လူမျိုးစုအမျိုးသားနိုင်ငံရေးနှင့် မြန်မာ့အနာဂတ် (၂)
သူပုန်အုပ်ချုပ်မှု (Rebel Governance) ကဏ္ဍနှင့် ပတ်သက်၍ ရေးနေကျ အရေးအသားများသည် EAO အုပ်ချုပ်ရေးများ၏ မတူခြားနားသည့် လည်ပတ်မှုပုံစံများကို လုံလောက်စွာ မဖော်ပြနိုင်ကြပေ။ EAO အုပ်ချုပ်မှုသည် အာဏာအတွက် အဓိကကျသော နည်းလမ်းတစ်ရပ်မျှသာ မဟုတ်ပေ။
07 Oct 2024
လူမျိုးစုအမျိုးသားနိုင်ငံရေးနှင့် မြန်မာ့အနာဂတ် (၁)
အဆိုပါ လှုပ်ရှားမှုသည် ပြီးခဲ့သောနှစ် အောက်တိုဘာလကတည်းက စတင်ခဲ့သည့် ထိုးစစ်များအတွင်း သိမ်းပိုက်ထားသော နယ်မြေများ၌ ပြည်သူ့ဝန်ဆောင်မှုများ ပြန်လည်လည်ပတ်ရန်အတွက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်။
မကြာသေးမီက တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် AA မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အခြားသော တော်လှန်ရေး တပ်ဖွဲ့များနှင့် ဆက်ဆံရေး တိုးတက်ပြောင်းလဲလာမှုသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း ၎င်း၏ အမြင်ကိုလည်း ပုံဖော်ပေးခဲ့ကြောင်း ရှင်းပြထားသည်။ မဟာမိတ်များနှင့် မိတ်ဘက်များ ပိုမိုတည်ဆောက်ရန်နှင့် “ပြည်ထောင်စုတစ်ခုလုံးအပြင် ကျွန်တော်တို့ရဲ့ ပတ်ပတ်လည်က အသိုက်အဝန်းနဲ့ပါ သက်ဆိုင်တဲ့ ဘက်ပေါင်းစုံအမြင်” တစ်ရပ် ထားရှိဖို့ လိုအပ်ကြောင်း သူက အလေးပေးပြောကြားသည်။ ဤအနေအထားသည် (ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ်ထက်ပို၍) “ရခိုင်က တောက်လျှောက် ပြောလာခဲ့တဲ့ ကွန်ဖက်ဒရေးရှင်း” မှ သွေဖီသွားစရာ အကြောင်းမရှိဟုလည်း သူကယူဆသည်။
ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းများ ရှာဖွေခြင်း
မြန်မာနိုင်ငံတွင် လူမျိုးစုအမျိုးသားနိုင်ငံရေးသည် စစ်ပွဲအတွက် တွန်းအားတစ်ရပ်သာမကဘဲ ဒေသတွင်း တည်ငြိမ်ရေးကို အဓိကဆုံးဖြတ်သည့် အချက်များထဲမှ တစ်ခုအဖြစ်လည်း ကာလကြာရှည်စွာ လုပ်ဆောင်ခဲ့သည်။ နိုင်ငံသည် ၎င်း၏နယ်မြေပိုင်နက်ကို မည်သည့်အချိန်ကမှ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်ခြင်း မရှိခဲ့သည့်အတွက် EAO များသည် အစိုးရအဆင့် မဟုတ်သော အုပ်ချုပ်ရေးကို လည်ပတ် လုပ်ဆောင်ခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။
ဤကဲ့သို့ အစားထိုးကျင့်သုံးကြသည့် နိုင်ငံရေးပုံစံများကို တရုတ်၊ ထိုင်းတို့နှင့် ထိကပ်နေသည့် မြန်မာ့နယ်စပ် ဒေသများတွင် တွေ့ရများသည်။ အဆိုပါဒေသများတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကဲ့သို့သော အဖွဲ့အစည်းများသည် သြဇာကြီးမားသည့် အုပ်ချုပ်ရေး အင်အားစုများအဖြစ် ရှိနေကြသည်မှာ ကာလကြာခဲ့ပြီ ဖြစ်သည်။
၎င်းတို့၏ အုပ်ချုပ်ရေးများသည် ပဋိပက္ခဒဏ်ခံရသော ပြည်သူထောင်ပေါင်းများစွာအတွက် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပေးအပ်ရာတွင် အခရာကျသည်။ ထိုအဖွဲ့အစည်းများသည် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်း၊ ဒုက္ခသည် ကာကွယ်ရေးနှင့် ဒေသတွင်း ကူးစက်ရောဂါ တုံ့ပြန်မှုများတွင် ၎င်းတို့၏ အရေးပါသော အခန်းကဏ္ဍမှ ဆောင်ရွက်ပြထားသည့်အတိုင်း အရေးကြီးသည့် နိုင်ငံတကာ မိတ်ဖက်များ ဖြစ်လာခဲ့သည်။
သူပုန်အုပ်ချုပ်မှု (Rebel Governance) ကဏ္ဍနှင့် ပတ်သက်၍ ရေးနေကျ အရေးအသားများသည် EAO အုပ်ချုပ်ရေးများ၏ မတူခြားနားသည့် လည်ပတ်မှုပုံစံများကို လုံလောက်စွာ မဖော်ပြနိုင်ကြပေ။ EAO အုပ်ချုပ်မှုသည် အာဏာအတွက် အဓိကကျသော နည်းလမ်းတစ်ရပ်မျှသာ မဟုတ်ပေ။ လက်နက်ကိုင်အဖွဲ့များက ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ပြီး အပြန်အလှန်အားဖြင့် လူထုထောက်ခံမှုနှင့် တရားဝင်မှုတို့ ရရှိသည်။ အများပြည်သူ စည်းကမ်းလိုက်နာပြီး စနစ်တကျ လည်ပတ်အောင် ထိန်းပေးမှုကို မီးမောင်းထိုးပြသည့် စနစ်ကျသည့် စည်းမျဉ်းစည်းကမ်း ရှုထောင့်တစ်ရပ်လောက်ဖြင့် လုံလောက်သည်မဟုတ်ပေ။
တကယ်တမ်းတွင် EAO အုပ်ချုပ်မှုသည် အဓိကအားဖြင့် လူမျိုးစုအမျိုးသားရေး ဆိုင်ရာ အသိုင်းအဝိုင်းများ၌ တိုင်းရင်းသား လူမျိုးများ၏ အချုပ်အခြာအာဏာကို ဖော်ဆောင်ရန်ဖြစ်သည်။ တစ်နည်းဆိုရလျှင် EAO အုပ်ချုပ်မှုသည် နိုင်ငံတည်ဆောက်ရေးပင် ဖြစ်သည်။
ဤသည်က မြန်မာ့အနာဂတ်နှင့် ငြိမ်းချမ်းရေးအလားအလာများ အတွက် မည်ကဲ့သို့ အဓိပ္ပာယ် သက်ရောက်သနည်း။ EAO အများအပြားက ၎င်းတို့၏ နယ်မြေများကို အသည်းအသန် ချဲ့ထွင်နေချိန်သည့် တချိန်တည်း၌ သူတို့၏ အုပ်ချုပ်မှု ယန္တရားများနှင့် နိုင်ငံတည်ဆောက်ရေး ရည်မှန်းချက်များလည်း ကျယ်ပြန့်လာသည့်သဘော ဖြစ်လေသည်။ ထိုသို့သော နယ်မြေချဲ့ထွင်မှု အများစုသည် စစ်တပ်အာဏာသိမ်းမှု မတိုင်မီကပင် ရှိခဲ့ပြီးသား ဆိုသော်ငြားလည်း EAO များ အရှိန်အဟုန်ဖြင့် ချဲ့ထွင်လာမှုနှင့်အတူ ၎င်းတို့သည်လည်း ပိုမိုအကဲဆတ်လာသည်။ နယ်မြေပိုင်ဆိုင်မှု အရေးကိစ္စများကြောင့် EAO အချင်းချင်း ပဋိပက္ခဖြစ်နိုင်ခြေလည်း ပိုများသွားစေသည်။
(ဆိုလိုရင်းမှာ EAO အချင်းချင်း ဆက်ဆံရေး တင်းမာမှုများ ကာလရှည်ကြာ ရှိလာခဲ့သည့် ရှမ်းပြည်မြောက်ပိုင်းတွင် ဆိုလျှင် EAO များသည် ဤကဲ့သို့ ပဋိပက္ခမျိုးကို ဖြေရှင်းရာတွင် များသောအားဖြင့် လက်တွေ့ကျကြသည်ကိုလည်း ပြသနေခြင်းဖြစ်သည်။)
ပိုမိုအလေးထားစရာမှာ ဖြစ်နေသည်မှာ လူတန်းစေ့ပါဝင်မှုနှင့် တာဝန်ခံမှုဆိုင်ရာ ပြဿနာများဖြစ်သည်။ EAO များသည် လူမျိုးစု ကွဲပြားစုံလင်သည့် လူထုကို အုပ်ချုပ်နေကြခြင်းဖြစ်ရာ ၎င်းတို့၏ လက်ရှိ နယ်မြေသိမ်းပိုက်မှု အရှိန်အဟုန် မိုမြင့်လာလေ လူမျိုးအမယ် ပိုစုံလာလေလေ ဖြစ်သည်။ ဤအချက်သည် လူမှုအသိုင်းအဝိုင်း ပဋိပက္ခများ လက်ရှိအကျပ်အတည်း မတိုင်မီကတည်းက ရှိနှင့်ခဲ့သည့် ဒေသများတွင် အထူးစိုးရိမ်စရာ ဖြစ်လာသည်။
ဥပမာအားဖြင့် ရိုဟင်ဂျာအသိုင်းအဝိုင်းများကို AA က တိုက်ခိုက်သည့် သတင်းများ၊ ရိုဟင်ဂျာဆန့်ကျင်ရေးကို မီးထိုးပေးသည့် အပြောများနှင့် အရပ်ဘက် အသိုင်းအဝိုင်း၏ ခြိမ်းခြောက်မှုများသည် အချက်ပေးခေါင်းလောင်းသံများ ဖြစ်သင့်ဖြစ်ထိုက်စွာပင် ထွက်ပေါ်နေခြင်း ဖြစ်သည်။ သို့သော်လည်း မိမိတို့အနေဖြင့် EAO အားလုံးကို ဝါးလုံးရှည်ဖြင့် သိမ်းကျုံးရှုမြင်၍ မရနိုင်ပေ။ EAOs များသည် အကြီးအကျယ် ကွဲပြားခြားနားသည့် အဖွဲ့အစည်းများ ဖြစ်ပြီး သဘောတရားပိုင်း လွှမ်းမိုးမှု၊ သမိုင်းဆိုင်ရာ အတွေ့အကြုံများ၊ အတွင်းပိုင်း အုပ်ချုပ်ရေး ယန္တရားများနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ အမျိုးစုံ ရှိကြသည်။
EAO အချို့ကတော့ ဒေသတွင်း အသိုင်းအဝိုင်းများအပေါ် အခြားအဖွဲ့အစည်းများထက် တာဝန်ယူမှုပိုရှိပြီး လူတန်းစေ့ပါဝင်မှုလည်း ပိုများသည့် ဆက်ဆံရေးကို ကျင့်သုံးကြသည်။ KNU နှင့် KIO တို့ဆိုလျှင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သည့် အစဉ်အလာ ရှိသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဤအဖွဲ့အစည်းများသည် တာဝန်ယူမှုရှိသည့် အုပ်ချုပ်ရေးပုံစံသစ်များကို ဦးဆောင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေကြသည်။ ကရင် တက်ကြွလှုပ်ရှားသူများနှင့် KNU တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကဲ့သို့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံကိန်း ကိစ္စရပ်မျိုးဖြစ်သည်။
KNU နှင့် KIO တို့သည် လူမျိုးစုကွဲပြားမှုကို ပံ့ပိုးပေးသည့် နိုင်ငံအဆင့် မဟုတ်သော ပညာရေးစနစ်များ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့၏ သင်ရိုးညွှန်းတမ်းသည် မိခင်ဘာသာစကား အခြေခံ ပညာရေးကို အလေးပေးသော်လည်း လူမျိုးစုံလင်သည့် အသိုင်းအဝိုင်းများတွင် တစ်စိတ်တစ်ပိုင်း ကျင့်သုံးသည့် ၎င်းတို့၏ ပညာရေးစနစ်များတွင် လူတန်းစေ့ပါဝင်မှု ပိုရှိစေရန်ကိုပါ နှစ်ဖွဲ့လုံးက ကြိုးပမ်းကြသည်။ ဥပမာအားဖြင့် KIO သည် ၎င်း၏နယ်မြေတွင် အခြားတိုင်းရင်းသားများနှင့် ဘာသာရေးအဖွဲ့များကို ကိုယ်ပိုင်ကျောင်းများ တည်ထောင်ရန် အားပေးထောက်ခံကြောင်း ကြေညာထားခြင်းမျိုး ဖြစ်သည်။
ဤကြိုးပမ်းမှုများသည် အလုံးစုံ ပြည့်စုံကောင်းမွန်နေသည်တော့လည်း မဟုတ်ပါပေ။ ဆယ်စုနှစ်များစွာ စစ်တိုက်လာကြသည့် အနေအထားတွင် မည်ကဲ့သို့ ပြည့်စုံနိုင်ပါမည်နည်း။ သို့သော်လည်း ပိုမိုငြိမ်းချမ်းသည့် အနာဂတ်တစ်ရပ်အတွက် အလားအလာကောင်းသည့် ဖြစ်နိုင်ခြေများကိုတော့ ရှင်းရှင်းလင်းလင်း ညွှန်ပြလျက်ရှိသည်။ ဤအနာဂတ်မျိုးအတွက် သော့ချက်မှာ အလုံးစုံပါဝင်ပြီး တာဝန်ခံမှုရှိသော EAO အုပ်ချုပ်ရေးကို ပံ့ပိုးပေးသည့် အစပျိုးမှုများအား အုတ်မြစ်ခိုင်စေခြင်း ဖြစ်သည်။ အလှူရှင်များနှင့် ဖွံ့ဖြိုးရေးအေဂျင်စီများ အနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုချင်းစီ၏ လုပ်ရပ်များကြောင့် EAO အားလုံးကို ရှောင်ဖယ်ခြင်း မပြုသင့်ပေ။ ထိုအစား မြန်မာနိုင်ငံတွင် အုပ်ချုပ်မှုအခန်းကဏ္ဍ၌သာ ကြီးထွားလာမည့် အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်သင့်သည်။
အလားတူပင် အမေရိကန် မူဝါဒချမှတ်သူများက မြန်မာအတွက် ၎င်းတို့၏ အကူအညီများကို မြှင့်တင်ရန် ကြိုးပမ်းနေသည့် အချိန်၌ အသစ်ဖွဲ့စည်းလိုက်သည့် မြန်မာ့အရေးဆိုင်ရာ အမေရိကန်လွှတ်တော် သီးသန့်အဖွဲ့ (Burma Caucus) အနေဖြင့်လည်း EAO အုပ်ချုပ်မှုကို ဘဝင်မကျ ဖြစ်နေမည့်အစား လက်တွဲ လုပ်ဆောင်သင့်သည်။ ဤသည်က စာနာမူ အကူအညီများ ပေးအပ်သည်ထက် ကျော်လွန်၍ EAO များနှင့် မိတ်ဘက် ဖွဲ့သည့်သဘော သက်ရောက်မည်ကတော့ အသေအချာပင် ဖြစ်သည်။
အမေရိကန် လွှတ်တော်အမတ်များနှင့် အစိုးရဌာနများသည် BURMA Act 2022 ဥပဒေတွင် ဖော်ပြထားသည့် ကတိကဝတ်များကို လိုက်နာပြီး အသက်အန္တရာယ် မဖြစ်စေသော ပံ့ပိုးကူညီမှုများကို မြန်မာနိုင်ငံရှိ တော်လှန်ရေး အင်အားစုများအတွက် တိုးမြှင့် ပေးအပ်သင့်သည်။ တခြားအလှူရှင်များသည်လည်း ဤအတိုင်း ဆောင်ရွက်သင့်သည်။ ဤအကူအညီ၏ တစ်စိတ်တစ်ပိုင်းကို ပညာရေး၊ ကျန်းမာရေး၊ တရားမျှတမှုနှင့် မြေယာအခွင့်အရေးများ ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုနှင့် တည်ငြိမ်မှုကို မြှင့်တင်ပေးသည့် EAO အုပ်ချုပ်မှုရှိသော နယ်ပယ်များကို ပံ့ပိုးကူညီရာတွင် အသုံးပြုသင့်သည်။
ထိုသို့လုပ်ဆောင်ရန်အတွက် အလှူရှင်များသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ အသိုင်းအဝိုင်းများ၏ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖြစ် ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသင့်သည်။ အဆိုပါ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် လူမျိုးစုံပါဝင်ပြီး တာဝန်ယူမှုရှိသော အုပ်ချုပ်မှုပုံစံများကို အားကောင်းအောင် ဆောင်ရွက်နေကြသည့် နေရာများသို့ ကူညီထောက်ပံ့မှုများ ရောက်ရှိစေရေးအတွက် အာမခံနိုင်ရေးတွင် အခရာကျသူများဖြစ်သည်။
ဤကဲ့သို့ ဦးတည်ချက်ထားပြီး ချဉ်းကပ်ကူညီမှုသည် EAO များအားလုံးအား လူတန်းစားမျိုးစုံ ပါဝင်ပြီး တာဝန်ယူမှုရှိသည့် အုပ်ချုပ်မှုပုံစံများ ကျင့်သုံးပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ရေရှည်ခိုင်မြဲသည့် လမ်းကြောင်းတစ်ရပ်သို့ လျှောက်လှမ်းလာအောင် မက်လုံးပေးရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
EAO အုပ်ချုပ်မှုနှင့် တွဲဖက်လုပ်ကိုင်ခြင်းသည် ပဋိပက္ခဒဏ်သင့် ဖြစ်စဉ်များတွင် နိုင်ငံတကာ၏ ကြားဝင်စွက်ဖက်မှုကို ယထာဘူတကျကျ ပြန်လည်သုံးသပ် ဆင်ခြင်ရာ၌ အသုံးဝင်သည့် တွန်းအားတစ်ရပ် အဖြစ်လည်း အပြန်အလှန် အကျိုးဖြစ်စေနိုင်သည်။ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်ရန် တောင်းဆိုမှုနှင့် အဆိုပါ အုပ်ချုပ်ရေးပုံစံ ကိုယ်တိုင်သည် ဘာမျှ အသစ်အဆန်း မဟုတ်သည်ကတော့ သေချာသည်။ ဆန့်ကျင်ဘက်အားဖြင့် “ပြည်တွင်းအလှည့်”သည် အရေးပါသည့် ငြိမ်းချမ်းရေးတည်ဆောက်မှု သုတေသနနှင့် ကျင့်ထုံးတွင် အဓိကအစိတ်အပိုင်းပင် ဖြစ်လာနေသည်။
မည်သို့ပင် ဆိုစေကာမူ ဤအလုပ်၏ ပမာဏအများစုမှာ နိုင်ငံနှင့် “ပြည်တွင်းအလှည့်” အပေါ် အနောက်တိုင်း အတွေးအခေါ်ကို ဗဟိုပြုသည့် နားလည်မှုပုံစံများနှင့် (Eurocentric understandings) အသားကျနေကြဆဲ ဖြစ်သည်။ သို့မဟုတ်လျှင်တောင် အနည်းဆုံးတော့ နိုင်ငံရေးအားဖြင့် ထောက်ခံရန် ထိုက်တန်သည်ဟု ထင်ရသည့် ပြည်တွင်းအင်အားစုများအပေါ် ထိုကဲ့သို့ နားလည်ယူဆမှုများနှင့် အသားကျနေဆဲ ဖြစ်သည်။
လူမျိုးစုအမျိုးသား လက်နက်ကိုင်လှုပ်ရှားမှုများကို ငြိမ်းချမ်းရေး တည်ဆောက်နေကြသည့် ဒေသခံမိတ်ဘက်များအဖြစ် ယခုအထိ မမြင်ကြသေးသည်မှာ အံ့သြစရာ မဟုတ်ပါပေ။ ထို့အပြင် မိမိတို့အနေဖြင့် လူမျိုးစုအမျိုးသားရေး ဝါဒများအပေါ် လွန်လွန်ကျူးကျူး အသားပေးပုံဖော်ခြင်းများ မလုပ်သင့်သည့် တချိန်တည်း၌ ၎င်းတို့ကို မြန်မာနိုင်ငံကဲ့သို့ အခြေအနေတစ်ရပ် နောက်ခံ၌ လူမျိုးကြီးဝါဒစွဲ နိုင်ငံ (Ethnocratic State)၏ ကိုလိုနီခေတ်လွန် နိုင်ငံရေးဘောင် အတွင်းမှ ဆက်စပ်သုံးသပ်ရန် လိုအပ်သည်။
ဤနည်းအားဖြင့် ပဋိပက္ခ မောင်းနှင်အားများနှင့် ပတ်သက်၍ ပိုမို ပိုင်းခြားသိမြင်နိုင်သည့် နားလည်မှုတစ်ရပ် ထွက်ပေါ်လာမည် ဖြစ်သလို ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းသစ်များလည်း တွေ့မြင်လာရမည် ဖြစ်ပေသည်။
- New Mandala ဝဘ်ဆိုက်တွင် ဒေးဗစ်ဘရန်နာ (David Brenner) ရေးသားထားသည့် Ethnonationalism and Myanmar’s future ကို ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးပါ အသုံးအနှုန်းများသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။
- ဒေးဗစ်ဘရန်နာသည် Sussex တက္ကသိုလ်ရှိ Global Insecurities ဌာနတွင် အကြီးတန်းကထိက ဖြစ်သည်။ သူသည် လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် ပါရဂူဘွဲ့ အပါအဝင် မြန်မာနိုင်ငံရှိ လူမျိုးစုနိုင်ငံရေးနှင့် EAO များကို ၂၀၁၂ ခုနှစ်ကတည်းက သုတေသနပြုလာသူ ဖြစ်သည်။ Rebel Politics: A Political Sociology of Armed Struggle in Myanmar's Borderlands စာအုပ်ကို ရေးသားပြီး ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။