- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
တိရစ္ဆာန်များ နာမကျန်းဖြစ်လျှင် မွေးမြူရေးနှင့်ကုသရေးဌာနသို့ အကြောင်းကြားပြီး ဆေးကုသနိုင်
ယခုနှစ် ဖေဖော်ဝါရီလအတွင်းက မြေပုံမြို့နယ်မှ ချောင်းကြီး၊ ယိုးစနွင်း၊ ရက်ချောင်း စသည့် ကျေးရွာ ၁၀ ခန့်တွင် အမည်မသိရောဂါဖြင့် နွားသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
22 Feb 2023

DMG ၊ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်အတွင်းက ကျွဲ၊ နွား၊ ကြက်၊ ဝက် စသည့် မွေးမြူရေးတိရစ္ဆာန်များ နာမကျန်းဖြစ်သည့်အခါ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဌာနများမှ တာဝန်ရှိသူများထံ အကြောင်းကြား၍ဖြစ်စေ သွားရောက်တိုင်ပင်၍ဖြစ်စေ ဆေးကုသနိုင်ကြောင်း ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြောဆိုထားသည်။
ရခိုင်ကမြို့နယ်အားလုံးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများရှိပြီး တိရစ္ဆာန်များတွင် ရောဂါပိုးဝင်ရောက်ခြင်းနှင့် ကူးစက်ရောဂါများ ဖြစ်ပွားခဲ့ပါက အဆိုပါကျန်းမာရေးဌာနများမှ တာဝန်ရှိသူများနှင့်တိုင်ပင်၍ ဆေးကုသခြင်းများ ဆောင်ရွက်နိုင်ကြောင်း ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
“၁၇ မြို့နယ်လုံးမှာ မြို့နယ်အလိုက် မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနတွေ၊ တိရစ္ဆာန် ကျန်းမာရေးဌာနတွေ ထားရှိပါတယ်။ တကယ်လို့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေ နာမကျန်းတစ်ခုခုဖြစ်တာ၊ လည်ချောင်းကွဲရောဂါတို့၊ ဝမ်းကျရောဂါတို့ ဖြစ်ပွားတယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်တွေက တိရစ္ဆာန်ကုသရေးဌာနတွေမှာ သွားရောက်တိုင်ပင်ပြီး ကုသလို့ရပါတယ်။ ကာကွယ်ဆေးတွေလည်း နှစ်တိုင်းထိုးပေးပါတယ်” ဟု ဦးစီးမှူး ဒေါက်တာကျော်ကျော်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ရခိုင်ပြည်အတွင်းမှ နွားအကောင်ရေ ၈၀,၄၀၀ ကျော်အနက် ၆၉ ဒသမ ၆၄ ရာခိုင်နှုန်းကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။
တိရစ္ဆာန်များ၏ ကျန်းမာရေးအတွက် တစ်ချို့သော ကျေးရွာအုပ်စုများတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာဝန်အချို့ ချထားပေးမှုများရှိသော်လည်း တစ်ချို့သော ကျေးရွာအုပ်စုများတွင် တိ၊မွေး၊ကုဆရာဝန်များ မရှိသည့်အတွက် မြို့ပေါ်ဌာနများမှဆရာဝန်များ လာရောက် ကုသပေးမည့်အချိန်ကို စောင့်ဆိုင်းရမှုကြောင့် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရသည်။
“ရွာကနွားငယ်လေးတွေမှာ ကျောက်ရောဂါဖြစ်နေတာရှိပါတယ်။ မြို့ပေါ်က ကျန်းမာရေးဌာနက ဆရာဝန်ကိုခေါ်ပြီး ကာကွယ်ဆေးထိုးလိုက်တာ အခုတော့ နွားလေးတွေ သက်သာနေပါပြီ။ ကျနော်တို့ရွာမှာတော့ တိ၊မွေး၊ကုဆရာဝန် မရှိဘူးပေါ့။ ဒါပေမယ့် မြို့ပေါ်ကကျန်းမာရေးဌာနကို ဖုန်းလှမ်းဆက်လိုက်ရင်တော့ နှစ်ရက်လောက်နေရင် ရွာကိုလာရောက်ကြည့်ရှုပြီး ဆေးပေးတာတွေရှိပါတယ်။ ချက်ချင်းတော့ မကုသနိုင်ဘူးပေါ့။ နှစ်ရက်လောက် သူတို့အလာကိုစောင့်ရပါတယ်” ဟု မြေပုံမြို့နယ်၊ ကံ့ကော်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လင်းကပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းက မြေပုံမြို့နယ်မှ ချောင်းကြီး၊ ယိုးစနွင်း၊ ရက်ချောင်း စသည့် ကျေးရွာ ၁၀ ခန့်တွင် အမည်မသိရောဂါဖြင့် နွားသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ တောင်ကုတ်မြို့နယ်က မြို့သူကြီးကျေးရွာအုပ်စုတွင်လည်း နွားများတွင် ခွာနာလျှာနာကဲ့သို့ ရောဂါများဖြစ်ပွားကာ သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်အတွင်းက တစ်ချို့သော မွေးမြူရေးလုပ်ငန်းရှင်အချို့မှာ NGO၊ INGO အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ဌာနဆိုင်ရာများနှင့်ချိတ်ဆက်မှုမှာ အားနည်းနေသေးကြောင်း သိရသည်။
ကြက်မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက “ကျမတို့ကတော့ NGO အဖွဲ့အစည်းတွေက ပို့ချပေးထားတဲ့ နည်းလမ်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ကြက်မွေးမြူနေတာဖြစ်တယ်။ အစိုးရဘက်နဲ့ ချိတ်ဆက်တာတော့ မရှိသေးပါဘူး” ဟု ပြောသည်။
အများအားဖြင့် ရခိုင်က ကျွဲ၊ နွားများတွင် လည်ချောင်းကွဲရောဂါ၊ ဒေါင့်သေးရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ဝက်များတွင် ဝမ်းကျရောဂါနှင့် ကြက်များတွင် လည်လိမ်ရောဂါ အဖြစ်များပြီး ရောဂါကာကွယ်ဆေးများကို မြို့နယ်အားလုံးတွင် နှစ်စဉ် လိုက်လံ ထိုးနှံပေးလေ့ရှိကြောင်း ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
#I005