ရခိုင်တွင် ဒေသထွက်ပန်းများ ရောင်းအားကောင်းနေ
ယခင်က ပြည်မဘက်မှတင်သွင်းသည့် ပန်းများကို ဝယ်ယူအသုံးပြုမှု များပြား၍ ဒေသထွက်ပန်းများမှာ ရောင်းအားကျဆင်းပြီး ဈေးကွက်အတွင်း မှေးမှိန်ခဲ့ရသော်လည်း လက်ရှိတွင် ဝယ်ယူမှုများသဖြင့် ပန်းစိုက်ပျိုးသူများမှာ အဆင်ပြေနေကြသည်။
21 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၁
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လမ်းခရီးပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်သို့ ပြည်မဘက်မှ ပန်းများ ဝင်ရောက်မှု မရှိ၍ ဒေသထွက်ပန်းများ ရောင်းအားကောင်းနေကြောင်း ပန်းရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။
ယခင်က ပြည်မဘက်မှတင်သွင်းသည့် ပန်းများကို ဝယ်ယူအသုံးပြုမှု များပြား၍ ဒေသထွက်ပန်းများမှာ ရောင်းအားကျဆင်းပြီး ဈေးကွက်အတွင်း မှေးမှိန်ခဲ့ရသော်လည်း လက်ရှိတွင် ဝယ်ယူမှုများသဖြင့် ပန်းစိုက်ပျိုးသူများမှာ အဆင်ပြေနေကြသည်။
“ဘုရားပန်းစိုက်တဲ့သူတွေက အောင်မြင်တယ်လို့ ပြောလို့ရတယ်။ သူတို့ တစ်ရက်ကို သိန်းနဲ့ချီပြီး ရောင်းရတယ်။ ဝယ်လာတဲ့သူ အားလုံးအတွက်ကို ပန်းရောင်းပေးနိုင်တယ်။ အရင်က တစ်ရာသီစာပဲ စိုက်တာလေ။ အခုက မျိုးမပြတ်ရအောင်ဆိုပြီး ရာသီပြည့် စိုက်လာကြတယ်” ကျောက်တော်မြို့နယ်မှ ပန်းစိုက်ပျိုးရေးလုပ်ကိုင်သူ ဒေါ်လှဆန်းရီက ပြောသည်။
ရခိုင်က ပန်းစိုက်ပျိုးသူများမှာ နည်းပညာလိုအပ်ချက်နှင့်အတူ ထွက်ရှိသည့် ပန်းများမှာလည်း ပြည်မဘက်မှ ပန်းများကဲ့သို့ အရည်အသွေး မကောင်းသဖြင့် ဒေသထွက်ပန်းဈေးကွက်မှာ ကျဆင်းခဲ့ရခြင်းဖြစ်သည်။
ရခိုင်ဒေသတွင် ဂန္ဓာမာပန်း၊ ကြယ်ပန်း၊ သစ္စာပန်း၊ စံပယ်ဖြူ၊ ရွှေဝါဝင်း၊ ကျောက်စိမ်း စသည့်ပန်းများကို အဓိက စိုက်ပျိုးရောင်းချကြပြီး ပန်းအမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။
ယခင်က ပန်းပျိုးပင်ပေါက်များကို ပြည်မဘက်မှ မှာယူစိုက်ပျိုးခဲ့သော်လည်း လမ်းခရီးပိတ်ဆို့ခံရပြီးနောက် ပန်းပင်များကို ယခင်ပုံစံမျိုးဖြင့် မဟုတ်ဘဲ နည်းလမ်းသစ်ရှာပြီး ပန်းစိုက်ပျိုးနေရကြောင်း ပြောဆိုကြသည်။
“အရင်ကဆို ပြည်မကို အားကိုးပြီး ပြည်မက အပင်တွေ မှာပြီး တစ်ရာသီစာ စိုက်တယ်။ ဘုရားပန်းလည်း ပြည်မကပဲ မှာပြီး ရောင်းတာများတယ်။ အခုပြည်မက မှာယူလို့မရတော့ အပင်မျိုးလက်ကျန်တွေကို ပြန်ပြီး စိုက်တာ။ ပျိုးပင်မရတော့ စနစ်တကျကိုင်းကူးတဲ့ နည်းနဲ့ ပြန်စိုက်ပျိုးတာကို လုပ်လာကြတယ်” ဟု ရခိုင်မြောက်ပိုင်းမှ ပန်းစိုက်ပျိုးရောင်းဝယ်ရေးလုပ်ကိုင်သူ ဒေါ်အေးမာဆန်းက ပြောသည်။
ပန်းပင်များကို ကိုယ်ပိုင်နည်းနှင့် တနိုင်တပိုင်စိုက်ပျိုးမှုမှာ ဖြစ်ထွန်းမှုရှိသော်လည်း အရည်အသွေး ပြည့်မီရန် နည်းပညာ အကူညီများအပြင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး လိုအပ်ချက်များ ရှိနေသည်။
“ပန်းကတော့ လှတယ်။ အပင်မှာ ဖြန်းတဲ့ ဆေးရှာရတာခက်လို့ အရွက်တွေမှာ ပိုးကျတာတွေ၊ အရွက်တွေက စိမ်းစိုမနေဘဲ ညစ်ပြီး အမဲရောင်ကပ်နေတာတွေတော့ ရှိတယ်” ဟု ပန်းစိုက်ပျိုးသူ ဒေါ်လှဆန်းရီက ပြောသည်။
ရခိုင်တွင် နည်းပညာလိုအပ်ချက်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်မှု အားနည်းခဲ့သော်လည်း လက်ရှိတွင် စားပင်သီးပင်အပအဝင် စိုက်ပျိုးရေးလုပ်ငန်းကို ယခင်ထက် ပို၍ တိုးချဲ့လုပ်ကိုင်လာကြသည်။
သို့သော်လည်း လမ်းခရီးပိတ်ဆို့ထားမှု အကျိုးဆက်ကြောင့် ဒေသတွင်း ပျိုးပင်၊ မြေဩဇာ၊ ပိုးသတ်ဆေးများ ရှားပါးမှုနှင့် ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းတို့ကြောင့် တောင်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အခက်ခဲများကြားမှ လုပ်ကိုင်နေကြရသည်။