- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
ယမန်နေ့ ဇန်နဝါရီ ၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဘက်မှ ဂွမြို့နယ်၊ ချောင်းဝချိုင်၊ ကျောက်ချွန်၊ ရွှေယချိုင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကား ၂ စီးဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
02 Jan 2025
ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
DMG ၊ ဇန်နဝါရီ ၂
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန်အတွက် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဇန်နဝါရီ ၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဘက်မှ ဂွမြို့နယ်၊ ချောင်းဝချိုင်၊ ကျောက်ချွန်၊ ရွှေယချိုင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကား ၂ စီးဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“ဧရာဝတီတိုင်းနဲ့ နယ်ချင်းစပ်ရွာတွေမှာ အင်အား ပြန်ဖြည့်နေတာ။ ဂွကို ပြန်ပြီးထိုးစစ်ဆင်ဖို့အတွက် ပြန်ပြီး တော့ ပြင်ဆင်နေတာ။ ရွှေယချိုင်ရွာထဲမှာဆိုရင် စစ်ကောင်စီ ဗျူဟာမှူးထိုင်ပြီး အဲဒီရွာနားက တောင်ပေါ် မှာ လက်နက်ကြီးတပ်ရှိတယ်။ အဲဒီအထဲမှာ တပ်သားအင်အား ၁၀၀ ကျော်ရှိတယ်” ဟု သတင်းရင်းမြစ် တစ်ဦးက DMG သို့ ပြောသည်။
ယင်းအပြင် ရွှေယချိုင်ကျေးရွာအနီး စစ်ကောင်စီက တင့်ကား ၄ စီးနှင့် စစ်ကား ၁ စီး နေရာယူထားကြောင်း သိ ရသည်။ ရွှေယချိုင်ကျေးရွာသည် ဂွမြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဂွမြို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း AAက ဒီဇင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီသည် ဧရာဝတီဘက်မှတစ်ဆင့် စစ်အင်အားကိုပိုမိုဖြည့်တင်းကာ ဂွမြို့ကို ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိသည်။
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်း မကျီးဇင်ကျေးရွာဘက်သို့လည်း ဇန်နဝါရီလ ၁ ရက်နေ့က စစ်ကောင်စီ တပ် သား ၂၀၀ ထက်မနည်းကို ပို့ဆောင်ခဲ့ကာ ယင်းစစ်ကြောင်းအား ဂွမြို့နယ်အတွင်းသို့ တစ်ဆင့်ထပ်ပို့ရန် ပြင်ဆင်နေကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အခု အသစ်ထပ်ပို့နေတဲ့ အထဲမှာ အကုန်လုံး စစ်သင်တန်းပေးထားတဲ့ အသစ်တွေလို့ ခန့်မှန်းရတယ်။ မကျီးဇင် ဘက်ကို မနေ့က စပို့တာ။ ပြီးတော့ ဂွဘက်ကို ဆင်းဖို့ ပြင်ဆင်နေကြပြီ” ဟု နောက်ထပ် သတင်း ရင်းမြစ်တစ် ဦးက ပြောသည်။
စစ်ကောင်စီသည် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာရှိ လူနေအိမ်များတွင် လည်း စစ်ကောင်စီတပ်သားများ နေရာယူထားကြောင်း သိရသည်။
ဂွမြို့တွင် စစ်ကောင်စီတပ်ရင်း နှစ်ခုရှိပြီး ခမရ (၅၆၃) တပ်ရင်းကို AAက ဒီဇင်ဘာ ၂၀ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး လက်ကျန် ခမရ (၅၆၂) တပ်ရင်းကိုလည်း ဒီဇင်ဘာ ၂၉ ရက်နေ့က အပြီးသတ်သိမ်းပိုက် နိုင်ခဲ့သည်။
သို့သော်လည်း ဧရာဝတီတိုင်းအစပ်မှ ဂွမြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန် ဒီဇင်ဘာ ၂၇ ရက်နေ့က ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင်လာရောက်ခဲ့ပြီး တပ်ဖွဲ့ဝင်များကို တုံ့ပြန်ပြန်စစ်ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းကြောင့် စစ်ကောင်စီသည် ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းနေခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်တို့က သုံးသပ်ကြသည်။
“အာရက္ခပြည် လွတ်မြောက်သွားရင်တောင် ဧရာဝတီမှာ ရန်သူရှိသေးတယ်။ ပဲခူးမှာ ရန်သူရှိသေးတယ်။ မကွေး မှာ ရန်သူရှိသေးတယ်။ ချင်းပြည်မှာ ရန်သူရှိသေးတယ်။ ယောဒေသမှာ ရန်သူရှိသေးတယ်ဆိုရင် အာရက္ခ ပြည်ရဲ့ ရေရှည် အမျိုးသားလုံခြုံရေးကို ထိခိုက်ဦးမှာဖြစ်တယ်။ အဲဒါကြောင်း ဂွတစ်ခုနဲ့ ဧရာဝတီ တစ်ခုတည်းပဲကွက် ကွက်လေးကြည့်လို့ မရဘူး။ အာရက္ခပြည်နဲ့ ဆက်စပ်နေတဲ့ ဘယ်နေရာ ဘယ်အစိတ် အပိုင်း မဆို တိုက်ပွဲ တွေက ရှိလာနိုင်တယ်” ဟု ရခိုင်စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုဇော်ထွန်းက DMG သို့ ဖြေကြားထားသည်။
ရခိုင်ပြည်တွင် မြို့နယ် (၁၇) ခု ရှိသည့်အနက် မြို့နယ် (၁၄) ခုကို ထိုးစစ်ဆင် သိမ်းပိုက်ပြီးနောက် နိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း အာရက္ခတပ်တော်(ULA/AA) က ဒီဇင်ဘာ ၂၉ တွင် ကြေညာ ထားသည်။
အခြားတစ်ဖက်တွင်လည်း ရခိုင်ဒေသအတွင်းရှိ လက်ကျန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် (၃) ခုကိုလည်း ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်ထားသည်။