အနာဂတ်အိပ်မက် ပျောက်ဆုံးနေသည့် ရခိုင်က အမျိုးသမီးငယ်များ၏ စကားသံ
ကျေးလက်ဒေသက တက္ကသိုလ်ကျောင်းသူများအပါအဝင် လူငယ်အမျိုးသမီးများသည် ဘဝတက်လမ်း အခွင့်အလမ်းများ မရရှိနိုင်တော့သဖြင့် အိမ်မှုကိစ္စ (မီးဖိုချောင်အလုပ်) နှင့် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ဖြတ်သန်းနေကြသည်။
27 Sep 2024
DMG ၊ စက်တင်ဘာ ၂၇
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍအသီးသီး၌ အခက်အခဲ စိန်ခေါ်မှုများကို ဒေသခံပြည်သူများ ရင်ဆိုင်နေကြရသည်။
ထိုအထဲတွင် ကျေးလက်ဒေသက တက္ကသိုလ်ကျောင်းသူများအပါအဝင် လူငယ်အမျိုးသမီးများသည် ဘဝတက်လမ်း အခွင့်အလမ်းများ မရရှိနိုင်တော့သဖြင့် အိမ်မှုကိစ္စ (မီးဖိုချောင်အလုပ်) နှင့် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ဖြတ်သန်းနေကြသည်။
လူငယ်တစ်ဦးချင်းတွင် အနာဂတ်အတွက် ရည်မှန်းချက်ကိုယ်စီ ရှိကြသော်လည်း ယခုအခါ မနက်ဖြန်တိုင်းကို စမ်းတဝါးဝါးနှင့် လျှောက်လှမ်းနေကြရသည်ဟု ပြောဆိုကြသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ကျေးလက်ဒေသက လူငယ်အမျိုးသမီးများ၏ အသံတချို့ကို DMG က မေးမြန်းဖော်ပြလိုက်သည်။
မလှဌေးဖြူ (တင်းမကျေးရွာ၊ ကျောက်တော်မြို့နယ်)
စစ်ဘေးရှောင်ဘဝကနေ ရွာကိုပြန်ရောက်တော့လည်း ဘာမှလုပ်ကိုင်စရာ မရှိဘူး။ အရင်လို သင်တန်းတက်တာတို့ တခြားနည်းပညာရပ်တစ်ခုခု သင်ကြားဖို့ကလည်း ပိုက်ဆံမရှိသလို သင်ကြားပေးမယ့်သူလည်း မရှိဘူးလေ။ အခုတော့ ရွာမှာရှိတဲ့အလုပ်ကိုပဲ လုပ်ကိုင်နေရတာပေါ့။ မျှစ်သွားချိုး၊ ဒညှင်းသီးခူးပြီး ရွာမှာပတ်ရောင်းတယ်။ တစ်ရက်မှာ ပိုက်ဆံ ၅,၀၀၀ လောက်ရမလားဆိုပြီး တောတောင်ထဲ သွားနေရတာပေါ့။ ကောက်စိုက်၊ ပျိုးနှုတ်၊ အငှားလည်း လိုက်တယ်။ ဒီလိုပဲ သင်ယူလေ့လာစရာလည်း မရှိတော့ ရတဲ့အလုပ်ကို လုပ်နေရတယ်။
မမြတ်ယမုံ (တက္ကသိုလ်ကျောင်းသူ၊ ပေါက်တောမြို့နယ်)
အရင်ကတော့ စစ်တွေမှာ တက္ကသိုလ်တက်ရင်း ကွန်ပျူတာသင်တန်း တက်နေခဲ့တာ။ စစ်တွေကနေ ရှောင်လာရတော့ ကျမတို့နေတဲ့ရွာမှာ ကိုယ်တတ်ထားတဲ့ပညာကိုလည်း အသုံးချလို့မရ။ အလုပ်လည်း မရှိတော့ ဝင်ငွေမရှိဘူး။ အခု ထမင်းချက်ဖို့အတွက် ထင်းဝယ်သုံးဖို့ ပိုက်ဆံမလုံလောက်လို့ တောင်ပေါ်တက်ပြီး ထင်းခုတ်နေရတယ်။ အမှန်တိုင်းပြောရရင် ဒီလိုလုပ်လာရမယ်လို့ တစ်ခါမှမတွေးမိခဲ့ပေမဲ့ အခုလုပ်ရတာပေါ့နော်။ အခုဆိုရင် ရွာမှာရှိတဲ့ အမျိုးသမီးငယ်တွေက အိမ်မှာ ထမင်းချက်လိုက်၊ အားရင် တောင်တက်ပြီး ထင်းခုတ်လိုက်နဲ့ ဒီလိုဖြတ်သန်းနေကြရတယ်။ ဘာဆိုဘာမှ လုပ်စရာမရှိတော့ အချိန်တန်ရင် ထမင်းချက်လိုက်၊ ရေခပ်လိုက်၊ ထင်းခုတ်လိုက် အဲလောက်ပဲရှိတယ်။
မခိုင်နှင်းဝေ (ခွဆုံကျေးရွာ၊ မြောက်ဦးမြို့နယ်)
အရင်လကတော့ တစ်ရက်မှာတစ်သောင်းနဲ့ ကောက်စိုက်၊ ပျိုးနှုတ် အငှားလိုက်တယ်။ အခု ဘာအလုပ်မှမရှိ။ အိပ်လိုက်၊ စားလိုက်၊ ဂိမ်းဆော့လိုက်၊ ဇာတ်ကားကြည့်လိုက်။ ကျမတို့မှာ လူငယ်ပီပီ ကိုယ်လုပ်ချင်တာလည်း မလုပ်ရသလို လုပ်ဖို့အခွင့်အရေးတွေလည်း မရှိတော့ဘူး။ အနာဂတ်ဆိုတာ ဘာမှန်း ရေရေရာရာ မသိတော့ဘူး။ စစ်တွေမှာ ဒီဇိုင်နာသင်တန်းတက်ဖို့ စီစဉ်ထားတာ။ နိုင်ငံရေးအခြေအနေ မကောင်းတော့ ဘာမှဆက်လုပ်လို့ မရတော့ဘူး။ ရွာမှာလည်း အရင်လို အရပ်ဖက်အဖွဲ့အစည်းတို့၊ NGO အဖွဲ့အစည်းတွေက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ဖို့ သင်တန်းတွေပို့ချပေးတာလည်း မရှိတော့ဘူး။ ရန်ကုန်ဘက်သို့ သွားမယ်ဆိုရင်လည်း ငွေကြေးမတတ်နိုင်တာရယ်၊ လမ်းခရီး အဆင်မပြေတာတွေကြောင့် အခက်အခဲက အများကြီးရှိတယ်။ ဘယ်နေ့ ဘာဖြစ်လာမယ်မှန်းကို မသိတော့တာ။ ဒီကာလမှာ အကုန်လုံးက စိတ်ဓာတ်တွေလည်း ကျကြတယ်။
မဆွေဆွေ (ဘူးသီးတောင်မြို့နယ်)
လူငယ်တွေအကုန်လုံးက လမ်းပျောက်နေကြတယ်။ လုပ်စရာလည်း မရှိ၊ ရွေးချယ်စရာလည်း မရှိဘူး။ တချို့လူငယ်တွေဆိုရင် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွားတာလည်း ရှိတယ်။ အခု ကျမတို့လူငယ်တွေဟာ မိဘအလုပ်ကို ဝိုင်းကူလိုက် ထမင်းချက်လိုက် အကုန်လုံးက လေလွင့်နေကြပြီ။ တခြား ကိုယ်ပိုင်အလုပ် လုပ်မယ်ဆိုရင်လည်း ငွေကြေးက မတတ်နိုင်။ တကယ်… ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ ဖြစ်နေတယ်။