အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ဘိန်းအထွက်နှုန်း ပထမဆုံးအကြိမ် ကျဆင်းသွားကြောင်း ကုလထုတ်ပြန်

မြန်မာနိုင်ငံသည် ယမန်နှစ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး မူးယစ်ဆေးဝါးတန်ချိန် ၁,၀၈၀ တန် ရိတ်သိမ်းနိုင်ခဲ့သည်။ တာလီဘန်အစိုးရက ယခင်အစိုးရလက်ထက်တွင် တွင်ကျယ်ခဲ့သော ဘိန်းစိုက်ပျိုးမှုကို နှိမ်နင်းလိုက်အပြီးတွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက အာဖဂန်နစ္စတန်ထက် နှစ်ဆပိုများသွားသည်။

By Admin 13 Dec 2024

ကရင်ပြည်နှင့် ရှမ်းပြည်တောင်ပိုင်း နယ်စပ်ရှိ ဖယ်ခုံမြို့နယ် မိုးဗြဲရှိ တရားမဝင် ဘိန်းခင်းတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
ကရင်ပြည်နှင့် ရှမ်းပြည်တောင်ပိုင်း နယ်စပ်ရှိ ဖယ်ခုံမြို့နယ် မိုးဗြဲရှိ တရားမဝင် ဘိန်းခင်းတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘိန်းထုတ်လုပ်မှု ကျဆင်းသွားကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့တွင် ပြောကြားသည်။ သို့သော်လည်း ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး အများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ ဆက်လက် ရပ်တည်နေဆဲဖြစ်သည်ဟု ကုလ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ဝေးလံခေါင်သီသော နယ်စပ်ဒေသများတွင် ဘိန်းစိုက်ခြင်းလုပ်ငန်းသည် နှစ်ကာလရှည်ကြာ ထွန်းကားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ရာဇဝတ်သားများက ၎င်းတို့အား ဘိန်းဖြူအဖြစ် အသွင်ပြောင်းကာ ဒေါ်လာဘီလီယံချီသော ကုန်သွယ်မှုများ လုပ်ဆောင်သည်ကို အာဏာပိုင်များက မျက်ကွယ်ပြုထားမှုများ ရှိခဲ့ဖူးသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

မြန်မာနိုင်ငံသည် ယမန်နှစ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး မူးယစ်ဆေးဝါးတန်ချိန် ၁,၀၈၀ တန် ရိတ်သိမ်းနိုင်ခဲ့သည်။ တာလီဘန်အစိုးရက ယခင်အစိုးရလက်ထက်တွင် တွင်ကျယ်ခဲ့သော ဘိန်းစိုက်ပျိုးမှုကို နှိမ်နင်းလိုက်အပြီးတွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက အာဖဂန်နစ္စတန်ထက် နှစ်ဆပိုများသွားသည်။

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဘိန်းပမာဏ ၉၉၅ တန် ထုတ်လုပ်ခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဆိုသည်။

ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း လျော့ကျလာခြင်းနှင့် မိရိုးဖလာ ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ပဋိပက္ခများ ပြင်းထန်လာခြင်းတို့အကြားတွင် ခိုင်မာသောဆက်နွှယ်မှုများ ရှိနေသည်ဟု သုတေသနအရာရှိ အင်ရှစ်ခ်ဆင်းမ်က ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့သည်။

ဘိန်းထွက်ရှိမှု ၈၀ ရာခိုင်နှုန်းခန့် ရှိသော ရှမ်းပြည်နယ် အရှေ့ဘက်ခြမ်းဒေသများသည် ယခုနှစ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ ယင်းအချက်က ဘိန်းစိုက်တောင်သူအများအပြားကို ၎င်းတို့၏ ဘိန်းစိုက်မြေများကို စွန့်လွှတ်ရန် တွန်းအားပေးခဲ့ကြောင်း ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစစ်တမ်းက ဖော်ပြသည်။

ဝေးလံခေါင်သီသောဒေသများသို့ သွားလာမှု ကန့်သတ်ထားခြင်းများနှင့် ပြင်းထန်သော မုတ်သုံရာသီ ကျရောက်မှုတို့က အခြားသော ဖြစ်နိုင်ခြေ အကြောင်းရင်းများဖြစ်သည်ဟု ကိုးကားဖော်ပြထားသည်။

ဒေသတွင်း ဘိန်းဖြူဈေးကွက်တွင် အလွန်အကျွံ ဝယ်လိုအားနှင့် မူးယစ်ဆေးဝါး၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် အပြောင်းအလဲများ ရှိခဲ့ခြင်းက ဘိန်းတင်ပို့မှုအတွက် ဝယ်လိုအား လျော့ကျစေပြီး ဈေးနှုန်းလည်း ကျဆင်းသွားနိုင်ကြောင်း အစီရင်ခံစာတွင် တွေ့ရှိခဲ့ရသည်။

သို့သော် UNODC က ယခုနှစ် ဘိန်းထွက်ရှိမှုသည် ပြီးခဲ့သော ဆယ်စုနှစ် နှစ်ခုတာကာလအတွင်း မြန်မာနိုင်ငံ၌ ဒုတိယအကြီးဆုံးဖြစ်ခဲ့ပြီး နိုင်ငံ့ဝင်ငွေ၏ အဓိကအရင်းအမြစ် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

အာဏာသိမ်းလိုက်ပြီးသည့် အချိန်ကတည်းကပင် မြန်မာ့စီးပွားရေးသည် ကျဆင်းယိမ်းယိုင်နေခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လကုန် ဘဏ္ဍာနှစ်တွင် ၁ ရာခိုင်နှုန်း ထပ်မံကျဆင်းလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ယခုသီတင်းပတ်တွင် ခန့်မှန်းထားသည်။

UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒေသဆိုင်ရာ ကိုယ်စားလှယ် မာဆူးဒ် ကာရင်းမ်ပူး က ထောက်ပံ့ရေးကွင်းဆက်များ တိုးချဲ့လာပြီး စိုက်ပျိုးမှုနည်းလမ်းများ ပိုမိုကောင်းမွန်လာခြင်းကြောင့် ဘိန်းစိုက်ပျိုးမှု ထပ်မံတိုးချဲ့လာနိုင်ခြေ မြင့်မားကြောင်း ပြောကြားသည်။

မြန်မာအာဏာပိုင်များသည် ဘိန်းစိုက်ပျိုးမှုကို တားဆီးရာတွင် ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ဇွန်လတွင် နိုင်ငံပိုင်မီဒီယာသို့ ပြောကြားထားသည်။