လေကြောင်းအန္တရာယ်ကြောင့် သီတင်းကျွတ်ကာလ လူစုလူဝေး မပြုလုပ်ကြရန် လိုအပ် 

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး သီတင်းကျွတ်ကာလအတွင်း ဆီမီးပူဇော်ခြင်း၊ ပွဲလမ်းသဘင်များ ပုံမှန်ကျင်းပကြသည်။ 

By Admin 09 Oct 2024

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး သီတင်းကျွတ်ကာလအတွင်း ဆီမီးပူဇော်ခြင်း၊ ပွဲလမ်းသဘင်များ ပုံမှန်ကျင်းပကြသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး သီတင်းကျွတ်ကာလအတွင်း ဆီမီးပူဇော်ခြင်း၊ ပွဲလမ်းသဘင်များ ပုံမှန်ကျင်းပကြသည်။

DMG ၊ အောက်တိုဘာ ၉

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လာမည့် သီတင်းကျွတ်ကာလအတွင်း လူစုလူဝေးပြုလုပ်ခြင်း၊ ပျော်ပွဲရွှင်ပွဲကျင်းပခြင်းများ မပြုလုပ်ကြရန် ရခိုင်လူထုက ထောက်ပြပြောဆိုကြသည်။ 

ရခိုင်ပြည်အတွင်းရှိ အရပ်သားနေထိုင်ရာ မြို့/ရွာများ၊ ဘာသာရေးအဆောက်အုံ၊ စာသင်ကျောင်း၊ ဆေးရုံ/ဆေးခန်း၊ လူစုလူဝေးနေရာများကို လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာနေ၍ ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးသတိထားရန် လိုအပ်လာသည်။ 

“စစ်ကောင်စီက ရခိုင်မှာစစ်ရှုံးပြီး သူတို့ရဲ့ နောက်ဆုံးထွက်ခွာရ‌တော့မယ့် အချိန်ဖြစ်တဲ့အတွက် မြို့ရွာတွေကို မတည်ငြိမ်ဖြစ်အောင်နဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာနေတယ်။ ဒါကြောင့် သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလို ကာလမှာ လူစုလူဝေးမပြုကြဖို့ ပြည်သူတွေအနေနဲ့ လိုက်နာနေထိုင်သင့်တယ်” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ထောက်ပြသည်။ 

ပြည်သူများအနေဖြင့် စစ်ပွဲမပြီးပြတ်နိုင်သေးသည့် တော်လှန်ရေးကာလမှာ အရာရာကို ချင့်ချိန်နေထိုင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။ 

DMG သတင်းဌာန၏ စာရင်းပြုစုချက်အရ ရခိုင်တွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၅၀ နှင့် ဒဏ်ရာရသူ ၂၀ အထိရှိနေသည်။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး အထူးသဖြင့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ဒေသများကို ပိုမိုပြုလုပ်လျက်ရှိသည်။ 

လေကြောင်းတိုက်ခိုက်မှုများမှာ စစ်ဘက်နေရာများကို တိုက်ခိုက်ခြင်းထက် အရပ်သားများ၊ စစ်ဘေးရှောင်များ ခိုလှုံရာ နေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ရခိုင်ပြည်သူများက ပြောကြသည်။ 

ရခိုင်တွင် ပြီးခဲ့သည့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၈၀ ကျော်ထိရှိခဲ့သည်။ သံတွဲမြို့ကို စက်တင်ဘာ ၂၆ ရက် လေကြောင်းဗုံးကြဲမှုအတွင်း ကလေးငယ်အပါအဝင် စစ်ဘေးရှောင် ၄၀ ခန့် ထိခိုက်သေဆုံးခဲ့ရသည်။ 

“စစ်ကောင်စီက စစ်မနိုင်လို့ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကို ကြားသိမြင်သိပြီးသားဆိုတော့ ပြည်သူတွေအနေနဲ့ အခါကြီးရက်ကြီးတွေမှာ မပေါ့ဆကြဖို့အရေးကြီးတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

လူစုလူဝေးရှိသည်ဟု ယူဆရသော နေရာများကို လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ရက်ဆက်ရှိနေ၍ သီတင်းကျွတ် နှင့် တန်ဆောင်မုန်း အခါကြီးနေ့ရက်များအတွင်း ပွဲလင်းသဘင်များ ကျင်းပခြင်း၊ ဆောင်းဘောက်စ်များဖွင့်ပြီး ကခုန်ပျော်ရွှင်ခြင်းများ မပြုလုပ်ကြရန် အာရက္ခတပ်တော်၏ နိုဗာ(၁) စစ်ဒေသမှ သတိပေးထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၏ လုပ်လေ့လုပ်ထရှိသော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မလိုလားအပ်ဘဲ ပြည်သူများ အစုလိုက် အပြုံလိုက် အသက်သေဆုံးမှုများ မဖြစ်စေရန်အတွက် တားဆီးခြင်းဖြစ်ကြောင်း AA က ဆိုထားသည်။