မောင်တောခရိုင်တွင် ဒေသခံများကို AA က လုံခြုံရေး သင်တန်းပေးနေ

ARSA၊ RSO အဖွဲ့များသည် ဒေသခံများ၏ အသက်အိုးအိမ်များကို ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ မကြာခဏ လုပ်နေသဖြင့် လုံခြုံရေးသတိရှိစေရန် သင်တန်းပေးနေခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ဆိုသည်။ 

By Admin 24 Jan 2025

ပုံစာ - ဘင်္ဂလားဒေ့ရှ်-မောင်တောနယ်စပ်က မီးတိုက်ကျေးရွာမြင်ကွင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တွေ့ ရစဉ်။
ပုံစာ - ဘင်္ဂလားဒေ့ရှ်-မောင်တောနယ်စပ်က မီးတိုက်ကျေးရွာမြင်ကွင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တွေ့ ရစဉ်။

DMG ၊ ဇန်နဝါရီ ၂၄  

ရခိုင်ပြည်၊ ဘူးသီးတောင်နှင့် မောင်တောဒေသတွင် ARSA၊ RSO အဖွဲ့တို့၏ အန္တရာယ်ကိုကာကွယ်ရန် ဒေသခံများကို လုံခြုံရေး အသိပညာပေးသင်တန်းများပေးနေကြောင်း အာရက္ခတပ်တော်က ပြောသည်။ 

ARSA၊ RSO အဖွဲ့များသည် ဒေသခံများ၏ အသက်အိုးအိမ်များကို ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ မကြာခဏ လုပ်နေသဖြင့် လုံခြုံရေးသတိရှိစေရန် သင်တန်းပေးနေခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ဆိုသည်။ 

“ဒီဒေသခံတွေဟာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဆီမှာ သတ်ဖြတ်မခံရဖို့နဲ့ လုံခြုံရေး သတိရှိဖို့၊ သူတို့ရဲ့ကျေးရွာကို သူတို့ကိုယ်တိုင် ကာကွယ်နိုင်ဖို့ အရေးကြီးလာတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အခြေခံလုံခြုံရေး အသိပညာပေးသင်တန်း ပေးနေတာရှိပါတယ်။ ဒါဟာ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် လိုအပ်လို့လုပ်ပေးနေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာကလ စတင်ကာ မောင်တောမြို့နယ်က သီဟိုအေး၊ ကိုင်းကြီး၊ နန်းရာကိုင်း၊ ရွှေတိုင်း စသည့် ကျေးရွာ ၁၀ ကျော်က မြိုလူမျိုး ၁၀၀ ခန့်ကို အာရက္ခတပ်တော်က စစ်မှုထမ်းခေါ်ခဲ့ကြောင်း သတင်းထွက်ပေါ် ပြီးနောက် ရှင်းပြလာခြင်းဖြစ်သည်။

ထို့အတူ ဘူးသီးတောင်၊ မောင်တောဒေသတွင် AA က စစ်သင်တန်းပေးရန် ခေါ်ဆောင်ခံရသူများထဲတွင် မြိုတိုင်းရင်းသားများ သက်သက် မဟုတ်ဘဲ အခြား လူမျိုးများလည်းရှိနေကြောင်း သိရသည်။ သို့သော် ဒေသခံများမှာ မိမိစိတ်နှင့် ပါဝင်ပူးပေါင်းသူများလည်းရှိနေပြီး ထွက်ပြေးတိမ်းရှောင် နေသူများလည်းရှိကြောင်း သိရသည်။

မောင်တောဒေသခံ သက်တိုင်းရင်းသားတစ်ဦးက “ ဘူးသီးတောင်၊ မောင်တောဖက်မှာက မြိုတစ်ခုတည်း မဟုတ်ဘူး။ သက်တို့ အခြားလူမျိုးတွေလည်း သင်တန်းတက်နေရတာရှိပါတယ်။ ဆိုတော့ တချို့ကျတော့ ကြည်ကြည်ဖြူဖြူနဲ့ ပူးပေါင်းကြသလို တချို့ကတော့လည်း ထွက်ပြေးတိမ်းရှောင် နေကြတာရှိပါတယ် ” ဟု ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် မောင်တော၊ ဘူးသီးတောင်နှင့် မေယုတောင်ကြောတွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့( RSO)၊ အာရကန် ရိုဟင်ဂျာ တပ်မတော် ( ARA) အဖွဲ့များသည် ဒေသခံများကို ဖမ်းဆီး၊ ငွေညှစ်ခြင်းနှင့် ခြုံခိုတိုက်ခိုက်သတ်မဖြတ်မှုများ မကြာခဏ ရှိတတ်သည်။ 

ယင်းကြောင့် လုံခြုံရေးအရ မိမိရပ်ရွာကိုကာကွယ်ရန် သင်တန်းပေးခြင်းမှာကောင်းမွန်သော်လည်း အတင်းအဓမ္မမဟုတ်ဘဲ မိမိဆန္ဒအရပါလာအောင် စည်းရုံးသိမ်းသွင်းသင့်ကြောင့် ထောက်ပြမှုများလည်းရှိနေသည်။

မောင်တောဒေသခံ နောက်တစ်ဦးက “ကိုယ့်ဒေသကို ကာကွယ်ဖို့အတွက် လူတွေကို လုံခြုံရေးသင်တန်းက အရေးကြီးတယ်။ ဘာလို့လည်းဆိုတော့ ဒီမြို့တွေဟာ အကြမ်းဖက်မှု တိုးတဲ့ဒေသဖြစ်တယ်။ AA ကလည်း လုံခြုံရေး လက်လှမ်းမမီတာရှိနိုင်တယ်။ တကယ်တော့ တစ်ဖက်မှာလည်း AA က ဒေသခံတွေကို အတင်းအဓမ္မ သင်တန်းတက်ခိုင်းတာမဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် သိမ်းသွင်းနိုင်တာက အကောင်းဆုံးဖြစ်တယ်” ဟု ပြောသည်။ 

ဇန်နဝါရီ ၄ ရက်နေ့က မောင်တော၊ ကျောက်ပန္ဒူကနေ ရသေ့တောင်မြို့နယ် စေတီပြင်သို့ လာသည့် ခရီးသည် တင်တုတ်တုတ်ချေ( အိန္ဒိယသုံးဘီး) တစ်စီးကို မေယုတောင်ကျော်လမ်း တစ်နေရာ၌ ARSA အဖွဲ့က ခြုံခိုတိုက် ခိုက်ခဲ့သည့်အတွက် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့သည်။ 

၂၀၂၄ ဒီဇင်ဘာ ၅ ကလည်း ARSA အဖွဲ့ဝင်များ ဘူးသီးတောင်မြို့‌နယ် ဆင်စွယ်ရ (သက္ကမ) ကျေးရွာမှ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပြီး အမျိုးသား ၅ ဦး ဖမ်းဆီးခံခဲ့ရသည်။ 

ARSA အဖွဲ့တို့၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသများတွင် ပြည်သူများ အသက်အိုးအိမ်လုံခြုံရေးမှာ စိုးရိမ်စရာဖြစ်လာနေကြောင်း ပြောဆိုကြသည်။