USAID ရန်ပုံငွေဆိုင်းငံ့မှု စစ်ရှောင်များအပေါ် ရိုက်ခတ်မှုရှိလာ

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAID သည် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါ ဆိုင်းငံ့မှုကြောင့် ရခိုင်စစ်ရှောင်များ ယခင်ထက်ပိုမို ခက်ခဲလာနိုင်ခြေရှိကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများက ဆိုသည်။

By Admin 22 Feb 2025

ပုံစာ - ပေါက်တောမြို့နယ်က အမျိုးသမီးတစ်ဦးအား ၂၀၂၄ ခုနှစ်က တွေ့ရစဉ်။
ပုံစာ - ပေါက်တောမြို့နယ်က အမျိုးသမီးတစ်ဦးအား ၂၀၂၄ ခုနှစ်က တွေ့ရစဉ်။

 
DMG၊ ဖေဖော်ဝါရီ ၂၂ 

အမေရိကန်က ပြည်ပနိုင်ငံများသို့ အကူအညီပေးနေသည့် USAID အစီစဉ်များကို သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ဖြင့် ဆိုင်းငံ့လိုက်မှုကြောင့် ရခိုင်ဒေသရှိ စစ်ဘေးရှောင်များအပေါ် ရိုက်ခတ်မှုရှိလာကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAID သည် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါ ဆိုင်းငံ့မှုကြောင့် ရခိုင်စစ်ရှောင်များ ယခင်ထက်ပိုမို ခက်ခဲလာနိုင်ခြေရှိကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများက ဆိုသည်။

“USAID ထောက်ပံ့မှုနဲ့လုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လက်ရှိ လုပ်နေတဲ့ စစ်‌ဘေးရှောင်တွေအတွက် အကူအညီလုပ်ဆောင်ချက်တွေကို ရပ်တန့်လိုက်ရတော့မယ့် သဘောရှိပါတယ်။ ဒီအထဲ ပါနေတဲ့ ဝန်ထမ်းတွေကိုလည်း အမြဲတမ်းမဟုတ်ရင်တောင် ယာယီအနားပေးရမယ့် သဘောရှိပါတယ် “ ဟု လူမှုကူညီရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

USAID က မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ရက်ပေါင်း ၉၀ အထိ ဆိုင်းငံ့ လိုက်ခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၇ သိန်းနီးပါးအထိ ရှိလာနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးစသည့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေသည်။

ယခုကဲ့သို့ USAID ထောက်ပံ့မှု ရပ်နားခံလိုက်ရသည့်အတွက် ရခိုင်ပြည်က စစ်ဘေးရှောင်အရေးကို ကူညီနေသည့် အဖွဲ့များမှာလည်း လက်ရှိတွင် လုပ်ငန်းရပ်နားခြင်း၊ ဝန်ထမ်းလျှော့ချခြင်းကို ပြုလုပ်နေရကြောင်း ဆိုသည်။

“USAID အထောက်အပံ့တွေ သုံးလကြာ ရပ်နားခံရတဲ့အတွက် ဒီအထောက်အပံ့နဲ့လုပ်ပေးနေတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တွေဆိုရင် ဝန်ထမ်းတွေကို ယာယီ လျှော့ချထားရတဲ့အပြင် လက်ရှိ လုပ်နေတဲ့ လုပ်ဆောင်ချက်တွေကအစ ရပ်နားထားရတဲ့အနေအထားပါ” ဟု ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်အများစုမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရကြသည့်အပြင် အရေ ပြားရောဂါဖြစ်ပွားမှုများကိုပါ ခံစားနေကြရသည်။

စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှု၊ ကူညီထောက်ပံ့ မှုမရရှိခြင်းတို့ကြောင့် စားဝတ်နေရေး အကျပ်အတည်းများစွာဖြင့် ကြုံတွေ့နေကြရကြောင်း ပေါက်တောမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ကယ်ဆယ်ရေးမရတာတော့ နှစ်လလောက်ရှိနေပြီ။ အခုကာလက ကြုံရာကျပန်းလုပ်ဖို့တောင် အလုပ်က မရှိနေဘူး။ ကြုံရာကျပန်းအလုပ်လောက် လုပ်နေရရင်တောင် ကယ်ဆယ်ရေးကို မမျှော်တော့ဘူးပေါ့” ဟု ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ရခိုင်ဒေသကို ကုန်ပစ္စည်းသယ်ယူခွင့်၊ ခရီးသွားလာခွင့် ကန့်သတ်ထားပြီး နိုင်ငံတကာအဖွဲ့အစည်းများများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးစသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် အခက်အခဲများစွာရှိနေပြီး နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို စစ်ဘေးရှောင်များ အပါအဝင် ရခိုင်ဒေသခံများမှာ ဆိုးရွားစွာ ကြုံတွေ့နေကြရသည်။

လက်ရှိ ဒေသတွင်းလူမှုကူညီရေးအဖွဲ့များအနေဖြင့် ကူညီထောက်ပံ့ကြရာလည်း ရန်ပုံငွေအခက်အခဲ၊ အင်တာနက်လိုင်းပြတ်တောက်မှု စသည့်အခက်အခဲများကို ရင်ဆိုင်နေကြရသည်။