အမ်း နပခဌာနချုပ်ကို AA သိမ်းပိုက် 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့သော ရခိုင်စစ်မျက်နှာတွင် ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် မြို့နယ် ၁၈ ခုရှိသည့်အထဲမှ ၁၄ ခုကို AA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ 

By Admin 20 Dec 2024

နပခဌာနချုပ်အဆောက်အအုံ မီးလောင်ပျက်စီးနေသည်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AA ရုပ်သံ)
နပခဌာနချုပ်အဆောက်အအုံ မီးလောင်ပျက်စီးနေသည်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AA ရုပ်သံ)

DMG ၊ ဒီဇင်ဘာ ၂၀

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုလုံးကို AA က ယနေ့(ဒီဇင်ဘာလ ၂၀) မွန်းတည့်ချိန်တွင် သိမ်းပိုက်ရရှိခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ကိုလည်း ဖမ်းဆီးရရှိထားပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်း လိုက်လံဖမ်းဆီးနေတာ ရှိပါတယ်” ဟု အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့သော ရခိုင်စစ်မျက်နှာတွင် ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် မြို့နယ် ၁၈ ခုရှိသည့်အထဲမှ ၁၄ ခုကို AA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ 

၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး AA က သိမ်းပိုက်ခဲ့သည့် နေရက်များနှင့် မြို့နယ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ 

ဇန်နဝါရီလ (၁၄) ရက် - ပလက်ဝမြို့နယ်
ဇန်နဝါရီလ (၁၉) ရက် - ပေါက်တောမြိုနယ်

ဖေဖော်ဝါရီလ (၈) ရက် - မြောက်ဦးမြို့နယ်
ဖေဖော်ဝါရီလ (၁၃) ရက် - ကျောက်တော်မြို့နယ်
ဖေဖော်ဝါရီလ (၁၅) ရက် - မြေပုံမြို့နယ်
ဖေဖော်ဝါရီလ (၂၆) ရက် - မင်းပြားမြို့နယ်

မတ်လ (၄) ရက် - ပုဏ္ဏားကျွန်းမြို့နယ်
မတ်လ (၁၁) - ရမ်းဗြဲမြို့နယ်
မတ်လ (၁၇) ရက် - ရသေ့တောင်မြို့နယ်

မေလ (၁၈) ရက် - ဘူးသီးတောင်မြို့နယ်

စက်တင်ဘာလ (၅) ရက် - သံတွဲမြို့နယ်

ဒီဇင်ဘာလ (၈)ရက် မောင်တောမြို့နယ်
ဒီဇင်ဘာ (၁၄) ရက် - တောင်ကုတ်မြို့နယ်
ဒီဇင်ဘာလ (၂၀) ရက် - အမ်းမြို့နယ် 

လက်ရှိ ထိုးစစ်ဆင်နေသည့် ဂွမြို့နယ်တွင်လည်း စစ်ကောင်စီ တပ်ရင်း ၂ ခုအထဲက ခမရ ၅၆၃ ကို AA က သိမ်းပိုက်ပြီး ကျန်ရှိနေသေးသည့် ၅၆၂ ကို ထိုးစစ်ဆင်နေသည်။

ရခိုင်ဒေသတွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျောက်ဖြူနှင့် စစ်တွေတွင် နှစ်ဘက်စစ်ရေးတင်းမာနေပြီး အပြိုင်အဆိုင် အင်အားဖြည့်တင်းနေကြောင်း သိရသည်။