- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ဖားကန့်တွင် ကျောက်လုပ်ကွက်များ ပိတ်ထား၍ ရွှေ့ပြောင်းလုပ်သားများ အခက်အခဲဖြစ်
ဖားကန့်ဒေသတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိနေပြီး အများစုမှာ ရေမဆေးကျောက်ရှာခြင်း၊ ကျောက်တူးခြင်း၊ ကျောက်အရောင်းအဝယ် စသည့် လုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြောင်း သိရသည်။
25 Nov 2024
DMG ၊ နိုဝင်ဘာ ၂၅
ကချင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများ ပြင်းထန်နေမှုကြောင့် ဖားကန့်ဒေသရှိ ကျောက်လုပ်ကွက်များ ပိတ်ထားရသဖြင့် ဒေသခံများအပါဝင် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ အခက်ခဲဖြစ်နေကြောင်း သိရသည်။
ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီကြီးများအားလုံးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ ပိတ်ထားခြင်းဖြစ်ပြီး ကျောက်လုပ်သားများမှာ စားဝတ်နေရေးခက်ခဲမှုနှင့် ကြုံတွေ့နေရသည်။
“ကုမ္ပဏီတွေ အားလုံး မဖွင့်သေးဘူး။ တစ်ချို့နေရာတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေတာတော့ရှိတယ်။ စုပြုံပြီးရှာနေကြတာ။ ဖွင့်တဲ့နေရာဆို မနက်ရော ညပါ လူတွေပြည့်နေတာပဲ။ ကျောက်ကမရ၊ ကျောက်ဈေးကွက်က မကောင်းတော့ နေထိုင်စားသောက်ဖို့ ခက်ခဲတယ်” ဟု ရေမဆေးကျောက်ရှာသူ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။
ဖားကန့်ဒေသတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိနေပြီး အများစုမှာ ရေမဆေးကျောက်ရှာခြင်း၊ ကျောက်တူးခြင်း၊ ကျောက်အရောင်းအဝယ် စသည့် လုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြောင်း သိရသည်။
ကချင်ပြည်နယ်၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း မြစ်ကြီးနား - မန္တလေးလမ်းမှာ တိုက်ပွဲများကြောင့် ပိတ်ထားရပြီး၊ ကန်ပိုက်တည်မြို့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုလည်း တရုတ်ဘက်က ပိတ်ထားသဖြင့် ဖားကန့်ဒေသတွင် အခြေခံဆေးဝါးနှင့် ကုန်စည်များ ပြတ်လပ်နေသည်။
“ဒီမှာ ကျောက်ရှာတဲ့လူရဲ့ တဝက်လောက်က ရခိုင်တွေပဲ။ မှော်ပိတ်လို့ ကျောက်ရှာဖို့ခက်ခဲတဲ့အထဲ အခု ကုန်ဈေးနှုန်းတွေလည်း သုံးဆလောက်တက်သွားပြန်တယ်။ အခြေခံဆေးဝါးနဲ့ ဓာတ်ဆီဈေးက အဆိုးဆုံးပေါ့” ဟု ဖားကန့်ဒေသနေ နောက်ထပ် ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။
ဖားကန့်ရောက် ရခိုင်လုပ်မားများမှာ နေရပ်ပြန်မည်ဆိုပါကလည်း တိုက်ပွဲကြောင့် လမ်းခရီးပိတ်ထားသဖြင့် အဆင်မပြေမှုများ ရှိနေသည်။
ကချင်ပြည်တွင် တရုတ် - မြန်မာနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကန်ပိုက်တီမြို့ကို KIA က တိုက်ခိုက်သိမ်း ပိုက်ထားကြောင်း သိရသည်။
ကျောက်လုပ်ကွက်ပိတ်ထားခြင်းနှင့် ဈေးကွက်မတည်ငြိမ်ခြင်း တို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများမှာ စီးပွားရေး၊ စားဝတ်နေရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။
“ကုမ္ပဏီကြီးတွေ ပြန်မဖွင့်သေး။ နိုင်ငံရေးကလည်း မကောင်းဘူး။ ကျောက်ဈေးကွက်လည်း မကောင်းဘူး။ ဒီမှာတော့ ဗျိုင်းစိမ်းတောင်မှာ နည်းနည်းအလုပ်ဖြစ်တယ်။ တခြားနေရာတွေ အလုပ်မဖြစ်ဘူး” ဟု ဖားကန့်မြို့နယ် ဝှေခါမှော်ရောက် ကျောက်ရောင်းဝယ်သူ ဦးမောင်ကြီးက ပြောသည်။
ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ကွက်များတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူများမှာ သေဆုံးဒဏ်ရာရရှိမှုများ မကြာခဏရှိနေသည်။