ဖိလစ်ပိုင်တွင် ထရာမီမုန်တိုင်းကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံး

ဒေသခံများက ခရစ္စတင်းမုန်တိုင်းဟု သိရှိခေါ်ဝေါ်သော ပြင်းထန်သည့် အပူပိုင်းမုန်တိုင်း ထရာမီသည် လူဇွန်၏ ပင်မကျွန်းနေရာတွင် မိုးသည်းထန်စွာရွာသွန်းမှုများကို ဖြစ်ပေါ်စေခဲ့ပြီး မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် နေရာအနှံ့တွင် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။

By Admin 25 Oct 2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ ဘိုင်ကိုးလ်တွင် အပူပိုင်းမုန်တိုင်း ထရာမီကြောင့် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့အပြီးတွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဒေသခံများကို ကယ်ဆယ်နေကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ Reuters)

DMG ၊ အောက်တိုဘာ ၂၅

ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်သွားခဲ့သော ထရာမီ အပူပိုင်းမုန်တိုင်းကြောင့် အနည်းဆုံး ၂၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း တစ်သိန်းခွဲထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဒေသခံများက ခရစ္စတင်းမုန်တိုင်းဟု သိရှိခေါ်ဝေါ်သော ပြင်းထန်သည့် အပူပိုင်းမုန်တိုင်း ထရာမီသည် လူဇွန်၏ ပင်မကျွန်းနေရာတွင် မိုးသည်းထန်စွာရွာသွန်းမှုများကို ဖြစ်ပေါ်စေခဲ့ပြီး မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် နေရာအနှံ့တွင် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။

အမြင့်ဆုံးလေတိုက်နှုန်းအဖြစ် တစ်နာရီလျှင် ၉၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေသော မုန်တိုင်းသည် အနောက်ဘက်သို့ ရွေ့လျားနေပြီး ကော်ဒေးလ်လီရာဒေသ၏ မြောက်ဘက်တောင်တန်းများကို ကျော်ဖြတ်ကာ တောင်တရုတ်ပင်လယ်ဘက်သို့ ဦးတည်နေကြောင်း ပြည်နယ်မိုးလေဝသအေဂျင်စီက မနက် ၁၁ နာရီတွင် ထုတ်ပြန်ခဲ့သော ၎င်း၏မိုးလေဝသထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ပိုင်းပြည်နယ် အချို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းဒီရေလှိုင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသထုတ်ပြန်ချက်က သတိပေးထားသည်။

မုန်တိုင်းကြောင့် သေဆုံးသူအများစုသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက နာဂါမြို့ အပါအဝင် အလယ်ပိုင်း ဘိုင်ကိုးလ်ဒေသတွင် ဖြစ်ပွားခဲ့သော ရေနစ်ခြင်းနှင့် မြေပြိုမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ကြာသပတေးနေ့၌ လူ ၁၄ ဦး သေဆုံးခဲ့သည်ဟု စာရင်းပို့ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အပူပိုင်းမုန်တိုင်း ထရာမီသည် အိုင်ဆာဘီလာပြည်နယ် အရှေ့မြောက်ပိုင်းရှိ ဒီဗီလာကန်မြို့၌ မြေပြိုကျမှုများကို ဖြစ်စေခဲ့သည်။ ဒီဗီလာကန်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြီးအကဲ အီဇီကီရယ်လ် ချာဗက်ဇ်ကမူ လူသေဆုံးမှုဖြစ်စဉ် မရှိကြောင်း ပြောကြားထားသည်။

ဖိလစ်ပိုင်တွင် နှစ်စဉ် မုန်တိုင်းအလုံး ၂၀ ခန့် တိုက်ခတ်လေ့ရှိပြီး မုန်တိုင်းများကြောင့် မိုးကြီးပြီး လေထန်ခြင်းနှင့် မြေပြိုကျခြင်းများ ဖြစ်ပွားလေ့ရှိသည်။