ဂွမြို့ သုံးပုံနှစ်ပုံကို AA သိမ်းပိုက်ထား

“ဂွမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ပြီးလို့ရှိရင် ဂွမြို့ကနေ ဧရာဝတီ-ငသိုင်းချောင်းဖက်က ရိုးမတောင်ပေါ်မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာရှိပါတယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

By Admin 21 Dec 2024

ဂွမြို့သည် ရခိုင်ပြည်တောင်ပိုင်း အစွန်ဆုံးတွင် တည်ရှိပြီး ဧရာဝတီတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ဂွမြို့သည် ရခိုင်ပြည်တောင်ပိုင်း အစွန်ဆုံးတွင် တည်ရှိပြီး ဧရာဝတီတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

DMG ၊ ဒီဇင်ဘာ ၂၁ 

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့၏ သုံးပုံနှစ်ပုံကို သိမ်းပိုက်ရရှိထားပြီဟု အာရက္ခတပ်တော်(AA) က ဒီဇင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ 
 
လက်ရှိတွင်လည်း စစ်ကောင်စီ၏ လက်ကျန် တပ်ရင်း၊ စခန်းများကို AA က ဆက်လက်တိုက်ခိုက်နေပြီး ဂွမြို့၏ ဒေသခံတပ်ရင်းများ၊ စစ်ကူလာသော တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ် ရင်းပေါင်းများစွာတို့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။ 

“ဂွမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ပြီးလို့ရှိရင် ဂွမြို့ကနေ ဧရာဝတီ-ငသိုင်းချောင်းဖက်က ရိုးမတောင်ပေါ်မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာရှိပါတယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
 
ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းအချိန်တွင် ဂွမြို့ရှိ ခမရ ၅၆၃ တပ်ရင်းကို AA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သည့် ခမရ ၅၆၂ ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

လက်ရှိတွင် ဂွ - ငသိုင်းချောင်းလမ်းရှိ ခမရ ၅၆၂ တပ်ရင်းနှင့် ဂွရိုးမထက်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ရိုးမတောင်ကျော်လမ်းကို AA က ပိတ်ဆို့ထားကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“ငသိုင်းချောင်းကို ထွက်တဲ့ ရိုးမတောင်ကျော်လမ်းမှာ တိုက်ပွဲရှိနေတယ်။ စစ်ကောင်စီက ဂျက်လေယာဉ်တွေနဲ့ စစ်ကူပေးနေတာ။ ဒီလမ်းကို AA က ပိတ်ဆို့ထားပြီးဖြစ်တယ်။ ဒါကြောင့် ဂွမြို့ဟာလည်း AA ဆီမှာ မကြာခင်ကျတော့မယ့် အနေအထားမြင်ရတယ်” ဟု ၎င်းက ပြောသည်။ 

ဒေသတွင်းတိုက်ပွဲများကြောင့် ဂွမြို့ခံအများအပြားမှာ သံတွဲမြို့နယ်များနှင့် ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် စစ်ဘေးတိမ်းရှောင်နေကြသည်။

ဂွမြို့နယ်ကို အလုံးစုံသိမ်းပိုက်ပြီးပါက AA ထိုးစစ်များမှာ ဧရာဝတီတိုင်း မော်တင်စွန်းအထိ တိုက်ပွဲဖော်နိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေးအကဲခတ်တို့က သုံးသပ်နေကြသည်။

“AA ရဲ့ စစ်ရေးရည်မှန်းချက် ရက္ခိတအိပ်မက်က ပလက်ဝနေ ဧရာဝတီမော်တင်စွန်းအထိ ပါတယ်လို့ သိထားတယ်။ ဆိုတော့ ဂွပြီးရင် ဧရာဝတီ ငွေသောင်ယံတို့၊ ချောင်းသာတို့ ဟိုင်းကြီးကျွန်းအထိ ချီတက်နိုင်တယ်။ ဒါပေမဲ့ စောင့်ကြည့်ရမှာပါ။ အတိအကျပြောဖို့က ခက်ပါတယ်” ဟု ရခိုင်စစ်ရေးလေ့လာ စောင့်ကြည့်နေသူ တစ်ဦးက သုံးသပ်သည်။

AA သည် ဂွမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ပြီးပါက ရခိုင်ဒေသအတွင်း၌ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ် (၃) ခုကိုသာ ဆက်လက်သိမ်းပိုက်ရန် ကျန်ရှိတော့မည်ဖြစ်သည်။