အင်တာနက်ဖြတ်တောက်မှုကြောင့် ဘယ်လိုသက်ရောက်မှုဖြစ်ပေါ်နေလဲ

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်က မြို့နယ်(၉)မြို့နယ်ကို အစိုးရက အင်တာနက်ဖြတ်တောက်ထားသည်။ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိသည်ဟု အစိုးရက ပြောထားသည်။ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် မည်သို့သက်ရောက်မှုရှိသည်ကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များကို DMG က ဆက်သွယ်မေးမြန်းထားသည်။

By ခိုင်မြတ်နိုင် 27 Feb 2020

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်က မြို့နယ်(၉)မြို့နယ်ကို အစိုးရက အင်တာနက်ဖြတ်တောက်ထားသည်။ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိသည်ဟု အစိုးရက ပြောထားသည်။

တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် မြို့နယ်များကို အင်တာနက် ဖြတ်တောက်ထားသောကြောင့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ထိခိုက်နေသဖြင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသား/သူများက ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်နေကြသည်။

အင်တာနက်ဖြတ်တောက်ထားမှုကြောင့် မည်သို့သက်ရောက်မှုရှိသည်ကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များကို DMG က ဆက်သွယ်မေးမြန်းထားသည်။

ခိုင်မြတ်နိုင် (အလွတ်တန်းသတင်းထောက်) စုစည်းတင်ပြထားသည်။

(မှတ်ချက် - တစ်ချို့စကားလုံး အသုံးအနှုန်းမူရင်းတွင် “ရိုဟင်ဂျာ”ဟု သုံးနှုန်းထားပြီး DMG ၏ မူအရ ယင်းအသုံးအနှုန်းနေရာတွင် “မွတ်ဆလင်” ဟု ပြောင်းလဲသုံးနှုန်းထားပါသည်။)

(ဓာတ်ပုံ - မော်ကွန်း မဂ္ဂဇင်း)

ကိုမြတ်ဟိန်းထွန်း (အထွေထွေအတွင်းရေးမှူး)
ရခိုင်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)

အင်တာနက်ဖြတ်တောက်ထားမှုက အစိုးရကနေ စစ်ရေးအရ ဖြတ်တောက်ထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဓိကကတော့ အင်တာနက်ဖြတ်တောက်ထားမှုဟာ ကျနော်တို့ရဲ့ မျက်စိ၊ နားတွေတွေကို ပိတ်ထားလိုက်တာပဲ ဖြစ်တယ်။ အစိုးရက ရည်ရွယ်ချက်ချက်တစ်ခုခုနဲ့ ကျနော်တို့ရဲ့ ပြောရေးဆိုခွင့်တွေ၊ အခွင့်အရေးတွေကို ပိတ်ပင်လိုက်တာပေါ့။ အစိုးရတပ်တွေက ရခိုင်ပြည်သူတွေအပေါ်မှာ ကျူးလွန်ထားတဲ့ကိစ္စတွေကို လူသိရှင်ကြားမဖြစ်အောင်ဆိုပြီး ဖုံးဖိတဲ့သဘောပဲ ဖြစ်တယ်။ ဥပမာအားဖြင့်ဆိုရင် ဘူးသီးတောင်က စာသင်ကျောင်းတစ်ကျောင်းမှာ တပ်ကပစ်လိုက်တဲ့ အမြောက်တစ်ခုကျပြီးတော့ ကလေးတွေ ဒဏ်ရာရတဲ့ ပုံစံမျိုးပေါ့။ ဒီကိစ္စမှာဆို အင်တာနက်ဖြတ်တောက်ထားတာကြောင့် အချိန်နဲ့ တပြေးညီ မသိနိုင်တဲ့ ကိစ္စမျိုးတွေ ဖြစ်လာခဲ့တယ်။ ဗမာစစ်တပ်က မွတ်ဆလင်တွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ဖုံးကွယ်ချင်တာလည်း ဖြစ်နိုင်တယ်။ အခုအနေအထားက ရခိုင်မှာ မွတ်ဆလင်အသိုင်းအဝိုင်းတစ်ခုတည်းကို မဟုတ်ဘဲ ရခိုင်အသိုင်းအဝိုင်းကိုပါ ခြိမ်းခြောက်လာတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ အစိုးရက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ရှင်းလင်းနေတဲ့ ပုံစံမျိုးတွေ အဲ့ဒါတွေကို ဖုံးကွယ်ချင်တဲ့ ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ မြန်မာစစ်တပ်က ကျူးလွန်တဲ့ အမှုတွေကို မြန်မာအစိုးရ လိုက်လံဖုံးကွယ်ပေးနေတာမျိုးက ရခိုင်တွေအပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ၊ မွတ်ဆလင်တွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်တာတွေ ပိုဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။ အစိုးရက အင်တာနက်ဖြတ်တောက်ထားတာက အခုဆိုရင်တော်တော်ကြာနေပြီ။ ဒါက ဒီမိုကရေစီလို့ နာမည်ခံထားတဲ့ အစိုးရအတွက် ဘယ်လိုမှမလုပ်သင့်တဲ့ ကိစ္စမျိုးဖြစ်တယ်။ ပြည်သူတွေကို ကျောသားရင်သားမခွဲခြားတဲ့ အစိုးရလို့ ကိုယ့်ဟာကိုယ်ခံယူရင် အခုလိုအင်တာနက်ဖြတ်တောက်ထားမှုကို အစောဆုံးရုပ်သိမ်းပေးပါ။

နစ်ကီဒိုင်းမွန်း
မြန်မာ့လူ့အခွင့်အရေးကျွမ်းကျင်သူ၊ Fortify Rights

အဓိကကတော့ ရက္ခိုင့်တပ်တော်ကနေ ကြေညာချက်တစ်စောင်ထုတ်တယ်။ စစ်တပ်ကနေကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုပြီး အဲ့ဒီကြေညာချက်မှာပါတယ်။ ပြီးတော့ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားပြီးတော့ မြှုပ်နှံထားတဲ့နေရာတွေရဲ့ GPS Location တွေ ရက္ခိုင့်တပ်တော်မှာရှိတယ် ဆိုပြီး ကြေညာချက်တွေ တွေ့ရတယ်။ အဲ့ဒီ GPS Location တွေကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ၊ UN တို့ ICJ တို့က လိုအပ်မယ်ဆိုရင် အချက်အလက်တွေကို ပေးပို့မယ်ဆိုတဲ့ သဘောမျိုးပြောပြီးတဲ့နောက်မှာ အင်တာနက်ဖြတ်တောက်လိုက်တာကို တွေ့ရပါတယ်။

နောက်တစ်ခုက ရခိုင်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်ဟာ အကြီးအကျယ်တွေ တိုက်ပွဲဖြစ်နေတယ်။ စစ်တပ်ရဲ့သဘောတရားက ရက္ခိုင့်တပ်တော်ကို ထိုးစစ်ဆင်တော့မယ်၊ တိုက်တော့မယ်ဆိုတဲ့ အနေအထားမျိုးမှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်လိုက်တာမျိုး ဖြစ်တယ်။ ဆိုလိုတာက အင်တာနက်ဖြတ်တောက်ပြီးတာနဲ့ စစ်တပ်က ရက္ခိုင့်တပ်တော်ကို ဟက်လီကော်ပတာတွေရော၊ လေယာဉ်တွေရော ဒရုန်းတွေနဲ့ရော လက်နက်အပြည့်အစုံနဲ့ ထိုးစစ်ဆင်နေတာမျိုး တွေ့ရတယ်။ ထိုးစစ်ဆင်နေတုန်း စစ်တပ်ရဲ့ သဘောတရားအရ အမြဲဖြစ်လေ့ရှိတာက အရပ်သားတွေကို အမြဲတမ်းထိခိုက်မိပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ အမြဲတမ်းဖြစ်လေ့ရှိတယ်။

အင်တာနက်ဖြတ်တောက်ထားတာကြောင့် ထိုးစစ်ဆင်တာ ပိုပြီးပြင်းထန်လာတယ်။ ဆိုတော့ အဲ့ဒေသမှာနေတဲ့ ရခိုင်တွေလည်းထိခိုက်မယ်၊ မွတ်ဆလင်တွေလည်း ထိခိုက်မယ်။ ဒီလိုအခြေအနေမှာ ဖြတ်တောက်လိုက်တော့ အဲ့ဒီဒေသမှာနေထိုင်တဲ့ အရပ်သားပြည်သူတွေ ဘာတွေဖြစ်နေလဲ၊ ဘယ်လောက်ထိလူ့အခွင့်အရေး ချိုးဖောက်ခံနေရလဲဆိုတာတွေကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ သတင်းရယူဖို့အခက်အခဲတွေ အများကြီးဖြစ်သွားစေတယ်။ ICJ ကနေ Provisional Measures ချထားတာရှိတယ်။ အဲ့ဒီမှာ ဘာပါလဲဆိုတော့ မွတ်ဆလင်တွေအပေါ်မှာ ထပ်ပြီးတော့ Genocide Convention အရ သတ်ဖြတ်တာတွေ၊ မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ပြီး မဖြစ်ပေါ်အောင် တားဆီးရမယ်ဆိုတဲ့ ပုံစံမျိုးတွေပါတယ်။ အခုက ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲဖြစ်ရင်း မြန်မာစစ်တပ်ဟာ ခြေချော်လက်ချော်နဲ့ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်ဖြစ်နိုင်တယ်။ အင်တာနက်ပိတ်ဆို့ ထားခြင်းအားဖြင့် တချို့သတင်းတွေကို သတင်းအမှောင်ချထားသလိုဖြစ်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ထားမှုတွေကို နိုင်ငံတကာကနေ အချက်အလက်ရယူဖို့ ခက်ခဲအောင် လုပ်ထားတယ်လို့ မြင်တယ်။ ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ဗမာစစ်တပ်က လှုံ့ဆော်နေတယ်ဆိုတဲ့ အရာမျိုးတွေကို တွေ့ရတယ်။ ဒါ့ကြောင့် အင်တာနက် ဖြတ်တောက်လိုက်ခြင်းအားဖြင့် လူမျိုးမတူတဲ့သူတွေကြားထဲမှာရော ဘာသာမတူတဲ့သူတွေကြားထဲမှာပါ ဆက်သွယ်ရေးတွေ ပြတ်တောက်ပြီးတော့ အချင်းချင်းတစ်ခုခုဖြစ်တယ်ဆိုရင် မယုံသင်္ကာနဲ့ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခတွေပိုဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေသို့ ရောက်လာနိုင်တယ်။

အင်တာနက်ဖြတ်တောက်မှု မရှိဘူးဆိုရင် လက်နက်ကိုင်တိုက်ပွဲဖြစ်တဲ့အချိန်မှာ လက်ကိုင်ကိုင်တပ်ဖွဲ့တွေက လုပ်ထုံးလုပ်နည်းတွေနဲ့ ဆင်ခြင်ရမယ့် တာဝန်တွေ၊ ဝတ္တရားတွေကို လိုက်နာလား မလိုက်နာဘူးလား ဆိုတာကို သိနိုင်ပါတယ်။ အခုလို အင်တာနက်ဖြတ်တောက်ထားတယ်ဆိုတော့ သူတို့လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲနဲ့ အရပ်သားတွေအပေါ်မှာ ကျူးလွန်နိုင်ခြေတွေ မြင့်တက်သွားတယ်ပေါ့။ ဒါဟာ အစိုးရက မလုပ်သင့်တဲ့ အလုပ်ကို လုပ်တာလို့တောင် ပြောလို့ရတယ်။ ဆိုလိုတာက တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနိုင်တဲ့ အနေအထားမျိုးဖြစ်သွားတယ်။ ဒါ့ကြောင့် မြန်မာအစိုးရအနေနဲ့ အင်တာနက် ဖြတ်တောက်ထားမှုတွေကို အမြန်ဆုံးဖြေလျှော့ပေးဖို့ လိုအပ်ပါတယ်။

ကိုနေဆန်းလွင်
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ

အခုခေတ်မှာ အင်တာနက်က လူတိုင်းအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်တယ်။ အင်တာနက်ကို သတင်းအချက်အလက် တစ်ခုတည်းရယူရုံ မဟုတ်ဘဲ၊ အခြား ကျန်းမာရေး၊ ပညာရေး အသိပညာတွေရဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုဆက်ဆံရေးအတွက်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတယ်။ လုံခြုံရေးကို အကြောင်းပြပြီး အင်တာနက် ဖြတ်တောက်လိုက်ခြင်းက လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံလိုအပ်ချက်တစ်ခုကို ဖြတ်တောက်လိုက်ခြင်းသာ ဖြစ်တယ်။ လုံခြုံရေးကို အကြောင်းပြပြီး အင်တာနက်ဖြတ်တောက်လိုက်ခြင်းက ခိုင်မာတဲ့ အကြောင်းပြချက်တစ်ခု မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအင်တာနက်လိုင်းတွေကို အစိုးရအဖွဲ့အစည်းတွေက ထိန်းချုပ်ထားတယ်။ လုံခြုံရေးဆိုင်ရာအချက်အလက်တွေကို နည်းပညာတွေနဲ့ လေ့လာစောင့်ကြည့်လို့ရတယ်။ နိုင်ငံတကာမှာလည်း လုံခြုံရေးကို လေ့လာစောင့်ကြည့်ပြီး လိုအပ်သလို ကိုင်တွယ် ဖြေရှင်းတယ်။ ဒါပေမယ့် အခုလို အင်တာနက်လိုင်းကို ဖြတ်တောက်ပြီး ပြည်သူတွေ အခက်ကြုံရအောင် လုပ်နေတာမျိုး မရှိဘူး။

အင်တာနက်လိုင်း ဖြတ်တောက်လိုက်တဲ့အတွက် နောက်ထပ် တွေ့ကြုံရမယ့် အကြီးမားဆုံးအခက်အခဲကတော့ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အချိန်နဲ့တပြေးညီ သိခွင့်ရတော့မှာ မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က လူမှုအသိုင်းအဝိုင်း အားလုံးအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြဲကျူးလွန်နေတာတွေ ရှိတယ်။ အင်တာနက်ဖြတ်တောက်လိုက်တဲ့အတွက် ကျနော်တို့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်လာမှာကို အရမ်းကို စိုးရိမ်နေရတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အခြားဒေသအားလုံးမှာ အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးခွင့်ရပေမယ့် ကျနော်တို့ ရခိုင်ပြည်နယ်တစ်ခုတည်းကိုသာ အခုလို ဖြတ်တောက်လိုက်ခြင်းက အခြေခံလူ့အခွင့်အရေး ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်တယ်။ အင်တာနက်က လူတိုင်းအတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်တဲ့အတွက် လူတိုင်းမှာ သုံးစွဲပိုင်ခွင့် အခြေခံအခွင့်အရေး ရှိကိုရှိရမှာပါ။ ကျနော့်အနေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ယခင်က နှစ်လကျော် အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့နယ်တွေမှာ အခု ပြန်လည် ဖြတ်တောက်ခံထားရသလို၊ လပေါင်းများစွာ ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေလည်း ရှိပါတယ်။ အစိုးရအနေနဲ့ ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေအားလုံးမှာ အင်တာနက်ပြန်လည်သုံးစွဲခွင့်ပေးဖို့ တောင်းဆိုပါတယ်။ တစ်နိုင်ငံလုံးမှာ တူညီတဲ့ အခွင့်အရေး အားလုံးအတွက် ရှိဖို့ လိုပါတယ်။ 

ဒေါက်တာမောင်ဇာနည်
လူမျိုးတုံးသတ်ဖြတ်မှုလေ့လာရေးပညာရှင်နှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ

အင်တာနက်တို့ သတင်းတို့ အမှောင်ချတယ်ဆိုတာက အရင်တုန်းက ဦးနေဝင်းခေတ်တို့ စစ်အစိုးရခေတ်တို့တုန်းက လုပ်တာနဲ့ အတူတူပဲလေ။ အဲ့ဒီအချိန်တုန်းက ရန်ကုန်မြို့မှာ ကျောင်းသားတွေ ဆန္ဒပြလို့ စစ်တပ်က ပစ်ပြီ။ အလုပ်သမားတွေ ဆန္ဒပြလို့ ပစ်ပြီ။ နောက်ပြီးတော့ ရခိုင်မှာ ရခိုင်ပြည်သူတွေရဲ့ ဆန်တွေကို ဦးနေဝင်းက ပြည်ပသို့ရောင်းတယ်၊ ရခိုင်ပြည်သူတွေကိုကျတော့ အငတ်ထားတယ်။ အဲ့ဒီမှာ ပြည်သူတွေက လုရင် သေနတ်နဲ့ ပစ်ပြီ။ ဆိုတော့ ဒီလိုပုံစံမျိုးတွေမှာ စစ်တပ်က ဘာလုပ်လေ့ရှိလဲဆိုတော့ တယ်လီဖုန်းလိုင်းတွေကို ဖြတ်တောက်တာတွေ၊ လျှပ်စစ်မီးကို ဖြတ်တောက်ပစ်တာတွေ လုပ်ကြတယ်။ အခုလိုမျိုး အင်တာနက်ဖြတ်တောက်ပြီး အမှောင်ချလိုက်တယ်ဆိုတာက ဒုစရိုက်ကျူးလွန်ဖို့ လုပ်တာပဲ ဖြစ်တယ်။ ပြီးတော့ အင်တာနက်ဖြတ်တောက်တာဟာ တပ်မတော်ကလုပ်တာလား၊ NLD အစိုးရကလုပ်တာလား၊ နှစ်ခုလုံးက ပေါင်းပြီးလုပ်တာလားပေါ့။ ဘယ်သူကလုပ်လုပ် ဒုစရိုက်ကျူးလွန်ဖို့လုပ်တာပဲ ဆိုတာ သေချာတယ်။ စစ်သားနဲ့ တော်လှန်ရေးသမား တိုက်တယ်ခိုက်တယ်ဆိုတာက လက်နက်ကိုင်ချင်းတိုက်ကြတာ။ ဒါပေမယ့် ရခိုင်ပြည်သူတွေကို တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ မရအောင်၊ တစ်ယောက်နဲ့တစ်ယောက် အကူအညီတွေ ပေးလို့မရအောင်၊ ဘာဖြစ်နေလဲဆိုတာကို မိဘသားသမီးတွေ၊ ဆွေမျိုးတွေနဲ့ အခြားလူမှုအသိုင်းအဝိုင်းတွေကို သတင်းပေးလို့မရအောင် လုပ်တယ်ဆိုတာက စစ်ရာဇဝတ်မှုမြောက်ပါတယ်။

ဇန်နဝါရီ (၂၃)ရက်နေ့မှာ ICJ ကနေ မြန်မာပြည်ကို ယာယီစီမံချက် (၄)ခုချလိုက်တယ်။ အဲ့ဒီစီမံချက်အမိန့်ထဲမှာ မြန်မာနိုင်ငံက (၄)လအတွင်း အစီရင်ခံစာတင်ရမယ်ဆိုတဲ့ အမိန့်ပါတယ်။ အခုက မွတ်ဆလင်တွေကိုပဲ မဟုတ်တော့ဘဲနဲ့ ရခိုင်ပြည်သူတွေကိုပါ ဒုက္ခပေးတဲ့ အနေအထားမျိုးရောက်လာတယ်။ ဒါက ရခိုင်ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တာပဲ ဖြစ်တယ်။ ပြည်သူတွေသုံးလို့ရအောင် အင်တာနက်ဝန်ဆောင်မှုတွေ ပေးနေတာက နော်ဝေနိုင်ငံက တယ်လီနော၊ ကာတာနိုင်ငံက အော်ရီဒူး၊ နောက်တစ်ခုက နိုင်ငံတော်ကပိုင်တဲ့ တယ်လီဖုန်းကုမ္ပဏီတွေ ရှိတယ်။ ဆိုတော့ ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ အစိုးရခိုင်းသမျှကို လိုက်လုပ်တယ်ဆိုရင် အဲ့ဒီကုမ္ပဏီတွေမှာလည်း တာဝန်ရှိတယ်။ ဒီကုမ္ပဏီတွေက ငွေအတွက်လာလုပ်တာပဲ၊ နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူး။ သူတို့တွေက အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် ဒီကုမ္ပဏီတွေမှာလည်း Criminal Responsibility ဆိုတဲ့ ရာဇဝတ်ကျူးလွန်မှုဆိုင်ရာ တာဝန်ရှိတယ်။ ကမ္ဘာကြီးက ဒါကို သိဖို့လိုတယ်။ နို်င်ငံတကာအသိုင်းအဝိုင်းက အင်တာနက်ဖြတ်တောက်ထားတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တွေ ထုတ်တာတော့ တွေ့ရပါတယ်။ ကျနော်ထင်တာကတော့ နိုင်ငံတကာမှာဆိုတာထက် အီးယူသံရုံးတွေရှိတယ်၊ ကုလသမဂ္ဂအေဂျင်စီတွေရှိတယ်၊ ကုလသမဂ္ဂသတင်း အချက်အလက်ဌာနတွေ ရှိတယ်။ အဲ့ဒီအဖွဲ့အစည်းတွေကနေ ဖိအားပေးပြောဖို့လိုလိမ့်မယ်။ ဗမာပြည်မှာ သွားပြီးတော့ သံရုံးဖွင့်ထားတာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေ၊ ရုံးတွေဖွင့်ထားတာပဲဖြစ်ဖြစ် ဆယ်သွယ်လုပ်ဆောင်ကြတာတွေ ရှိတယ်လေ။

ပြီးတော့ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတွေကို ဘယ်သူကိုင်တာလဲ၊ ဆက်သွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်အောက်မှာ ရှိတာမဟုတ်ဘူးလေ။ ဆိုတော့ ဒီဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည် လက်အောက်မှာရှိတဲ့ ဝန်ကြီးဌာနပဲ ဖြစ်တယ်။ သူ့မှာ တာဝန်အပြည့်ရှိတယ်။ ကျမနဲ့မဆိုင်ဘူးဆိုပြီး လုပ်လို့မရဘူးလေ။ ဒီကိစ္စမှာ တပ်ကို သွားပြောလို့မရဘူး။ ဆက်သွယ်ရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်လက်အောက်မှာ ရှိတဲ့ ဝန်ကြီးဌာနဖြစ်တဲ့အတွက် သူ့မှာ အပြည့်အဝတာဝန်ရှိတယ်။ ဗမာအစိုးရကိုတော့ ကျနော့်အနေနဲ့ ဘာမှတောင်းဆိုဖို့မရှိဘူး။ လူလိုသိတတ်တဲ့ အစိုးရဆိုတာ ရှေးစကားအရ ပြောရမယ်ဆိုရင် ပြည်သူတွေကို ကျောသားရင်သားမခွဲခြားဘဲ တရားမျှတတဲ့ ခေါင်းဆောင်မှုမျိုးပေးရမှာပေါ့။ ရခိုင်တွေကထပြီးတော့ လက်နက်ကိုင်တယ်၊ ငါတို့ကို ဘာလုပ်တယ်၊ ညာလုပ်တယ်ဆိုပြီး ချေမှုန်းတာတို့၊ ဖြတ်(၄)ဖြတ်လုပ်တာတို့ လုပ်လို့မရဘူးလေ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း တပ်ကလုပ်သမျှကို လိုက်ကာပေးနေဖို့ မလိုဘူးလေ။ ဆိုတော့ ဒီလိုအင်တာနက်ဖြတ်တောက်တဲ့ ကိစ္စရပ်မျိုးမှာ တပ်ကိုပဲ အပြစ်ပုံချလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရမှာလည်း တာဝန်ရှိတယ်ဆိုတာကို နိုင်ငံတကာက သိဖို့လိုအပ်တယ်။ 

ကိုထူးချစ် (အမှုဆောင်ဒါရိုက်တာ)
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း

ဆက်သွယ်ရေးလမ်းကြောင်းတွေ အင်တာနက်ဖြတ်တောက်မှုတွေ လုပ်တယ်ဆိုတာက အာဏာရှင် ခေတ်အဆက်ဆက်မှာ လုပ်လေ့လုပ်ထရှိတဲ့ အရာတွေပဲ ဖြစ်တယ်။ အဓိကကတော့ စစ်ပွဲဖြစ်နေတာ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမယ်။ ဒုက္ခသည်တွေရှိလာမယ်။ ဒီလိုအရာတွေကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ နိုင်ငံတကာကို ချပြဖို့ လိုအပ်လာလိမ့်မယ်။ ပြီးတော့ အထောက်အထားမှတ်တမ်းတွေ ရှိတယ်ဆိုပေမယ့်လည်း အင်တာနက်မရှိဘူးဆိုရင် နိုင်ငံတကာသို့ တင်ပြတဲ့အခါကျရင် အခက်အခဲတွေရှိတာပေါ့။ အဲ့ဒါကြောင့် အင်တာနက် ဖြတ်တောက်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ တကယ်လို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားလုပ်တယ်ဆိုရင် အင်တာနက်ဖြတ်တောက်မှုတွေဟာ လုပ်စရာကို မလိုဘူး။ ကျနော်တို့အနေနဲ့ မြင်တာကတော့ အစိုးရအနေနဲ့ မရိုးမသားလုပ်တဲ့အတွက် အင်တာနက်ဖြတ်တောက်မှုကို လုပ်တယ်လို့ုပဲ မြင်တယ်။ ဒါ့ကြောင့် ကျနော့််အနေနဲ့ အင်တာနက်ဖြတ်တောက်တာကို အရမ်းစိုးရိမ်မိပါတယ်။ ပြီးတော့ ရခိုင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို ဘယ်သူမှမသိဘဲ ဖြစ်ပျက်နေမှာကို ကျနော့်အနေနဲ့ အရမ်းကို စိုးရိမ်မိပါတယ်။ တပ်မတော်က အစိုးရရဲ့ ညွှန်ကြားမှု၊ အုပ်ချုပ်မှုအောက်မှာ ရှိတယ်ဆိုတာကို တပ်မတော်အနေနဲ့ ကမ္ဘာကို ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား။ အခုကိစ္စ အင်တာနက် ဖြတ်တောက်မှုက အစိုးရမှာ လုံးလုံးလျားလျား တာဝန်ရှိတယ်။ ရခိုင်အပြင် အခြားသော တိုင်းရင်းသားဒေသတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ အင်တာနက်ဖြတ်တောက်မှုတွေ လုပ်လာမှာကို ကျနော့်အနေနဲ့ အရမ်းစိုးရိမ်မိတယ်။ ဒီအင်တာနက် ဖြတ်တောက်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာမသိအောင် နား၊ မျက်စိပိတ်ထားတဲ့ အရာတစ်ခုလို့ ကျနော့်အနေနဲ့ မြင်တယ်။ ပြီးတော့ ဖြေရှင်းဖို့ကို အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရကို တိုက်တွန်းချင်တာကတော့ တကယ်လို့သာ သူတို့အနေနဲ့ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းနဲ့အညီ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို ကာကွယ်ဆောင်ရွက်ချင်တယ် ဆိုရင်တော့ လွတ်လပ်စွာသတင်းရယူမှုကို ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်ပေါ့။ အင်တာနက်သုံးခွင့် ပြန်ရအောင် ဆောင်ရွက်သင့်တယ်လို့ အစိုးရကို ပြောချင်ပါတယ်။ အင်တာနက်ဖြတ်တောက်မှုဟာ တပ်မတော်မှာ လုံးဝတာဝန်မရှိပါဘူး။ အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

ကိုအောင်လှိုင်ဝင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

အင်တာနက်ဖြတ်တောက်တာကတော့ စစ်တပ်ရဲ့ ဗျူဟာတစ်ရပ်ပဲ ဖြစ်တယ်။ စစ်တပ်က မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းတောက်လျှောက်မှာ စုပေါင်းပြီးတော့ အပြစ်ပေးလေ့ရှိတယ်။ ဒါက ကိုလိုနီအင်္ဂလိပ်လက်ထက်မှာ ကျင့်သုံးခဲ့တဲ့ ပုံစံတစ်မျိုးလည်း ဖြစ်တယ်။ ဒီလိုစုပေါင်းအပြစ်ပေးခြင်းအားဖြင့် စစ်ကိုမလိုလားတော့အောင်၊ ပြည်သူအချင်းချင်းသွေးကွဲအောင် စည်းလုံးနေတဲ့ လူထုကို ပြန်ပြီးသွေးခွဲတဲ့ စစ်တပ်ရဲ့ ဗျူဟာတစ်မျိုးပေါ့။ အဲ့ဒီ စစ်တပ်ရဲ့ဗျူဟာကို အစိုးရကိုတင်ပြတဲ့အခါမှာ အစိုးရအနေနဲ့သဘောကျပြီး ဒီလိုအင်တာနက် ဖြတ်တောက်မှုကို လုပ်ဆောင်တာပဲ ဖြစ်တယ်။

အင်တာနက် ဖြတ်တောက်ခြင်းရဲ့ အကြောင်းတရားက ရခိုင်လူထုကြားထဲမှာ ပိုပြီးတော့ အချင်းချင်းကြားမှာ သွေးကွဲမှုဖြစ်လာအောင်၊ ကြောက်ရွံမှုဖြစ်လာအောင်၊ သူ့ကြောင့်ကိုယ့်ကြောင့် ဆိုတဲ့ အပြစ်တင်မှုတွေ ဖြစ်လာအောင် စုပေါင်းအပြစ်ပေးတဲ့ ပုံစံမျိုးနဲ့ အပြစ်ပေးဆောင်ရွက်တဲ့ ပုံစံမျိုးတစ်ခု ဖြစ်တယ်။ စစ်ရေးအကြောင်းပြချက်ထက်စာရင် လူထုကို ကြောက်လန့်သွားအောင် ခြောက်လှန့်တဲ့ ပုံစံမျိုးတစ်ခုလည်း ဖြစ်တယ်။ အင်တာနက်ဖြတ်တောက်တာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လက်တွေ့ မြေပြင်မှာ သိပ်တော့လည်း အကျိုးရှိတာမျိုးမဟုတ်ဘူး။ အင်တာနက် ဖြတ်တောက်ထားတာ မဟုတ်တဲ့ ရှမ်းတို့၊ ကချင်တို့မှာလည်း စစ်တပ်က ရက်ရက်စက်စက်ကျူးလွန်တာပဲလေ။ ရခိုင်ဒေသမှာပဲ ထူးထူးခြားခြား အင်တာနက်ပိတ်ရတဲ့ အကြောင်းကတော့ လူထုကြားမှာ ကြောက်ရွံ့မှုဖြစ်လာအောင်၊ လူထုအချင်းချင်းသွေးကွဲအောင် လုပ်တာပဲဖြစ်တယ်။ တစ်ဖက်မှာလည်း စစ်တပ်က ရခိုင်လူမျိုးတွေဟာ စည်းလုံးတယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိတာပေါ့နော်။ ဥပမာသွေးခွဲအောင် လုပ်ဆောင်တဲ့ပုံစံမျိုးမှာဆိုရင် ကရင်ပြည်နယ်မှာဆို KNU ကနေ DKBA ကွဲထွက်သွားတဲ့ ပုံစံမျိုးတွေရှိတာပေါ့နော်။ ဆိုတော့ ရေရှည်ကို မှန်းပြီးတော့ လုပ်လို့ရသမျှ နည်းလမ်းနဲ့ လုပ်ဆောင်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အင်တာနက်ဖွင့်ထားတဲ့ အချိန်မှာလည်း ကျူးလွန်တယ်။ ပိတ်ထားတဲ့ အချိန်မှာလည်း ကျူးလွန်တာပဲလေ။ ပိတ်လိုက်တော့ ကမ္ဘာက မသိတော့တဲ့ အနေအထားမျိုးဖြစ်နေတာပေါ့။ စစ်အုပ်စုကတော့ အင်တာနက်ကို အဲ့လောက်ကြောက်မယ့် ပုံစံမျိုးမဟုတ်ဘူး။

မြန်မာနိုင်ငံမှာ လိုင်စင်ယူပြီး လာလုပ်နေကြတဲ့ နိုင်ငံတကာက ကုမ္ပဏီတွေအနေနဲ့လည်း ဒီလောက်ဆို သိသင့်ပါပြီ။ ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းတွေဟာ အာဏာရှင်လက်အောက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လေ့မရှိကြဘူး။ ဥရောပကုမ္ပဏီတွေအနေနဲ့ ဒီလိုဖိနှိပ်တဲ့ အုပ်ချုပ်ရေးအောက်မှာ အရှက်သိက္ခာမဲ့စွာနဲ့ အခုလိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတာကတော့ မဖြစ်သင့်ဘူး။ သူတို့တွေရဲU ဂုဏ်သိက္ခာတွေလည်း ကျလာနိုင်တယ်။ အခုတောင် ကီရင်ဂျပန်ဘီယာ ကုမ္ပဏီအနေနဲ့ ပြဿနာတွေ တက်နေတယ်ပေါ့။ ဆိုလိုတာက တချိန်တုန်းက လက်တွဲလုပ်ဖူးခဲ့တယ်ဆိုတဲ့ ပုံရိပ်က သူတို့အတွက် အရှက်ရစေလိမ့်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အဲ့ဒါကြောင့် ဖိနှိပ်တဲ့ မူဝါဒတွေအောက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့၊ ပြီးတော့ အကယ်၍ ပြည်သူတွေကို ဖိနှိပ်ဖို့ ညွှန်ကြားချက်တွေ ရလာတယ်ဆိုရင်လည်း ကုမ္ပဏီတွေအနေနဲ့ နိုင်ငံတကာသိအောင် ချပြဖို့က ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာအတွက် အများကြီးလိုအပ်ပါတယ်။

အင်တာနက်ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး ရခိုင်ဒေသက လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ တင်ပြဖို့ ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်မှု မရခဲ့ဘူးပေါ့။ မြန်မာနိုင်ငံကို ပြည်ထောင်စုစနစ် တည်ထောင်နေတယ်ဆိုပြီးတော့ ဒေသတစ်ခုကို ကွက်ပြီးတော့ လူတွေအားလုံးကို အရေးယူတဲ့ ပုံစံမျိုးကို အစိုးရကနေဦးဆောင်ပြီး အကောင်အထည်ဖော်နေတာကတော့ တော်တော်ကြီး မတရားဘူး။ တိုင်းပြည်မှာ အစိုးရဆိုတာ တပြေးညီကျင့်သုံးရမယ့်အစား ကွက်ပြီးတော့ လူမျိုးတစ်မျိုးကို အရေးယူနေတာမျိုးတွေ၊ အပြစ်ပေးနေတာမျိုးတွေ မလုပ်သင့်ဘူးလို့ ကျနော့်အနေနဲ့ မြင်မိပါတယ်။