AA စစ်ရေးအောင်မြင်တာ ဘာကြောင့်လဲ

အာရက္ခတပ်တော်၏ ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမက စစ်ကောင်စီကို တော်လှန်နေကြသော တော်လှန်ရေးအဖွဲအစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှု ဖြစ်ကြောင်း AA က ဆိုသည်။

By Admin 21 Dec 2024

သံတွဲအခြေစိုက် မောင်ရွှေလေးရေတပ်စခန်းအား သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
သံတွဲအခြေစိုက် မောင်ရွှေလေးရေတပ်စခန်းအား သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဒီဇင်ဘာ ၂၁

“ရခိုင်ပြည်အတွင်း စစ်ကောင်စီကင်းစင်ရမည်” ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော်(AA)သည် လက်ရှိတွင် ရခိုင်က မြို့နယ် ၁၃ ခုနှင့် ချင်းပြည်နယ် ပလက်ဝအပါအဝင် မြို့နယ် ၁၄ ခုကို အပြီးသတ် သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့အစည်းများထဲတွင် အာရက္ခတပ်တော်သည် စစ်ရေးအောင်မြင်ဆုံးအဖွဲ့ဟု ပြည်တွင်း၊ ပြည်ပ စစ်ရေးကျွမ်းကျင်သူ အကဲခတ်တို့က မှတ်ချပေးနေကြသည်။

ယင်းကြောင်းအရာနှင့်ပတ်သက်ပြီး AA က “ယခုလို အောင်မြင်မှုအသီးအပွင့်များမှာ ရက္ခိုင်အမျိုးသားအဖွဲချုပ်/ အာရက္ခတပ်တော် တစ်ခုတည်း၏ ကြိုးပမ်းမှုတစ်ခုတည်းသာ မဟုတ်ဘဲ အာရက္ခပြည်သူတစ်ရပ်လုံး၏ ဝန်းရံ ပံ့ပိုးမှု၊ မဟာမိတ်အဖွဲအစည်းများ၏ ပူးပေါင်းပါဝင်မှုများနှင့် အမည်ဖော်ပြ၍မရသေးသော မိတ်ဆွေ တစ်ချို့၏ ဝန်းရံပံ့ပိုးမှုများကြောင်း” ဟု ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည်။

တော်လှန်ရေးတွင် ဝန်းရံပံ့ပိုးခဲ့ကြသည့် သက်ဆိုင်သော အဖွဲအစည်းတိုင်းနှင့် လူပုဂ္ဂိုလ်တိုင်းကို အလေးအနက်ကျေးဇူးတင်ကြောင်း AA က ဆိုသည်။ စစ်မြေပြင်အောင်မြင်မှုများ၏ အခြားတစ်ဖက်တွင်လည်း AA  ရဲဘော်ရဲဘက်များ၏ အသက်၊ ကိုယ်လက်ခန္ဓာ၊ ဘဝ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှုများစွာ ရှိခဲ့ကြောင်း AA က ထုတ်ပြောသည်။

ရခိုင်ဒေသခံတစ်ဦးက “AA ရဲ့ ရဲဘော်တွေဟာ သန်မာတယ်။ စိတ်ဓာတ်တက်ကြွပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝတယ်။ ဒါတွေကတော့ ရခိုင်တွေရဲ့ဗီဇ စိတ်နေသဘောထားလို့ ဆိုရမယ်။ နောက်တစ်ခုက ရခိုင်ပြည်သူတွေကလည်း AA အပေါ်မှာ အပြည့်အဝကူညီပေးတာ။ ဘာပဲဖြစ်နေနေ စစ်ကို နိုင်အောင်တိုက်ပါ။ အခက်ခဲတွေကို ကြိတ်ခံနေမယ်ဆိုတဲ့ ပြည်သူအားပေးမှုတွေ ရှိနေတော့ စစ်နိုင်တာလို့ ပြောရမယ်” ဟု ဆိုသည်။

အာရက္ခတပ်တော်၏ ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမက စစ်ကောင်စီကို တော်လှန်နေကြသော တော်လှန်ရေးအဖွဲအစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှု ဖြစ်ကြောင်း AA က ဆိုသည်။

AA သည် မြန်မာနိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားပြီး ဒေသပေါင်းစုံတွင် တပ်ဖွဲ့ဝင်များ စစ်ကူပါဝင်တိုက်ခိုက်ကာ တောင်ပေါ်၊ မြေပြန့် စစ်ရေးအတွေ့ကြုံ ကျေညက်ထား၍ တိုက်ခိုက်ရေးဗျူဟာ ကောင်းမွန်မှုရှိကြောင်း စစ်ရေးအကဲများက သုံသပ်ကြသည်။

“AA မှာက နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်၊ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတယ်။ ရက္ခိတလမ်းစဉ်ဆိုပြီး လမ်းပြမြေပုံလည်းရှိနေတယ်။ နောက်ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်မှာ စုရုံးကြတော့ အားသာချက်တွေရှိတာပေါ့။ တပ်ဖွဲ့ဝင်တိုင်းက အနစ်နာခံပေးဆပ်မှု စိတ်ဓာတ်ရှိကြတယ်” ဟု စစ်ရေးစောင့်ကြည့်နေသူ လူငယ်တစ်ဦးက ပြောသည်။ 

၂၀၀၉ ခုနှစ် ကချင်ပြည်နယ် လိုင်ဇာတွင် လူငယ် ၂၆ ဦးဖြင့် စဖွဲ့ခဲ့သည့် AA သည် မြန်မာ့နိုင်ငံရေး အနိမ့်အမြင့် အတက်အကျလမ်းခရီးတွင် မထင်မှတ်ဘဲ ပေါ်ပေါက်လာသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို မလွတ်တမ်းဆုတ်ကိုင်နိုင်မှု၊ အသုံးချတတ်မှုတို့လည်း ပါဝင်ကြောင်း နိုင်ငံရေး အကဲခတ်များက ရှုမြင်ကြသည်။