ်လို တိုက်တွန်းချင်လဲ။
ZZT-အခုက ဘာပြဿနာရှိလဲဆိုတော့ မြေပြင်က သတင်းတွေဝင်လာတာပေါ့။ မြေပြင်အခြေအနေက သတင်းဝင်လာတယ်။ တစ်ချို့စစ်ဘေးရှောင်တွေက ရွာပြန်ကြတယ်။ ဒီရောဂါက လူစုလူဝေးနေလို့ အဆင်မပြေဘူးဆိုတာကို သိတာကြောင့် ကြောက်ရွံပြီးတော့ မဖြစ်မနေ ရွာပြန်သွားတယ်။ နေအိမ်တွေ မီးမလောင်သေးဘဲ ရှိသေးတဲ့ နေအိမ်တွေနဲ့ စစ်မဖြစ်ပွားတဲ့ နေရာတွေက လူတွေအားလုံးက ရွာပြန်ကြတယ်။ ရွာကို ပြန်လို့ရတဲ့အခြေအနေက ပြန်ကြတာမဟုတ်ဘဲ အန္တရာယ်တွေ ကြားထဲက ရွာပြန်ကြတာဖြစ်တယ်။ ဆိုတော့ ရောဂါကို စိုးရိမ်လို့ စခန်းတွေမှာ လုံးဝ အဆင်မပြေလို့ အိမ်ပြန်သွားတဲ့ လူတွေနဲ့ ပတ်သတ်ပြီး လက်နက်ကိုင်တပ်ဖွဲ့က ကာကွယ်ပေးဖို့လိုတယ်။ သူတို့ မထိခိုက်အောင် သူတို့နေတဲ့ နေရာတွေမှာ တိုက်ပွဲမဖော်ဆောင်ဖို့ လိုတယ်။ အဲဒီအနီးနားမှာ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ မလုပ်ဖို့လိုတယ်။ ဒီရောဂါက လူစုလူဝေးနဲ့ နေဖို့အဆင်မပြေလို့ ရောဂါကို ကြောက်လို့ အန္တရာယ်တွေ ကြားက ကိုယ့်နေရပ်ကိုပြန်သွားတယ်။ အဲဒါကို ထပ်ပြီးတော့ တိုက်ပွဲတွေဖော်ဆောင်တာနဲ့ နယ်မြေရှင်းလင်းပြီးတော့ ထပ်ပြီး ထွက်မပြေးလာအောင်လုပ်ဖို့လိုတာပေါ့။
DMG-တိုက်ပွဲဖြစ်နေတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းစဉ်လုပ်ဖို့အတွက် ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။
ZZT- ရခိုင်ပြည်နယ်မှာက တိုက်ပွဲတွေရှိတယ်။ သွားလာ လို့မရတဲ့အခြေအနေတွေမှာ အများကြီးရှိတယ်။ အကန့်အသတ်တွေ များနေတယ်ပေါ့။ ကိုရိုနာရောဂါကို ကာကွယ်တားဆီးပေးနိုင်ဖို့အတွက် စစ်ပွဲက အဟန့်အတား ရှိတယ်။ စစ်ပွဲက စိုးရိမ်ရတဲ့အတွက် အကူညီပေးဖို့အတွက်ကို မသွားနိုင်တာမျိုးတွေရှိတယ်။ စစ်ပွဲနဲ့ ကိုရိုနာနဲ့ပေါင်းပြီးဆိုတော့ လုပ်ကိုင်ရတာက ပိုပြီးတော့ အခက်ခဲရှိတယ်။
DMG- စစ်ဘေးရှောင်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ပတ်သက်လို့ အစိုးရက ဘာတွေလုပ်နေ တာတွေ့ရလဲ။
ZZT- အစိုးရဌာနတွေကတော့ ဘာမှ ပေးတာမရှိဘူး။ အစိုးရက နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ လုပ်ဆောင်တာ တစ်ခုမှမရှိဘူး။ စစ်ဘေးရှောင်စခန်းတွေမှာက မြို့က စခန်းတွေမှာက လူမှုအဖွဲ့အစည်းတွေ ဌာနဆိုင်ရာအဖွဲ့တွေက ပညာပေးတာတွေ လုပ်ဆောင်တာတွေ့ရတယ်။ သို့ပေမဲ့ နယ်ဖက်တွေက စစ်ရှောင်စခန်းတွေကျတော့ အလှမ်းဝေးတော့ တခြားအဖွဲ့တွေလည်း မရောက်နိုင်ဘူး။ စစ်တွေက စစ်ဘေးရှောင် စခန်းတစ်ချို့မှာတော့ ကြက်ခြေနီအဖွဲ့တွေက ဆပ်ပြာတွေလာရောက် ပေးတာ တွေ့တယ်။ အစိုးရက အရောက်အပေါက်နည်းတယ်။
DMG- အစိုးရကလည်း စစ်ဘေးရှောင်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အသိပညာပေးမှုတွေ နည်းပါးနေတယ်ဆိုတော့ အသိပညာပေးမှုတွေလုပ်အောင် ဘယ်လိုတိုက်တွန်းချင်လဲ။
ZZT-အခုဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ အစိုးရဖက်ကလည်း လုံခြုံရေးအရသော်လည်းကောင်း တခြားလိုအပ်တဲ့ အရင်းအမြစ်တွေ အားနည်းနေသော်လည်းကောင်းပေါ့။ သူတို့မှာလည်း အားနည်းချက်တွေ အများကြီးရှိတယ်။ အစိုးရ အဖွဲ့တစ်ခုတည်းလည်းမဟုတ်ဘူး။ တခြားအစိုးရ ဌာနဆိုင်ရာတွေလည်းပါဝင်တာ ပေါ့။ သူတို့မှာ တခြားလိုအပ်တဲ့ အရင်းအမြစ်တွေ မပြည့်စုံတာ လုံခြုံရေးစိုးရိမ်ရတာ အဲဒါတွေကြောင့် လုပ်ရကိုင်ရတာ အခက်အခဲတွေ ရှိတယ်လို့သိရတယ်ပေါ့။ အစိုးရပေါ့ဆတာတစ်ခုက ဘာလဲဆိုတော့ ဒီကိစ္စမှာ ဒီရောဂါကို ဒီနေရာတစ်ခုမှာ ဒီမြို့တစ်ခုမှာ ဒီပြည်နယ်တစ်ခု မဖြစ်ချင်ဘူးဆိုရင် အဲဒီနေရာတွေ အားလုံးကို လုပ်ရမယ်။ သူတို့သွားလို့မရတာကြောင့် အဲဒီမှာ ဖြစ်ချင်ရာဖြစ် ပစ်ထားလို့မရဘူးလေ။ အဲဒါကို အားလုံးနေရာကို အကျုံးဝင်အောင် ဘယ်လိုလုပ်ရမလဲ ဘယ်သူတွေက လုပ်ရင်ရလဲ ။ ဘယ်သူတွေကလုပ်နိုင်လဲ အဲဒါတွေကို ကြည့်ပြီးတော့ လုပ်နိုင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို အဲဒီလူတွေကို ကြေညာရမယ်။ ခေါ်ရမယ်။ တန်းတူတန်းမျှဆွေးနွေးပြီးတော့ အဖြေရှာရမယ်။ အကုန်လုံးကို ဒီရောဂါနဲ့ ပတ်သတ်ပြီး မကူးစက်ရအောင် အကျုံးဝင်အောင် တစ်ယောက်မှ မကျန်ခဲ့ရအောင် စဉ်းစားရမယ်။ အခုက သူတို့ကကျတော့ သူတို့သွားလို့မရဘူးဆိုရင် မသွားဘူး။ လုပ်လို့မရရင် မလုပ်ဘူး။ အခုသူတို့မှာ အကြောင်းပြချက် ငါ့တို့ လုံခြုံရေးအရ သွားလို့မရဘူး အဲဒီလိုပြောနေမယ့်အစား ငါ့တို့လုပ်လို့မရရင် ဘယ်သူတွေက လုပ်လိုရလဲ ဆိုတာတွေကို ရှာရမယ်။
DMG- ခုလို ဖြေပေးတာကျေးဇူးတင်ပါတယ်။