- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်တိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီး
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၅) ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
10 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၅) ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။ ဒီဇင်ဘာ ၉ ညနေပိုင်း လေကြောင်းပစ်ခတ်မှုမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်အတွင်း ကျရောက်မှုကြောင့် နေအိမ် ၈ ဆောင် ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့သည်။
“စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ ပေးနေတယ်။ မနေ့ ည ၇ နာရီလောက်က နေရာအနှံ့ကို လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ ကံပိုင်ရပ်ကွက်က နေအိမ် ၈ အိမ်နဲ့အထက် မီးလောင်ပျက်စီးသွားတယ်” ဟု တောင်ကုတ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တောင်ကုတ်မြို့ခံများမှာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြသဖြင့် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၄ ရက်ကလည်း ကံပိုင်ရပ်ကွက်၊ သံတွဲလမ်းခွဆုံနှင့် အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ် ၁၅ ဆောင်အထိ မီးလောင်ပျက်စီးခဲ့ရသည်။
စစ်ကောင်စီလော်ဘီများ၏ ဒီဇင်ဘာ ၉ ရက်နေ့ သတင်းဖော်ပြချက်အရ တောင်ကုတ်တွင် “နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်ဗဟိုကင်း၊ ကာကင်းနေရာများနှင့် ၅၄၄ တပ် အိမ်ထောင်သည်လိုင်းခန်း ကာကင်းနေရာများအား AA က တပြိုင်နက် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့” ကြောင်း ဆိုသည်။
လက်ရှိတွင် စကခ(၅)ဌာနချုပ်အပါဝင် ခမရ ၅၄၄၊ ခမရ ၃၄၆ အနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း၊ ကာကင်းတစ်ချို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
“တောင်ကုတ်ကတော့ မကြာခင်ပြတ်တော့မယ့် အနေအထားမြင်ရတယ်။ AA ကတော့ အရှိန်ဟုန်ပြင်းပြင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် စကခ(၅)အထဲမှာလည်း လက်နက်ချအညံ့ခံမယ့် လူတွေရှိတယ်လို့ သိရတယ်။ အတိအကျတော့ ပြောရခက်နေသေးတာပေါ့လေ။ နောက်ပြီး စစ်ကောင်စီမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီလို့ သတင်းတွေကြားနေတယ်” ဟု တောင်ကုတ်ဒေသခံ မြေပြင်သတင်းရင်းမြစ်က ပြောသည်။
လတ်တလော ရခိုင်ပြည်တွင် အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲနေ့စဉ်ပြင်းထန်နေပြီး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် စစ်ရေးငြိမ်သက်နေသည်။
ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း AA သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ မြို့နယ် ၁၁ ခုအပါအဝင် တောင်ကုတ်၊ အမ်းမြို့တို့ကို ထိန်းချုပ်ထားပြီလည်း ဖြစ်သည်။