ဒီရေတောပြုန်းတီးမှုကို ထိန်းသိမ်းကာကွယ်ရာတွင် သက်ဆိုင်ရာမှ ပူးပေါင်းပါဝင်မှု အားနည်းနေ 

ရခိုင်ပြည်တွင် ဒီရေတောများ တဖြည်းဖြည်း ပြုန်းတီးလာမှုနှင့်ပတ်သက်၍ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအနေဖြင့် ပူးပေါင်းပါဝင်မှု အားနည်းနေဆဲဖြစ်သည်။ 

By Admin 25 Mar 2023

မီးသွေးဖုတ်ရန်အတွက် ခုတ်လှဲထားသော ဒီရေရောက်သစ်ပင်များကို အမ်းမြို့နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်အတွင်းက မြင်တွေ့ရစဉ်။
မီးသွေးဖုတ်ရန်အတွက် ခုတ်လှဲထားသော ဒီရေရောက်သစ်ပင်များကို အမ်းမြို့နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်အတွင်းက မြင်တွေ့ရစဉ်။

DMG ၊  မတ် ၂၅

ရခိုင်ပြည်တွင် ဒီရေတောများ တဖြည်းဖြည်း ပြုန်းတီးလာမှုနှင့်ပတ်သက်၍ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအနေဖြင့် ပူးပေါင်းပါဝင်မှု အားနည်းနေဆဲဖြစ်ကြောင်း ဒီရေတောထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ထောက်ပြပြောဆိုကြသည်။ 

ယခင်ကဆိုလျှင် ဒီရေတောများကို ထင်းရရှိရေးအတွက်သာ ခုတ်လှဲခဲ့ကြပြီး ယခုအခါ မီးသွေးဖုတ်ရန်၊ အုတ်ဖုတ်ရန် အတွက်ပါစက်လှေကြီးများဖြင့် နေစဉ်နှင့်အမျှ ခုတ်ယူနေသော်လည်း သက်ဆိုင်ရာမှ ထိရောက်သော အရေးယူဆောင်ရွက်မှုများ မရှိကြောင်း သိရသည်။ 

ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံနှင့် ရမ်းဗြဲ စသည့်မြို့နယ်တို့တွင် ဒီရေတောများ တစ်နှစ်ထက်တစ်နှစ် ပြုန်းတီးလာနေပြီး သက်ဆိုင်ရာဌာနအနေဖြင့် အရေးယူမှု မရှိသည့်အပြင် အစားထိုး စိုက်ပျိုးမှုများလည်း မရှိကြောင်း ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူတို့က ဆိုသည်။ 

ဒီရေတောထိန်းသိမ်းရေး ဆောင်ရွက်နေသူ အမ်းဒေသခံ ကိုမျိုးလွင်က “ကျနော်တို့ဘက်မှာ ဒီရေတောက ပြုန်းတီးလာတယ် ဆိုတာထက် ပျောက်ကွယ်သွားပြီလို့ ပြောလို့ရပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ပြုန်းတီးသွားပြီ။ ၃၀ ရာခိုင်နှုန်းက ဒီရေတောအဖြစ် ကျန်နေခဲ့တယ်။ ဒါပေမဲ့ ၅ ရာခိုင်နှုန်းလောက်က ၅ နှစ်အောက် အပင်လေးတွေ ဖြစ်တယ်။ ဒီရေတောတွေဟာ ထိန်းသိမ်းတာထက် ပျက်စီးတာက ပိုများနေတယ် ” ဟု ပြောသည်။ 

ဒီရေတောပြုန်းတီးမှုကို ကာကွယ်ရန် အမ်းဒေသခံ လူငယ်များက ဒီရေရောက်သစ်ပင်များ စိုက်ပျိုးနေစဉ်။ 

ဒီရေတောဧရိယာများကို ငါးသယံဇာတမွေးမြူရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းနှင့် ဆားလုပ်ငန်းမြေကွက်အဖြစ် အသုံးပြုလာခြင်း စသည့် စီးပွားရေးလုပ်ငန်းများကြောင့်လည်း ဒီရေတောများမှာ တဖြည်းဖြည်း ပြုန်းတီးလာနေသည်။ 

အာရှတွင် ဒုတိယအကြီးဆုံးဖြစ်သော ရမ်းဗြဲမြို့နယ်ရှိ ဝမ်ဖိုက်ဒီရေတောမှလည်း တစ်နှစ်လျှင် သစ်တန်ချိန် ၂၀၀ ခန့်အထိ ခိုးယူခုတ်လှဲမှုများ ရှိနေသော်လည်း သက်ဆိုင်ရာဌာနက အရေးယူမှုများ အားနည်းနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ 

လက်ရှိမှာ ဒီရေတောမပြုန်းတီးရေးအတွက် အနီးအနားရှိဒေသခံများက တပိုင်တနိုင် ထိန်းသိမ်းနေကြရပြီး အာဏာပိုင်များကသာ မထိန်းသိမ်းပါက လာမည့် ၁၀ စုနှစ်အတွင်း ဝမ်ဖိုက်ဒီရေတော ပြုန်းတီးသွားနိုင်သည်ဟု ရမ်းဗြဲမြို့နယ်၊ စစ်ပြားစံပြကျေးရွာမှ ကိုချစ်လွင်က ပြောသည်။

“အစိုးရဘက်ကတော့ ထိန်းသိမ်းနေတယ်ဆိုတဲ့ နာမည်တစ်ခုလောက်ပဲ တွေ့နေရတယ်။ ထိရောက်မှုမရှိသလို အားရကျေနပ်မှုလည်း မရှိဘူး။ ဒေသခံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ တကယ်လို့ အစိုးရဘက်က ထိထိရောက်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ဒါတွေနည်းလာမယ်” ဟု ကိုချစ်လွင်က ပြောသည်။ 

ဒီရေတောများပြုန်းတီးလာမှု အကျိုးဆက်အဖြစ် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ ငါးသယံဇာတရှားပါးမှုတို့ ဖြစ်ပေါ်လာနိုင်သည့်အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တိုက်တွန်းထားသည်။ 

“သစ်ပင်တွေ ပြုန်းတီလာတဲ့ အကျိုးဆက်ကတော့ ကမ္ဘာကြီး ပူနွေးလာမယ်။ ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်လာမယ်။ ရေနေသယံဇာတတွေလည်း တစ်နှစ်ထက်တစ်နှစ် ရှားပါးလာမှာပါ ” ဟု ဆိုသည်။

ဒီရေတောထိန်းသိမ်းရေးနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ တာဝန်ခံ ဦးအောင်မင်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ရခိုင်ပြည်တွင် သစ်တောနှင့် ဒီရေတောပြုန်းတီမှုများကို ကာကွယ်နိုင်ရန်အတွက် အစားထိုး ပျိုးပင် ၃၉၀,၀၀၀ ကို မြို့နယ်အလိုက် နှစ်စဉ် စိုက်ပျိုးပေးလျက်ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ DMG သတင်းဌာနကို ယခင်က ဖြေကြားထားသည်။ 

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့် စာရင်းအရ ဒီရေတော ဧက စုစုပေါင်း ၃၉၅,၇၂၆ ဧကရှိပြီး မောင်တောခရိုင်တွင် ၅,၃၂၀ ဧက၊ စစ်တွေခရိုင်တွင် ၇,၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈,၂၆၈ ဧက၊ ကျောက်ဖြူခရိုင်တွင် ၈၃,၆၆၀ ဧက နှင့် သံတွဲခရိုင်တွင် ၈၃,၈၇၆ ဧက ရှိကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။

#R010