ဆန္ဒပြကျောင်းသားသုံးဦးကို ဘေးစီမံဥပဒေဖြင့် ချုပ်နှောင်ထားမှုအပေါ် အမြင်များ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားသုံးဦးကို ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ ဖြင့် ချုပ်ရမန်ရယူထားသည်။

13 Sep 2020

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားသုံးဦးကို ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ ဖြင့် ချုပ်ရမန်ရယူထားသည်။

ယင်းပုဒ်မသည် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ကျောင်းသားသုံးဦးက ဆန္ဒဖော်ထုတ်သည်ကို ယင်းသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်လှစ်ထားသည့်အပေါ် ဝေဖန်မှုများရှိနေကြသည်။

အဆိုပါကျောင်းသားသုံးဦး၏ လုပ်ရပ်နှင့် လက်ရှိဖွင့်လှစ်ထားသည့်အမှုအပေါ် ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများက မည်ကဲ့သို့ရှုမြင်ကြသည်ကို DMG သတင်းထောက် အောင်ထိန်က မေးမြန်းတင်ပြထားပါသည်။

ကိုဘုန်းပြည့်ဖြိုး (ဒု-ဥက္ကဋ္ဌ)
စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ

ကျနော့်အနေနဲ့ သုံးသပ်မိထာကတော့ ဥပဒေကို လက်တလုံးခြားလုပ်တယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဖြစ်စဉ်ကို သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ငြိမ်စုစီနဲ့ငြိနိုင်တယ်။ သို့မဟုတ် ကူးစက်ရောဂါထိန်းချုပ်ရေးဥပဒေပေါ့ အဲဒါနဲ့ငြိနိုင်ခြေရှိတယ်။ သို့သော်လည်း စွဲချက်တင်ထားတာဟာ သဘာဝဘေးအန္တရာယ်နဲ့ စွဲချက်တင်ထားတယ်ပေါ့။ စွဲချက်တင်ထားတာကို ကြည့်မယ်ဆိုရင် ရှေ့ကပုဒ်မနှစ်ခုဟာ အာမခံရနိုင်တဲ့ ပုဒ်မနှစ်ခုပေါ့။ အာမခံရပြီးရင် တရားစွဲမယ်၊ တရားရုံးတက်မယ်ပေါ့။ အခုပုဒ်မတပ်လိုက်ခြင်းဟာ ဘာဖြစ်နေလဲဆိုရင် စစ်ဆေးဖို့အတွက် ရမန်ရနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ဒီဟာကို ပြန်ပြီးသုံးသပ်မယ်ဆိုရင် ကျောင်းသားသုံးယောက်ကို တမင်ရည်ရွယ်ပြီး အချုပ်ခန်းမှာထားချင်တဲ့ ရည်ရွယ်ချက်လား။ ဒါမှမဟုတ် ဘယ်လိုမျိုးရည်ရွယ်ချက်တစ်ခုလဲ၊ တမင်လုပ်တာလားဆိုတာကို နားလည်ဖို့လိုတယ်။ တကယ်လို့ ကြည့်မယ်ဆိုရင် ရှေ့ကပုဒ်မနှစ်ခုနဲ့သာ သက်ဆိုင်တယ်။ သက်ဆိုင်တဲ့ပုဒ်မနဲ့မစွဲဘဲ သဘာဝဘေးအန္တရာယ်ပုဒ်မနဲ့ စွဲလိုက်တာဟာ မြန်မာနိုင်ငံမှာ ဥပဒေကို ဘယ်လိုမျိုးအသုံးချနေတာကို ကျနော်ကောင်းကောင်းမြင်သွားတယ်ပေါ့။

ဒေါ်လှလှရီ (တရားလွှတ်တော်ရှေ့နေ)
ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)

အခုက ကျွန်မမြင်တဲ့အနေအထားမှာဆိုလို့ရှိရင် ရမန်ယူထားတာပေါ့။ ရမန်အဆင့်မှာ အဲဒီပုဒ်မတပ်ထားပေမယ့် မြို့နယ်ဥပဒေအရာရှိရဲ့ အကြံပေးချက်ဟာ တော်တော်လေး အရေးကြီးတယ်။ အခုက အဲဒီပုဒ်မနဲ့ ရမန်ယူထားတာဖြစ်ပေမယ့် အမှု တကယ်ကို တရားရုံးစွဲတင်တဲ့အချိန်မှာလည်း မြို့နယ်ဥပဒေအကြံပေးတောင်းလို့ အဲဒီပုဒ်မနဲ့ပဲ တင်လာမယ်ဆိုရင် ကျောင်းသားတွေဖက်က စွဲဆိုထားတဲ့ပုဒ်မနဲ့ ကိုက်ညီမှုရှိ/မရှိဆိုတာကို Fair trial right မျှတတဲ့တရားစီရင်ရေး အခွင့်အရေးတွေနဲ့ သေသေချာချာ Defend လုပ်ဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆန္ဒဖော်ထုတ်တာဟာ ငြိမ်းစုစီဥပဒေနဲ့ပဲ ဖွင့်သင့်တယ်လို့ ယေဘုယျအားဖြင့် သုံးသပ်ပြောချင်တယ်ပေါ့။

နောက်ထပ်ပြောလိုတာက ဒီအမှုမှာ မြို့နယ်ဥပဒေအရာရှိရဲ့ ဥပဒေအကြံပြုချက်က တော်တော်အရေးကြီးပါတယ်။ တကယ့်ကိုပဲ လူတစ်ယောက်ကို တရားစွဲဆိုမယ်ဆိုရင် အဲဒီလူအမှန်တကယ်ပြုလုပ်တဲ့ အပြုအမူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဥပဒေနဲ့သာလျှင် တရားစွဲဆိုတာမျိုး ဖြစ်သင့်တယ်ပေါ့။ ဒီဟာက Fair trial right မျှတတဲ့တရားစီရင်ရေး အခွင့်အရေးအရလည်း ပြုလုပ်တဲ့ ပြုလုပ်ချက်နဲ့ပတ်သက်တဲ့ ဥပဒေစွဲဆိုတင်တာပဲ ဖြစ်သင့်ပါတယ်။ အဲလိုမှမဟုတ်ဘူးဆိုရင် စွဲဆိုခံရသူတွေကို ညှင်းပန်းတဲ့သဘော သက်ရောက်နိုင်ပါတယ်။ မျှတတဲ့တရားစီရင်ရေး အခွင့်အရေးမူတွေအရရော၊ လူ့အခွင့်အရေးအရပါ ပြုလုပ်တဲလုပ်ဆောင်ချက်နဲ့ သက်ဆိုင်တဲ့ဥပဒေနဲ့သာ စွဲဆိုတင်ပို့ဖို့လိုပါတယ်။ ဒါမှသာ စွဲဆိုခံရသူများအဖို့လည်း မျှတတဲ့တရားစီရင်ရေး အခွင့်အရေးတွေဖြစ်တဲ့ အာမခံအချုပ်လွှတ်ထုချေခွင့်တွေ အပါအဝင် တရားမျှတမှုကို ပိုပြီးရရှိစေမှာဖြစ်ပါတယ်။

ဦးဇော်ဇော်မင်း (အထက်တန်းရှေ့နေ)
ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

ကျောင်းသားတွေဆန္ဒပြတာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ စွဲတာကတော့ တလွဲသုံးတယ်လို့မြင်တယ်။ အာမခံမပေးချင်လို့ ဒီပုဒ်မနဲ့ပဲစွဲတယ်လို့ ကျနော်တို့ကတော့ သုံးသပ်တွေ့ရှိမိတယ်။ အစတုန်းက ရဲစခန်းက အမှုဖွင့်တုန်းကတော့ ငြိမ်စုစီပုဒ်မ ၁၉ နဲ့ဖွင့်တယ်လို့ ကျနော်တို့ သိရှိရတယ်။

ဒီဟာကကျတော့ သူတို့မနေ့ကစပြီးတော့ အမှုဖွင့်တာပေါ့နော်။ ရဲက ၂၄ နာရီထက်ကျော်လွန်ပြီးတော့ ချုပ်ထားတာတော့။ သူတို့က နီးစပ်ရာတရားရုံးမှာ ချုပ်မိန့်တောင်းပြီးတော့ ချုပ်ရမန်ယူလိုက်တယ်။
ဒီဟာက တရားစွဲတဲ့အခန်းကိုလည်း မရောက်သေးဘူး။ အမှုက ရဲလက်ထဲမှာပဲ ရှိသေးတယ်ပေါ့။ ရဲကစုံစမ်းစစ်ဆေးဦးမယ်။ ပြီးမှ ဥပဒေအကြံတောင်းရဦးမယ်။ အဲဒီပုဒ်မနဲ့စွဲဆိုဖို့ သက်သေတွေအပေါ်မှာ မြောက်၊ မမြောက်ဆိုတဲ့ တစ်ချက်ကလည်း ရှိပါသေးတယ်။ ဥပဒေအရာရှိက အကြံပေးမှသာလျှင် အဲဒီပုဒ်မနဲ့ တရားစွဲဆိုလာမှာ ဖြစ်ပါတယ်။

တရားမစွဲခင် အဲဒီပုဒ်မကို ကျနော်တို့က ပြောင်းစေချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကလူသုံးဦးပဲရှိတယ်။ အရေးယူအမှုဖွင့်မယ်ဆိုရင်လည်း သူတို့က ကြိုတင်အသိပေးခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်တဲ့အတွက်ကြောင့် ငြိမ်းစုစီနဲ့ပဲ အရေးယူအမှုဖွင့်လို့ရနိုင်မှာပဲလို့ ကျနော်တို့ကမြင်တယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ကတော့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ချက်တွေနဲ့ လွဲနေတယ်။

ကိုသန်းလှ (လူငယ်ခေါင်းဆောင်)
ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်

ဒီဟာ သက်သက်ကို ညစ်တာဖြစ်တယ်။ သူတို့တောင်းဆိုတဲ့အချိန်မှာ လူသုံးယောက်ပဲလုပ်တာ။ ကျောင်းသားတွေတောင်းဆိုတဲ့နေ့မှာလည်း လူစုလူဝေးတွေလည်း မရှိဘူး။ လူစုလူဝေးလည်းမဖြစ်ဘူး။ သူတို့ကဖမ်းဆီးပြီးလို့ ရဲစခန်းထဲရောက်မှ အာမခံပေးပြီး ပြန်လွှတ်ပေးဖို့အတွက်ကို ကျောင်းသားတွေက တောင်းဆိုတာဖြစ်တယ်။ လက်ရှိသူတို့ကိုစွဲထားတဲ့ ဥပဒေနဲ့အကျုံးမဝင်ဘူး၊ ဘာမှလည်းမဆိုင်ဘူး။ အဲဒါက အစိုးရက သပ်သပ်ညစ်တာပဲလို့မြင်တယ်။ ဥပဒေကိုချိုးဖောက်တယ်။ အစိုးရဟာ လက်ရှိကျောင်းသားတွေကို တရားဥပဒေအရ သေသေချာချာလုပ်တာမဟုတ်ဘဲ ဥပဒေကို ဘောင်ကျော်လုပ်တယ်ပေါ့။

သူတို့ကို တရားစွဲမယ်ဆိုရင်လည်း ငြိမ်းစုစီပုဒ်မ ၁၉ နဲ့စွဲပေါ့။ သူတို့ ဆန္ဒပြတောင်းဆိုတဲ့အချိန်မှာ ခွင့်ပြုချက်မတင်ခဲ့တဲ့အတွက် ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ပဲ အကျုံးဝင်မှာပေါ့။ အခုကအဲလိုမဟုတ်ပဲ သူတို့က လူစုလူဝေး ဖြစ်စေတယ်။ ကျောင်းသားတွေတောင်းဆိုနေချိန်မှာ လူစုလူဝေးဖြစ်တယ်ပုံစံမျိုးပြောတယ်။ အဲဒါက ဘာမှမဆိုင်ဘူး။ သူတို့လုပ်နေတဲ့အချိန်မှာ မီဒီယာသုံးလေးယောက်ပဲ ရောက်တယ်။ ဆန္ဒပြတဲ့အခါမှာလည်း Mask တွေ၊ လက်အိတ်တွေနဲ့ တကယ့်ကိုကို ဗစ်နဲ့ပတ်သက်ပြီးကာကွယ်ထားတယ်။ အခုအမှုနဲ့ ဘာမှလည်း မသက်ဆိုင်ဘူး။

ကိုရဲဝေဖြိုးအောင်
အသံ - လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့

အဓိကတော့ အပိုင်းနှစ်ပိုင်းခွဲခြားနေတယ်။ တစ်ပိုင်းကတော့ ဒီကိုဗစ်နဲ့ပတ်သက်တာတော့ပေါ့နော်။ တစ်နိုင်ငံလုံးမှာ ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ အမိန့်တွေထုတ်ပြန်တာတွေ၊ ညွှန်ကြားမှုလုပ်ဆောင်တာတွေ၊ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေက ရောဂါပိုးကို ကာကွယ်ရုံသက်သက်မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ ဖိနှိပ်ချင်လို့ဆိုတာကို သွားတွေ့ရတယ်။

ဆိုတော့ ကိုဗစ်ဖြစ်လာတဲ့အခါမှာ ကပ်ရောဂါကိုအကြောင်းပြပြီးမှ အစိုးရက လူထုကနေပြီး ပါဝင်ပတ်သက်နိုင်တဲ့ လူထုရဲ့အခန်းကဏ္ဍ၊ လူထုရဲ့ပါဝင်နိုင်မှုတွေကို ကျုံ့သွားအောင် လုပ်တယ်။ ဥပမာ စီးပွားရေးမှာဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ၊ ပြီးတော့လူထုက အစိုးရကို ပြန်လည်စောင့်ကြည့်ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်တွေ အကုန်လုံးမှာ ပိတ်သွားအောင် လုပ်လိုက်တယ်ပေါ့။ အခုပါတီတွေ မဲဆွယ်စည်းရုံးတဲ့ဟာဆိုလို့ရှိရင် လူစုလို့ရတယ်။ သို့သော် ဆန္ဒပြပွဲလုပ်တော့မယ်ဆိုရင် လူစုလို့မရတော့ဘူး။ ပါတီကနေပြီး စည်းရုံးရေးလုပ်တော့မယ်ဆိုလို့ရှိရင် လူသုံးဆယ်၊ လူငါးဆယ် စတဲ့ လူဦးရေသတ်မှတ်ပြီးတော့ စုလို့ရတယ်ဆိုပြီး နိုင်ငံတော်အစိုးရတွေက ပြဋ္ဌာန်းထားတယ်။ အဲမှာ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပြည်သူတွေက ဆန္ဒပြချင်လို့ရှိရင် လူသုံးယောက်ကိုလည်း တရားစွဲတာတွေ့ရတာပဲ။ ဆိုလိုချင်တာက ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ အစိုးရတွေက ပိုပြီးတော့ဖိနှိပ်လာတယ်။ ကိုဗစ်ကို အကြောင်းပြပြီးတော့ လူထုရဲ့လူမှုဆိုင်ရာ အခန်းကဏ္ဍတွေကို လျော့ချလိုက်တယ်။ လျော့ချပြီးတော့မှ အစိုးရရဲ့ဖိနှိပ်တဲ့ဟာတွေ၊ အစိုးရရဲ့အာဏာပါဝါချုပ်ကိုင်မှုကို ပိုမိုပြီးတော့ တက်လာအောင် လုပ်နေမှုကိုတွေ့ရတယ်ပေါ့။

နောက်တစ်ပိုင်းက အခုဆိုရင် ရခိုင်ပြည်တွင်းစစ်မှာ လက်ရှိအစိုးရရော၊ လက်ရှိစစ်တပ်ရော ဖိနှိပ်မှုပုံစံတွေက အမျိုးမျိုးပြလာတာကို တွေ့ရတယ်။ ဆိုတော့ အင်တာနက်တွေ ဖြတ်တောက်တားတယ်။ Website တွေကို ပိတ်ထားတယ်။ အင်တာနက်ဖြတ်တောက်တာတွေ၊ Website တွေကိုပိတ်တာတွေကို ဆန့်ကျင်ပြီးတော့ အရင်တုန်းက ဆန္ဒပြခဲ့တဲ့လူတွေအပေါ်မှာလည်း ပြန်လှန်ပြီးတော့ တရားစွဲဆိုတာတွေ ဖြစ်စဉ်တွေအများကြီး ရှိခဲ့တယ်။ ထောင်တွေဘာတွေကျတာတွေရှိတယ်။ အခုဆိုလို့ရှိရင်လည်းပဲ ရခိုင်ပြည်တွင်းစစ်မှာ ပြည်တွင်းစစ်ရပ်တန့်ရေးအတွက် ဟိုတစ်နေ့က ကျောင်းသားတွေဆန္ဒပြတဲ့ ကိစ္စဆိုလို့ရှိရင် ရခိုင်ပြည်နယ်အစိုးရကို အယုံအကြည်မရှိတဲ့အကြောင်း၊ စစ်တပ်ကနေပြီး ရာဇဝတ်မှုကျူးလွန်တာတွေ ရပ်တန့်ဖို့ရယ်၊ ပြီးတော့ အင်တာနက် ပြန်လည်ဖွင့်ပေးဖို့။ ဒါတွေကို တောင်းဆိုတဲ့အခါမှာလည်း ပြန်လည်ပြီးတော့ ဖမ်းဆီးတာတွေ၊ တရားစွဲဆိုတာတွေကို တွေ့ရတယ်ပေါ့။ ဆိုလိုချင်တာက ရခိုင်ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ရှိရင် အစိုးရရော၊ စစ်တပ်ကရော တင်းတင်းကျပ်ကျပ်ကိုမှ ဖိနှိပ်ထားတာ။ လူ့အခွင့်အရေးချိုးဖောက်အရာတွေကို အများအပြားတွေ့ရတယ်ပေါ့။ ပြီးတော့ တကယ်တမ်း ပြည်သူတွေရဲ့အသံကိုလည်း နားမထောင်ဘူးပေါ့။ ပြည်သူတွေရဲ့အသံကို နားမထောင်ဘဲ အစိုးရက သူ့ရဲ့စိတ်ဆန္ဒအရ၊ အာသိသအရ၊ စစ်တပ်ကလည်းပဲ သူ့ရဲ့ စိတ်အာသိသအရ လုပ်ချင်တာကို ဘယ်သူ့မျက်နှာမှ မထောက်ဘဲနဲ့ လုပ်ခိုင်းနေတာတွေကို တွေ့ရတယ်။