AA အပါအဝင် နယ်စပ်က တပ်ဖွဲ့များနှင့် တွေ့ရန် အိန္ဒိယကမ်းလှမ်းမှု နိုင်ငံရေးအကဲခတ်များအမြင်

“ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖက်ဒရယ်စနစ်” ခေါင်းစဉ်ဖြင့် အဓိကဆွေးနွေးကြမည့် အဆိုပါဆွေးနွေးပွဲသို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားခြင်း ရှိ၊မရှိ ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

By Admin 24 Sep 2024

ကုလားတန်စီမံကိန်းနှင့်ပတ်သက်၍ မီဇိုရမ်အမတ်နှင့် AA တာဝန်ရှိသူတချို့ နယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ -The Lairam Times)
ကုလားတန်စီမံကိန်းနှင့်ပတ်သက်၍ မီဇိုရမ်အမတ်နှင့် AA တာဝန်ရှိသူတချို့ နယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ -The Lairam Times)

DMG ၊ စက်တင်ဘာ ၂၄

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာလလယ်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတစ်ရပ်ကို အာရက္ခတပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ချင်းအမျိုးသားတပ်ဦး CNF တို့ကို ဖိတ်ခေါ်ထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့၌ ဖော်ပြထားသည်။

အိန္ဒိယအစိုးရက ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် ကမ္ဘာ့ရေးရာလေ့လာရေး အိန္ဒိယကောင်စီ(ICWA) က ကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီး ဆူဘရာမာဉာဏ် ဂျိုက်ရှန်ကာ လည်း ပါဝင်မည်ဟု သိရသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖက်ဒရယ်စနစ်” ခေါင်းစဉ်ဖြင့် အဓိကဆွေးနွေးကြမည့် အဆိုပါဆွေးနွေးပွဲသို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားခြင်း ရှိ၊မရှိ ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထွန်းကြည် “ဒါက အိန္ဒိယအစိုးရက ကမကထပြုလုပ်တဲ့ ဖယ်ဒရယ်ရေးရာ ဆွေးနွေးတဲ့ ပုံစံမျိုးပဲ ထင်တယ်။ လက်ရှိ အိန္ဒိယနိုင်ငံက ကျင့်သုံးနေတဲ့ ဖယ်ဒရယ်မော်ဒယ်ကို ပြချင်တဲ့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ ဖယ်ဒရယ်ကို အဓိက ဆွေးနွေးလိမ့်မယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြင်းထန်နေသည့် ပြည်တွင်းစစ်ကြောင့် နယ်စပ်ချင်း မိုင်တစ်ထောင်ကျော် ထိစပ်နေသည့် အိန္ဒိယနိုင်ငံအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်မှုများရရှိရေး ဆွေးနွေးနိုင်ကြောင်းလည်း သုံးသပ်သူများ ရှိနေသည်။

အခြားတစ်ဖက်တွင်လည်း အိန္ဒိယ-မြန်မာစီမံကိန်းများကို တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသဖြင့် စီမံကိန်းကိစ္စများကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က ရှုမြင်သည်။

“အိန္ဒိယနဲ့ မြန်မာအဓိက လုပ်ဆောင်နေတဲ့ အိန္ဒိယစီမံကိန်းတွေရှိမယ်။ အဲဒီလမ်းကြောင်းက စစ်ကောင်စီ လက်အောက်မှာ မရှိတော့ဘူး။ AA နဲ့ ဆွေးနွေးရမယ့်အနေအထား ဖြစ်တယ်။ AA ကလည်း အစိုးရတစ်ရပ် မဟုတ်သေးတဲ့ အခြေအနေမှာ တိုင်ရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့အစည်းနဲ့ NUG ကိုပဲ ထည့်ပြီးတော့ ဆွေးနွေးညှိနှိုင်းတာ ဖြစ်နိုင်တယ် ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်ရာ လောလောဆယ် ထုတ်ပြောရန် မရှိသေးကြောင်း ဆိုသည်။ ချင်းအမျိုးသားတပ်ဦး CNF ကမူ “ကိုယ်စားလှယ်စေလွှတ်မည်” ဟု ရိုက်တာကို ပြောဆိုထားသည်။

အခြားတစ်ဖက်တွင် အိန္ဒိယသည် စစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းမွန်ပြီး စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုများရှိနေ၍ ယခုကဲ့သို့ နယ်စပ်တလျှောက်က လက်နက်ကိုင်တပ်ဖွဲ့များအား တွေ့ဆုံရန် ဖိတ်ခေါ်သည့်အပေါ် သံသယဖြင့် စောင့်ကြည့်သင့်ကြောင်း ထောက်ပြသူများလည်း ရှိနေသည်။

ရခိုင်တွင် အိန္ဒိယ၏ ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းရှိနေပြီး စစ်ရေး ပဋိပက္ခကြောင့် ရပ်နားထားရသည်။ 

လက်ရှိတွင် အိန္ဒိယနိုင်ငံအနေဖြင့် ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည် စစ်တွေမြို့အထိ လျှပ်စစ်ဓာတ်အားပေးရန် စဉ်းစားချက် ရှိနေပြီး အိန္ဒိယနိုင်ငံ မိဇိုရမ်ဝန်ကြီးချုပ်ကလည်း ကုလားတန်စီမံကိန်းနှင့် ပတ်သက်၍ AA နှင့် မိတ်ဆွေဖွဲသင့်ကြောင်း ချင်းလူမျိုးများအား ပြောကြားထားသည်။