တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
တိုက်ပွဲကာလက မောင်တောဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ အရပ်သားများအား ဖမ်းဆီးသတ်ဖြစ်မှုများ ရှိခဲ့သဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
21 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၁
မောင်တောတိုက်ပွဲ စတင်ပြင်းထန်ချိန် ဇွန်လကစပြီး လေးမိုင်ရပ်ကွက်၊ မကျည်းကုန်းကျေးရွာမှ သက်လူမျိုး ၄ ဦး ပျောက်ဆုံးနေသည်မှာ ၆ လခန့်ကြာသည့်တိုင် သတင်းအစအနမရ ဖြစ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပျောက်ဆုံးနေသူများမှာ ကိုထွန်းစိန်အောင် (၂၈)နှစ်၊ ဦးဒုံးရီ (၅၃)နှစ်နှင့် အမည်စုံစမ်းဆဲ သက်အမျိုးသား ၂ ဦး ဖြစ်သည်။
ကိုထွန်းစိန်အောင်မှာ ဇွန်လဒုတိယပတ်အတွင်း မောင်တောမြို့မှ ရွာသို့အပြန် စစ်ကောင်စီက မြို့ပြင်ထွက်ခွင့် ပိတ်ထား၍ ယောက်ဖဖြစ်သူနှင့်အတူ လမ်းပြနှစ်ဦးကိုခေါ်ကာ အခြားလမ်းတစ်ခုမှ ရွာသို့သွားခဲ့သည်။
လမ်းခုလတ်တွင် သေနတ်သံကြား၍ ထွက်ပြေးရာတွင် လူစုကွဲသွားပြီး ယောက်ဖဖြစ်သူမှာ အိမ်ပြန်ရောက်သော်လည်း ၎င်းမှာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
ကိုထွန်းစိန်အောင်၏ မိသားစုဝင်တစ်ဦးက “အသက်ရှင်နေသေးတာလား၊ အဖမ်းခံရတာလားဆိုတာ ဘာမှမသိရဘူး။ လက်လှမ်းမီသလောက် ရှာကြပေမဲ့ အခုထိ အစအနမရဘဲ လုံးဝပျောက်နေတယ်” ဟု ပြောသည်။
နောက်တစ်ဦး ဦးဒုံးရီမှာလည်း ဇွန်လအတွင်း ကွမ်းသီးတောသို့ သွားရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံရပြီး ပျောက်ဆုံးနေခြင်းဖြစ်သည်။
တိုက်ပွဲကာလက မောင်တောဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ အရပ်သားများအား ဖမ်းဆီးသတ်ဖြစ်မှုများ ရှိခဲ့သဖြင့် မိသားစုဝင်များက စိုးရိမ်နေကြခြင်းဖြစ်သည်။
“ပျောက်ဆုံးနေသူတွေကို မိသားစုတွေက ဘယ်နေရာမှာ ရှိနေလဲ။ ဘာဖြစ်နေလဲ။ သေသလား၊ ရှင်သလား။ သတင်းအတိကျတစ်ခု သိချင်နေကြတာဖြစ်တယ်။ အခုထိ သတင်းအစနမရဆိုတော့ သေသွားပြီလို့ ထင်တဲ့ သူတွေလည်း ရှိနေကြတယ်” ဟု နောက်ထပ်ဒေသံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ဘူးသီးတောင်မောင်တောဒေသတွင် စစ်ကောင်စီကင်းစင်သွားပြီ ဆိုသော်လည်း ARSA၊ RSO စသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ ကျန်ရှိနေသေးသဖြင့် ဒေသခံများမှာ လုံခြုံရေး အထူးစိုးရိမ်နေရကြောင်း ပြောဆိုကြသည်။