စက်တင်ဘာလအတွင်း နိုင်ငံတဝန်းတိုက်ပွဲဖြစ်ပွားမှု အနည်းငယ်လျော့ကျ

ပြီးခဲ့သည့် ဩဂုတ်လအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၁၂၅ ခုတွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း အနည်းဆုံး ၇၀၈ ကြိမ်ရှိခဲ့ပြီး  စက်တင်ဘာလအတွင်း မြို့နယ်ပေါင်း ၁၁၆ ခုတွင် တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၅၂၀ ရှိခဲ့သဖြင့် ၂၆ ဒသမ ၅၅ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း တွေ့ရသည်။

By Admin 20 Oct 2024

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် ရှမ်းမြောက်ဒေသရှိ ကွမ်းလုံမြို့ စစ်ကောင်စီဗျုဟာကုန်းကို MNDAA အပါအဝင် ညီနောင်မဟာမိတ်များက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ - The Kokang)
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် ရှမ်းမြောက်ဒေသရှိ ကွမ်းလုံမြို့ စစ်ကောင်စီဗျုဟာကုန်းကို MNDAA အပါအဝင် ညီနောင်မဟာမိတ်များက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ - The Kokang)

DMG ၊ အောက်တိုဘာ ၂၀ 

မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှုများကို ဩဂုတ်လနှင့် နှိုင်းယှဉ်လျှင် ပြီးခဲ့သည် စက်တင်ဘာလတွင် ၂၇ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း တိုက်ပွဲများကို စောင့်ကြည့်ပြီး အစီရင်ခံစာထုတ်နေသည့် ညဏ်လင်းသစ်သုတေသနဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ပြီးခဲ့သည့် ဩဂုတ်လအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၁၂၅ ခုတွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း အနည်းဆုံး ၇၀၈ ကြိမ်ရှိခဲ့ပြီး  စက်တင်ဘာလအတွင်းတွင် မြို့နယ်ပေါင်း ၁၁၆ ခုတွင် တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၅၂၀ ရှိခဲ့သဖြင့် ၂၆ ဒသမ ၅၅ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း တွေ့ရသည်။

အစီရင်ခံစာပါ အချက်အလက်များအရ စက်တင်ဘာလတွင် တိုက်ပွဲဖြစ်ပွားမှုများမှာ စစ်ကိုင်းတွင် ၉၂ ကြိမ်၊ ရှမ်းမြောက်တွင် ၆၇ ကြိမ်၊ မကွေးတွင် ၆၅ ကြိမ်ဖြင့် အများဆုံးဖြစ်ပြီး ရခိုင်နှင့် အခြားပြည်နယ်နှင့် တိုင်းများတွင် အနည်းငယ်ရှိခဲ့သည်။ 

ရှမ်းမြောက်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ဩဂုတ်လနှင့် နှိုင်းယှဉ်ကြည့်လျှင် စက်တင်ဘာလအတွင်း ၂ ဆနီးပါး လျော့ကျသွားခဲ့သော်လည်း နောင်ချိုနှင့် သီပေါမြို့နယ်များတွင် ဆက်လက်တိုက်ပွဲပြင်းထန်ခဲ့သည်။ 

တိုက်ပွဲများလျော့နည်းသွားရခြင်းမှာ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခအပေါ် တရုတ်ဖိအားပေးမှုများကြောင့်ဖြစ်နိုင်သည်ဟု စစ်ရေးနိုင်ငံရေးလေ့လာသူများက ရှုမြင်ကြသည်။

ရခိုင်က စစ်ရေးနိုင်ငံရေးလေ့လာသူတစ်ဦးက “ စစ်ဆင်ရေးတွေ ဖော်ဖို့အတွက်လည်း ညီနောင်သုံးဖွဲ့မှာ အခက်အခဲတွေရှိတယ်။ သူတို့က တရုတ်နဲ့ထိစပ်နေတယ်။ တရုတ်ကို လွန်ဆန်လို့မရဘူး။ တရုတ်ရဲ့ စီမံကိန်းတွေနဲ့ နယ်စပ်ကို ကာကွယ်ဖို့အတွက်ဆိုပြီး တိုက်ပွဲတွေရပ်ဖို့ တရုတ်က ဖိအားပေးမှုတွေရှိတယ် ” ဟု ပြောသည်။ 

နိုင်ငံတဝန်းတိုက်ပွဲများကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဦးဆောင်နေခြင်းဖြစ်ပြီး ညီနောင်အဖွဲ့နှင့် တရုတ်နယ်စပ်က အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့များကို တရုတ်က ဖိအားပေးရပ်တန့်ခိုင်းစေနေခြင်းမှာ စစ်အာဏာရှင်ပြုတ်ကျရေးကို နှောက်နှေးစေကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။

သို့သော်လည်း KIA ၊ AA ၊ TNLA နှင့် NUG လက်အောင်ခံ PDF တပ်များနှင့် အခြားအင်အားစုများမှာ မြေပြင်တွင် တိုက်ပွဲများရှိနေသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၊ ကချင်၊ စစ်ကိုင်းတိုင်း၊ ရခိုင်၊ ချင်းနှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများဆက်ရှိနေသည်ကို တွေ့ရသည်။ 

“ တရုတ်ကတော့ AA ကိုလည်း ဖိအားပေးတာတွေရှိမှာပါ။ ဒါပေမဲ့ AA ရဲ့ မူဝါဒအရ ထိုးစစ်ကတော့ လုံးဝရပ်မှာ မဟုတ်ဘူး။ အခုလည်း မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတယ်။ ဘာလို့လဲဆိုရင် ရှမ်းမြောက်လိုမျိုး တရုတ်နယ်စပ် ဒေသမဟုတ်တဲ့အတွက် တရုတ်အနေနဲ့လည်း အဲဒီလောက်အထိ ဖိအားပေးလို့မရဘူး ” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

ယင်းအပြင် စစ်ကောင်စီသည် စစ်မှုထမ်းဉပဒေဖြင့် စစ်အင်အားထပ်ဖြည့်နေပြီး ဆုံးရှုံးခဲ့သည့်ဒေသများကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသဖြင့် မြန်မာနိုင်ငံတဝန်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ဖွယ်ရှိကြောင်း သုံးသပ်နေကြသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံတဝန်း စစ်ဘေးရှောင်ဦးရေ (သုံးသန်းကျော်) ၃,၃၅၀,၇၀၇ ရှိပြီး စားနပ်ရိက္ခာနှင့် အထွေထွေအကျပ်အတည်းများကို ရင်ဆိုင်နေရ ကြောင်း BNI Myanmar Peace Monitor ၏ အစီရင်ခံစာတွင် ဖော်ပြသည်။