နိုင်ငံရေးလောကထဲသို့ တကျော့ပြန်ဝင်ရောက်ရန် မြို့တော်ဝန်ရွေးကောက်ပွဲကို ဒူတာတေး ဝင်ပြိုင်မည်

သမ္မတဟောင်း ဒူတာတေးသည် တစ်ချိန်က တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ဖူးသော အမျိုးသားလွှတ်တော်နေရာအစား ဒေသန္တရရာထူးအတွက် ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်သွင်းလိုက်ခြင်းဖြစ်သည်။

By Admin 08 Oct 2024

မြို့တော်ဝန်ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းလိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်သည့် ဒူတာတေးကို လျှောက်လွှာတင်းသွင်းချိန်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - Asia News Network)
မြို့တော်ဝန်ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းလိုက်ပြီဖြစ်ကြောင်း အသိပေးလိုက်သည့် ဒူတာတေးကို လျှောက်လွှာတင်းသွင်းချိန်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - Asia News Network)

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် တောင်ပိုင်းမြို့တော် ဒါဗာအိုရှိ ၎င်းနေထိုင်ရာ လုပ်ငန်းဆောင်ရွက်မှုနယ်ပယ် စီရင်စုပိုင်နက်တွင် မြို့တော်ဝန်ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းလိုက်ပြီဖြစ်ကြောင်း ၎င်း၏အနီးကပ်လက်ထောက်ဖြစ်သူ အထက်လွှတ်တော်အမတ် ဘွန်းဂိုးက ပြောကြားလိုက်သည်ဟု Bloomberg သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတဟောင်း ဒူတာတေးသည် တစ်ချိန်က တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ဖူးသော အမျိုးသားလွှတ်တော်နေရာအစား ဒေသန္တရရာထူးအတွက် ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်သွင်းလိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ လျှောက်လွှာတင်သွင်းလိုက်ခြင်းမှာ နိုင်ငံ့ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ခဲ့သော ဒူတာတေးအနေနှင့် နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာသည့် အမှတ်အသားတစ်ရပ်လည်း ဖြစ်သွားခဲ့သည်။

လက်ရှိအချိန်တွင် ဒါဗာအိုမြို့၏ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော ဒူတာတေး၏ သားဖြစ်သူ ဆီဘတ်စ်တီယန် ဒူတာတေးကလည်း ဒု-မြို့တော်ဝန်နေရာအတွက် လျှောက်လွှာတင်သွင်းထားမှုရှိကြောင်း GMA News သတင်းဌာန၏ သီးသန့်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒူတာတေး၏ ပြောရေးဆိုခွင့်ဟောင်းပုဂ္ဂိုလ် ဆာဗေးဒိုး ပါနီလိုက သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးနှင့် ဒူတာတေး၏သားဖြစ်သူ ဆီဘတ်စ်တီယန် ဒူတာတေးတို့မှာ အထက်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမှုများရှိနေသည်ဟု အစောပိုင်းကတည်းက ပြောကြားခဲ့ဖူးသည်။

၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ဖိလစ်ပိုင်ကြားဖြတ်ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသူများသည် ယနေ့(အင်္ဂါနေ့) အထိတိုင်အောင် ကိုယ်စားလှယ်လောင်းနုတ်ထွက်မှုနှင့် အစားထိုးထည့်သွင်းမှုများကို လုပ်ဆောင်ခွင့်ရရှိထားသည်။

သမ္မတဟောင်း ဒူတာတေး၏အဖွဲ့သည် လက်ရှိသမ္မတ ဖာနန်ဒို မားကို့စ် ဂျူနီယာနှင့် မဟာမိတ်ဖွဲ့လိုက်ပြီးနောက် တရုတ်နှင့်ဆက်ဆံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး အပါအဝင် နိုင်ငံရေးမူဝါဒကွဲပြားမှုများ ရှိနေခြင်းကြောင့် နိုင်ငံရေးအာဏာအတွက် တိုက်ပွဲဝင်နေရဆဲဖြစ်သည်။

သမ္မတဟောင်း ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံးနှင့် ကွန်ဂရက်လွှတ်တော်တို့က မူးယစ်ဆေးဝါးစစ်ပွဲစီမံချက်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနေပြီး ၎င်း၏သမီးဖြစ်သူ ဒုသမ္မတ ဆာရာ ဒူတာတေးမှာလည်း စွပ်စွဲပြစ်တင်ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်။