နခခ (၅) ကို ထိုးစစ်အရှိန်မြှင့်မည်ဟု AA ကြေညာပြီးနောက် စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုတိုးမြှင့်

မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်တပ်ဖြစ်သည့် အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ရင်း (နခခ-၅) ကို အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြင့်တော့မည်ဟု စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာခဲ့သည်။

By Admin 29 Sep 2024

နခခ (၅) ကို ထိုးစစ်အရှိန်မြှင့်မည်ဟု AA ကြေညာပြီးနောက် စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုတိုးမြှင့်

DMG ၊ စက်တင်ဘာ ၂၉ 

မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်တပ်ဖြစ်သည့် အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ရင်း (နခခ-၅) ကို အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြင့်တော့မည်ဟု စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီသည် နခခ ၅ အနီးတဝိုက်နှင့် မောင်တောမြို့ ပတ်ဝန်းကျင်ကို နေ့ညမရွေး လေ ကြောင်း တိုက်ခိုက်မှုနှင့်အတူ လေကြောင်းက လက်နက်၊ ရိက္ခာအင်အားဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက စက်တင်ဘာလ ၂၈ ရက် တစ်ရက်တည်းတွင် နခခ(၅) အနီးပတ်ဝန်ကျင်များကို ဂျက်ဖိုက်တာ ၂ စီးနှင့် လေကြောင်းတိုက်ခိုက်မှု ၆ ထက်မနည်း ပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင်းလည်း Y-12 တစ်စီးနှင့် နခခ(၅) တပ် ရင်းထဲကို လေထီးဖြင့် အထုတ်အပိုးများချခဲ့ကြောင်း  အခြေအနေကိုသိရှိသူများက ပြောသည်။

ယင်းအပြင် ယနေ့ (စက်တင်ဘာလ ၂၉) ရက်နေ့ နံနက်ပိုင်း ၈ နာရီကျော်တွင်လည်း စစ်ကောင်စီက Y-12 လေ ယာဉ်တစ်စီးဖြင့် နခခ(၅) ပတ်ဝန်းကျင်များကိုလည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လျက်ရှိသည်။

“ကျနော် သတိထားမိသလောက် AA ထိုးစစ်အရှိန်မြင့်မယ်လို့ ကြေညာပြီးနောက်မှာ စစ်ကောင်စီက မောင်တော မြို့ကို လေကြောင်းကနေ တရက်စပ် တိုက်ခိုက်နေတာဖြစ်တယ်။ မနေ့ကလည်း ဂျက်လေယာဉ်တွေနဲ့ လေ  ကြောင်း တိုက်ခိုက်ခဲ့သလို Y-12 လေယာဉ်တွေနဲ့ လက်နက်ခဲယမ်းတွေလို့ယူဆရတဲ့ အထုတ်တွေကို လေထီးနဲ့ ချပေးခဲ့တာရှိတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း Y-12 ရောက်လာပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ အာရက္ခတပ်တော်က နခခ(၅)ကို ပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများမှာလည်း ပြင်းထန်နေကြောင်း နေသည်။ 

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ Y-12 ဖြင့် ဗုံးသီးအမြောက်အမြားကြဲချမှုကြောင့် မောင်တော မြို့အမှတ် ၂ ရပ်ကွက်၊ မြို့မ၊ ငါးခူရ (မူဆလင်ရွာ)တွင် နေအိမ်များ မီးလောင်နေနေပြီး ပျက်စီးမှုကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီက မောင်တောမြို့ကို ကြည်း၊ ရေကြောင်းဖြင့် စစ်ကူအင်အားဖြည့်တင်းနိုင်စွမ်းမရှိတော့ လေကြောင်းကို အားထားပြီးခုခံနေခြင်းဖြစ်ကြောင်း ရခိုင်စစ်ရေးလေ့လားသူတစ်ဦးက ပြောသည်။

“မောင်တောဒေသတစ်ခုလုံးဟာ AA လက်ထဲ ရောက်တော့မယ်လို့ မြင်ရတယ်။ အခုအချိန်မှာ စစ်ကောင်စီက ကြည်း ကြောင်း၊ ရေကြောင်းကလည်း အင်အားမဖြည့်နိုင်တော့ဘူး။ ဆိုတော့ လေကြောင်းတစ်ခုနဲ့ပဲ ခုခံလို့ ရတော့မယ်။နခခ (၅) မကျသရွေ့ စစ်ကောင်စီက လေကြောင်းပစ်ကူကိုပဲ အားကိုးပြီး ခုခံနေခြင်းဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် ကျန်ရှိနေသေးသော စစ်ကောင်စီ လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်နိုင်ရေး ထိုးစစ်များကို ဆက်လက်အရှိန်အဟုန် မြှင့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ တွင် အာရက္ခတပ်တော်က ကြေညာထားသည်။

AA ၏ စစ်မျက်နှာ ၁၈ ခုရှိသည့်အနက် ချင်းပြည်နယ် ပလက်အဝအပါဝင် မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထိန်း ချုပ် ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်နှင့် မောင်တော နခခ ၅ တစ်ခုတည်းသာ ကျန်ရှိတော့ ခြင်းဖြစ်သည်။ 

လက်ရှိတွင် အမ်း၊ ဂွ နှင့် မောင်တောတို့တွင် တိုက်ပွဲများရှိနေပြီး ကျန်မြို့နယ်များ ကိုလည်း AA က ဝိုင်းရံ ပိတ်ဆို့ ထားသည်။