၁၅ မိုင်ကျော်ခရီးကို ဖြတ်သန်းရာဝယ်

အပြန်လမ်းတွင် မီးတိုက်ကျေးရွာအနီး ကားလမ်းမထဲ အာရက္ခတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးပြီး နယ်မြေရှင်း လင်းရေးလုပ်နေသည်ကို DMG မြင်တွေ့ခဲ့ရသေးသည်။

ယင်းမှ တစ်ဆင့် တဖြည်းဖြည်းလိုက်ပါလာရင်း လိပ်ရလမ်းဆုံနား တောင်ကွေ့အရောက်တွင် ကားဆရာက “ ဒီကားဟာ ARSA အဖွဲ့တိုက်မယ်ဆိုရင် RPG တစ်လုံးနဲ့ ကျနော်တို့ အားလုံး ပွဲချင်းပြီးတယ် ” ဟု ခပ်တည်တည် ပြောပြနေရှာသည်။

By Admin 22 Jan 2025

၁၅ မိုင်ကျော်ခရီးကို ဖြတ်သန်းရာဝယ်

 
ခိုင်ရိုးလ - ရေးသည်။

လမ်းတလျှောက်တွင် လူသွားနည်းပြီး ကားနှင့်ဆိုင်ကယ်များမှာလည်း အုပ်စုဖွဲ့သွားလာနေသည်ကို သတိထားမိသည်။ ကားဆရာသည် တောတန်းများနှင့် ရွာစဉ်တန်းများကို ဖြတ်သန်းကာ ကွေ့ကောက်ကြမ်းတမ်းသည့် လမ်းကြောင်းအတိုင်း မောင်းနှင်နေသည်။ 

ယင်းအပြင် ဘေးဘယာကို မျက်ခြေမပြတ်ကြည့် သတိကြီးစွာထားပြီး မောင်းနှင်ရင်း “ ဒီလမ်းကို သွားရတာ အသက်ကို ဖက်နဲ့ထုတ်ထားရလိုပဲ ” ဟု ကားဆရာက  ပြောနေသည်။

“ဆိုင်ကယ်တွေကားတွေက အုပ်စုလိုက်သွားတာကောင်းတယ်။ ဒီကြားထဲကတောင် ပစ်ခတ်ခံရသေးတယ်” ဟု လမ်းတစ်လျှောက်ကြည့်ကာ ပြောပြသည်။

ယင်းနေရာသည် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်ရိုက်ရောက်နိုင်သည့်  ကြိမ်ချောင်း - တောင်ပြိုလက်ဝဲ လမ်းပိုင်းဖြစ်သည်။ ၁၅ မိုင် ကျော်ဝေးပြီး တောတောင်ကြားကနေ ဖြတ်သန်းသွားရပြီး  အန္တရာယ်ဇုန်နယ်မြေအဖြစ် နာမည်ကြီးသည်။

DMG သည် အောက်တိုဘာလလယ်ပိုင်းက သတင်းကိစ္စနှင့် မောင်တောနယ်မြေတခွင် မြေပြင်ကွင်းဆင်း ခရီးနှင်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ယင်းကာလသည် မောင်တောမြို့၏ နောက်ဆုံးလက်ကျန် နခခ ၅ စခန်းကြီးကို အာရက္ခတပ်တော်က အပြင်းအထန် ထိုးစစ်ဆင်နေသည့် အချိန်လည်းဖြစ်သည်။ 

ယင်းကြောင့် မောင်တောခရီးစဉ်လျှောက် အနီးဝန်းကျင်တွင် လေကြောင်းပစ်ခတ်မှုဒဏ်ကိုခံခဲ့ရပြီး တိုက်ပွဲကနေ လက်နက်ကြီးများကျလာမည့် အန္တရာယ်ကိုလည်း စိုးရိမ်ခဲ့ရသည်။ ယခုတခါ အထူးကြောက်မက် ဖွယ်ဖြစ်ခဲ့ရသည်။ ယခုတစ်ခါ ယင်းထက် စိုးရိမ်မှုများကို တွေ့နေခြင်းဖြစ်သည်။

ကြိမ်ချောင်း - တောင်ပြိုလက်ဝဲ လမ်းကြောင်းတွင် အဓိက စိုးရိမ်မှုမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်ပင်ဖြစ်သည်။ အဆိုပါ နေရာများတွင် ARSA က ဒေသခံခရီးသွာများကို မကြာခဏ ခြုံခိုတိုက်ခိုက်သည့် နေရာဖြစ်ကြောင်း ကားဆရာက ပြောသည်။

တောင်ပြိုလက်ဝဲမြို့ အဝင်တစ်နေရာတွင် ကုန်တင်ယာဉ်တစ်စီးအား တွေ့ရစဉ်။

လောလောလတ်လတ်ဖြစ်စဉ် အောက်တိုဘာ ၆ ညနေ ၄ နာရီကျော်တွင် ဘူးသီးတောင်ဒေသခံ ၇ ဦးတို့ ကုန်တင်ကားတစ်စီဖြင့် တောင်ပြိုမြို့မှ စျေးဝယ်၍အပြန် တောင်ပြို -  မီးတိုက်ရွာကြား ကားလမ်းမ၌ ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ကြောင်း ကားဆရာပြောပြသည်။

DMG က ဒေသခံများကို မေးမြန်းချက်အရ ၂၀၂၄ ဇူလိုင်လကနေ အောက်တိုဘာလအထိ အဆိုပါ လမ်းကြောင်း တလျှောက်တွင် ဒေသခံများကို ARSA အဖွဲ့၏ တိုက်ခိုက်မှု ၇ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများစွာရှိနေကြောင်း ပြောကြသည်။

ယင်းဖြစ်စဉ်များသည် မကြာခဏ ရှိနေတတ်သဖြင့် လူမှုစီးပွားကဏ္ဍဖြင့် နေ့စဉ်ဖြတ်သန်းလှုပ်ရှားနေသည့် ဒေသခံများမှာ ထိတ်လန့်နေကြရှာသည်။ 

တောင်ပြိုလက်ဝဲမြို့ခံ ကိုရဲလင်းထွန်းက “ ကျနော်တို့ သွားတယ်ဆိုရင်လည်း ဒီလမ်းက ရင်တထိတ်ထိတ်နဲ့ သွားနေကြရတာ။ ကြိမ်ချောင်းကိုရောက်မှ အသက်ကျတယ်(သက်ပြင်းချနိုင်တယ်)” ဟု DMG နှင့် တွေ့ဆုံစဉ် ပြောပြသည်။

ယင်းအချိန်က နယ်စပ်တစ်လျှောက်နှင့် မောင်တောမြို့နယ် မြောက်ပိုင်တစ်ခုလုံးကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း နခခ ၅ တိုက်ပွဲကြောင့် မွတ်ဆလင်လက်နက်ကိုင်အုပ်စု ARSA၊ RSO၊ ARA တို့ကလည်း လှုပ်ရှားနေကြပါသည်။
 
ထို့ကြောင့်  ၁၅ မိုင်ခရီးဖြစ်သည့်  ကြိမ်ချောင်း - တောင်ပြိုလက်ဝဲ လမ်းပိုင်းတွင် ဒေသခံအချို့ ARSA အဖွဲ့၏ အသတ်ခံရသည်များကြုံရသည်။

ကြိမ်ချောင်း- တောင်ပြိုလမ်းပိုင်းရှိ ARSA တိုက်မှုအခင်းဖြစ်ခဲ့သည့်နေရာတစ်ခုကို စာရေးသူက ၂၀၂၄ အောက်တိုလာတွင် ရောက်ရှိခဲ့စဉ်။

ကိုကျန်သိန်းအောင်သည် ၂၀၂၄ ဩဂုတ် ၁၉ မွန်းတည့်ချိန်တွင် ကြိမ်ချောင်း - တောင်ပြိုလက်ဝဲ ကားလမ်းပိုင်း ဇီးပင်ချောင်းခွဆုံအနီးတွင် ရန်ငြိုးရန်စတစ်စုံတစ်ရာမရှိဘဲ ARSA အဖွဲ့၏ အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုကို ခံလိုက်ရသည်။

“ပြောရမယ်ဆိုရင် ကျမ သားလေးကို ဒီဒေသမှာ တောင် မကြီးပြင်း စေချင်တော့ဘူး။ ARSA ကတစ်မျိုး၊ စစ်ပွဲကတစ်မျိုး နဲ့ စားဝတ်နေရေးကလည်း ခက်ခဲ။ သားလေး နောင်ရေးအတွက် အရမ်းစိုးရိမ်မိတယ်” ဟု ကိုကျန်သိန်းအောင်၏ ဇနီး မယမင်းအေးက အသံတိုးတိုးဖြင့် ပြောပြသည်။

ကုန်သည်များဖြစ်ကြသော ကိုကျန်သိန်းအောင်နှင့် ညီဖြစ်သူ ကိုနိုင်စိုးဝင်းတို့သည် မီးတိုက်ကျေးရွာကနေ ဆိုင်ကယ်ဖြင့် မင်းကြီးရွာသို့ပြန်လာစဉ် အနီးကပ် လုပ်ကြံခံရခြင်းဖြစ်သည်။ 

ယင်းဖြစ်စဉ်အတွင်း နောက်ထပ် ဆိုင်ကယ်နှင့်လာသည့် မောင်တောမြို့နယ် တရိန်းကျေးရွာသား ကိုမောင်စံသာလည်း ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ကိုကျန်သိန်းအောင်မှာ ၂ နှစ်ကျော်အရွယ် သားယောကျ်ားတစ်ဦးကျန်ရစ်ခဲ့သည်။ လက်ရှိ မယင်းအေးသည် ယောက္ခမဖြစ်သူနှင့် ကြုံရာကျပန်းလုပ်ကိုင်ပြီး ခက်ခဲသည့်ဘဝကိုကျော်ဖြတ်ကာ ယင်းလမ်းကို စိတ်နာနေရှာသည်။

အရှေ့ဘက်တွင် မေယုတောင်တန်းကြီးနှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ နတ်မြစ်ကမ်းကို မှေးတင်နေသည့် မောင်တောဒေသသည် ပထဝီဝင်အနေအထားအရ နေချင်စဖွယ်မြင်နိုင်သည်။ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေတို့ကလည်း သဘာဝကျကျ လှပလွန်းသည်။ 

နယ်နိမိတ်ချင်း ထိစပ်နေကာ အိမ်နီးနားဘင်္ဂလားဒေ့ရှ်သည်လည်း ဒေသတွင်း စီးပွားရေး၊ လူမှုရေးအတွက် များစွားအထောက်အကူပြုပေးသည်။

ဒေသခံများအနေဖြင့် “ တောင်တက်ပြီး အလုပ်မည်လား၊ ပင်လယ်ထဲဆင်းပြီး ငါးရှာမည်လား၊ ဘင်္ဂလားဒေ့ ရခိုင်ကုန်သွယ် စီးပွားလုပ်မည်လား ” စသည်ဖြင့် အခွင့်အလမ်းများလည်း ရှိနေကြောင်း ဆိုသည်။ 

“ခရီးလမ်းချော့မွေ့ပြီး လုံခြုံရေးစိတ်ချရရင် ဒီဒေသဟာ တကယ့် စီးပွားရေးအလားလာကောင်းတွေ ဖြစ်မှာသေချာတယ်” တောင်ပြိုလက်ဝဲမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

တောင်ပြိုလက်ဝဲမြို့  ဝင်တစ်နေရာ။

ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေး တရားဝင်ဖြစ်လာခဲ့သော် ကုန်းလမ်းချင်း ဆက်သွယ်မှုရှိသည့် တောင်ပြိုလက်ဝဲဒေသသည် ကညင်ချောင်းစီးပွားရေးဇုန်ထက် ကုန်သွယ်ရေးအလား အလာကောင်းကြောင်း နယ်စပ်ကုန်သည်များက ရှုမြင်ကြသည်။

သို့သော်လည်း စီးပွားရေးလုပ်ငန်းရှင်များမှာ အဆိုပါလမ်းတွင် မထင်မှတ်ဘဲ တိုက်ခိုက်ခံရခြင်း၊ အသက် သေဆုံး ရခြင်း၊ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသူများနှင့် ပြန်ပေးဆွဲခံရသူများလည်းရှိကြောင်း ပြောဆိုကြသည်။

ဗဟိုချက်မဖြစ်သည့် မောင်တောမြို့နယ်သည် တောင်မြောက်ရှည်မျှောမျှော ကမ်းမြောင်ဒေသတစ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မိုင် ပေါင်း ၁၀၀ ကျော်ထိစပ်သည်။ တောင်ပိုင်း ရသေ့တောင် အငူ မော်ကနေ မောင်တောအထိ မိုင် ၅၀ နှင့် မြောက်ပိုင်း မောင်တော ၃ မိုင်ရွာ  ဘင်္ဂလာနယ်စပ် ဗန္ဓုလအထိ ၄၅ မိုင် ကျော်အရှည် ကားလမ်းမကြီးရှိသည်။ အဓိက ပင်မလမ်းမကြီးသည် မေယုတောင်ခြေအောက်ကနေ ဖြတ်သန်း သည်။

မြောက်ပိုင်းက လမ်းမကြီးကို မောင်တော - ကြိမ်ချောင်း - ဗန္ဓုလလမ်းဟုခေါ်သည်။ ယင်းလမ်းတွင် အရှေ့အနောက်လမ်းခွဲ ကြိမ်းချောင်း – တောင်ပြိုလက်ဝဲ လမ်ပိုင်း၊ ခမောင်းဆိပ် – အောင်ဇံလမ်း၊ ကြိမ်ချောင်း - ဂြိတ် ချောင်း - ဂုပ္ပီ (ဘူးသီးတောင်) လမ်း ပိုင်းတို့ရှိသည်။

မောင်တော မြောက်ပိုင်းသည်ပိုပြီး အန္တရာယ်ဇုန်ထဲတွင် ရှိနေသည်။ မောင်တော မြောက်ပိုင်းတွင် ပင်မမေယု တောင်တန်းကြီးနှင့် အပြိုင်အနောက်တွင် လက်ပံတောင်ကြော ကြီးရှိနေသည်။ လက်ပံတောင်ကြောကြီ သည် ခမောင်းဆိပ်ရွာ အောင်ဇုန်ရွာတို့ကစတင်ပြီး ဝေလာတောင်ကြောနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဆုံသည်။ 

ကြိမ်းချောင်း- တောင်ပြိုလက်ဝဲလမ်းပိုင်း တစ်နေရာကို ၂၀၂၄ အောက်တိုဘာလကတွေ့ရစဉ်။

နယ်မြေတခွင်တွင် တောနက်ပြီး ကျေးရွာလူနေကျဲခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းမြေချင်း ထိစပ်နေသဖြင့် ARSA အဖွဲ့က လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်နေသည်။ 

“အဓိကတော့ တောနက်တာနဲ့၊ ကျေးရွာတွေ အလှမ်းကွာဝေးတော့ ဘင်္ဂလားဒေ့ရှ်ကနေ မေယုတောင်ရိုးကို ARSA အုပ်စုတွေ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေနိုင်ပါတယ်” ဟု ကြိမ်ချောင်းဒေသ ကိုအောင်အောင်က ရှင်းပြသည်။

ကြိမ်ချောင်း - တောင်ပြို လမ်းပိုင်းတွင် မင်းကြီးရွာ၊ ထရိန်း၊ အောင်သာယာ၊ သင်္ဘောလှ၊ မီးတိုက်ကျေးရွာများရှိပြီး ရခိုင်၊ ဒိုင်းနက်(သက္ကမ)၊ မြို၊ စသည့် မျိုးနွယ်စုများနေထိုင်ကာ အိမ်ခြေ၊ လူဦးရေ နည်းပါးသည်။

 ပျဉ်းမျှ အိမ်ခြေ ၄၀နှင့် ၇၀ ခန့် သာရှိသည့် ရွာများဖြစ်သည်။ တောနက်ပြီး လမ်းကြမ်းအဆင့်သာရှိပြီး တောရိုင်းဆင်များ ခိုအောင်းတတ်သည်။ ခရီးတစ်လျှောက် တောင်ကြားလျှိုကြားကနေ ဖြတ်သန်းရသဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ရန် လွယ်ကူနေသည်။ 

“လမ်းကြောင်းတစ်လျှောက်မှာ ကျေးရွာအသစ်တွေ အားဖြည့်တည်ဆောက်ပေးဖို့လိုမယ်” ဟု မီးတိုက်ကျေး ရွာသား တစ်ဦး ကပြောသည်။

မေယုတောင်ကြောထဲသို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ARSA၊ RSO၊ ARA တို့ အမြဲတမ်း စိမ့်ဝင်လှုပ်ရှား နေသော ကြောင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် ထင်းခုတ်၊ ဟင်းရှာ မသွားရဲသည့် အခြေနေကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ တစ်ခါတရံ အုပ်စုလိုက်သွားလျှင်တောင် တောင်ကြားထဲတွင်ဖြတ်ခံနေ ကြရသည်။ 

ကြိမ်ချောင်း- တောင်ပြိုလက်ဝဲမြိုလမ်းဆုံနေရာ။

၂၀၂၄ စက်တင်ဘာလကစပြီး AA ထိန်းချုပ်ထားသည့် မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ARSA နှင့် AA တို့ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေခဲ့သည်။ 

အဓိက AA ၏ နယ်စပ်က လုံခြုံရေး စခန်းများကို  ARSA၊ RSO တို့ ခြိမ်းခြောက်ပစ်ခတ်ခြင်းဖြစ်သည်။ အလားတူ အောက်တိုဘာ ပထမအပတ်က RSO နှင့် AA တို့သည် တောင်ပြိုကားလမ်း လိပ်ရကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်။

“နယ်စပ်တလျှောက်မှာ ဒီအဖွဲ့တွေဟာ အရပ်သားယောင်ဆောင်ပြီးတော့ လှုပ်ရှားနေတာကြောင့် AA ကလည်း နှိမ်နှင်းရခက်တယ်။ AA ရဲ့ လုံခြုံရေးအပိုင်းကလည်း အလုံစုံမပေးနိုင်သေးတော့ ဒေသခံတွေ လုံခြုံရေး ဂရု စိုက်နေရတာကလွဲပြီး မတတ်နိုင်သေးပါဘူး” ဟု မောင်တောမြို့နယ် နံ့သာတောင် ကျေးရွာသားတစ်ဦးက ပြောသည်။

ထို့အတူ ပြည်သူများ ခရီးသွားလာမှု လုံခြုံရေးအတွက် အာရက္ခတပ်တော်၏ ကင်းစခန်းများ လမ်းခရီးတလျှောက် ဂိတ်များချထားခြင်း၊ ဒေသခံများကို သွားလာရေးသတိထားရန် စသည့် လုံခြုံရေးအစီစဉ်များ တိုးမြှင့်ထားရန်လို အပ်ကြောင်းဆိုသည်။

ထို့အတူ တောင်ပြို - ကြိမ်ချောင်း လမ်းပိုင်းတွင် အာရက္ခတပ်တော်က စစ်ဆေးရေး တစ်ဂိတ်တည်းသာတွေ့ ခဲ့ရသဖြင့် ကားပေါ်တွင် လမ်းတစ်လျှောက်လုံး ရင်တမမဖြင့် အိမ်ပြန်ချိန် ခရီးဖြစ်ခဲ့ရသည်။

ရခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးယူနေသည့် AA တပ်ဖွဲဝင်တစ်ဦးကို ၂၀၂၄ အောက်တိုဘာလက တွေ့ရစဉ်။

DMG က တောင်ပြိုလက်ဝဲမြို့သို ရောက်ရှိနေစဉ်တွင်လည်း တောင်ပြို- မီးတိုက်ကျေးရွာ အကြားတွင် ARSA နှင့် AA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကြိမ်ချောင်းသို့ ပြန်မည့် ခရီးစဉ်ကိုလုံခြုံရေးအရ တစ်နေ့ရက်ရွှေ့ လိုက်ရသေးသည်။

အပြန်လမ်းတွင် မီးတိုက်ကျေးရွာအနီး ကားလမ်းမထဲ အာရက္ခတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးပြီး နယ်မြေရှင်း လင်းရေးလုပ်နေသည်ကို DMG မြင်တွေ့ခဲ့ရသေးသည်။

ယင်းမှ တစ်ဆင့် တဖြည်းဖြည်းလိုက်ပါလာရင်း လိပ်ရလမ်းဆုံနား တောင်ကွေ့အရောက်တွင် ကားဆရာက “ ဒီကားဟာ ARSA အဖွဲ့တိုက်မယ်ဆိုရင် RPG တစ်လုံးနဲ့ ကျနော်တို့ အားလုံး ပွဲချင်းပြီးတယ် ” ဟု ခပ်တည်တည် ပြောပြနေရှာသည်။