ဟစ်ဇဘိုလာခေါင်းဆောင်ကို ပစ်မှတ်ထားခဲ့သော အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွင် ဒုံးကျည်တပ်ဖွဲ့ တပ်မှူးများ သေဆုံး

ဟစ်ဇဘိုလာခေါင်းဆောင် ဟာဆန် နာဆရယ်လ်လာသည် ၎င်းတို့ တိုက်ခိုက်သောနေရာတွင် ရှိနေခဲ့သည်ဟု အစ္စရေးဘက်က ယုံကြည်ထားကြောင်း အမည်မဖော်လိုသည့် အစ္စရေးအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

By Admin 28 Sep 2024

စနေနေ့က လက်ဘနွန်နိုင်ငံ၊ ဆင်အယ်လ်ဖီးလ်မှနေ၍ ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသော ဘေရွတ်မြို့တောင်ပိုင်း၊ ဆင်ခြေဖုံးနေရာများကို အစ္စရေးက တိုက်ခိုက်လိုက်ပြီးနောက် မီးခိုးလုံးများ လျှံထွက်လာသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

အစ္စရေးသည် လက်ဘနွန်နိုင်ငံ၏မြို့တော် ဘေရွတ်မြို့ရှိ ဟစ်ဇဘိုလာခေါင်းဆောင် ဟာဆန် နာဆရယ်လ်လာ ရှိသည်ဟု ယူဆရသော ဟစ်ဇဘိုလာအဖွဲ့၏ ရုံးချုပ်ကို အပြင်းထန်ဆုံးတိုက်ခိုက်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်လိုက်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူနေအဆောက်အအုံများ၏ အောက်တွင် တည်ဆောက်ထားသော အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာ စစ်သွေးကြွအဖွဲ့၏ ကွပ်ကဲမှုဆိုင်ရာ ဗဟိုဌာနချုပ်တစ်ခုကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များက သောကြာနေ့တွင် တိကျစွာ တိုက်ခိုက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒန်နီရယ်လ် ဟာဂါရီ က ပြောကြားသည်။

ဟစ်ဇဘိုလာခေါင်းဆောင် ဟာဆန် နာဆရယ်လ်လာသည် ၎င်းတို့ တိုက်ခိုက်သောနေရာတွင် ရှိနေခဲ့သည်ဟု အစ္စရေးဘက်က ယုံကြည်ထားကြောင်း အမည်မဖော်လိုသည့် အစ္စရေးအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာခေါင်းဆောင် ဟာဆန် နာဆရယ်လ်လာ ရှိနေသည့် တည်နေရာကို ချက်ချင်း အတည်မပြုနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များက ၎င်းတို့၏တိုက်ခိုက်မှုသည် ဟစ်ဇဘိုလာ၏ အရေးပါသူများဖြစ်သော မိုဟာမက် အလီ အစ္စမေးလ်၊ ဟူဆိန် အာမတ်ဒ် အစ္စမေးလ်နှင့် ဟူဆိန် အာမတ်ဒ် အစ္စမေးလ်၏လက်ထောက်တို့ကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်ဟု ပြောကြားသွားခဲ့သည်။

ဟူဆိန် အာမတ်ဒ် အစ္စမေးလ်သည် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ်ဇဘိုလာ ဒုံးကျည်တပ်ဖွဲ့၏တပ်မှူးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မိန့်ခွန်းပြောကြားခဲ့အပြီးတွင် ယခုတိုက်ခိုက်မှုဖြစ်စဉ်မှာ ချက်ချင်းဆိုသလိုပင် ဖြစ်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

နေတန်ယာဟုသည် အမေရိကန်ပြည်ထောင်စုက အပစ်အခတ်ရပ်စဲရေးရရှိရန်အတွက် ဦးဆောင်ကြိုးပမ်းနေမှုများကို ဖီဆန်၍ ဟစ်ဇဘိုလာ စစ်သွေးကြွများကို တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ကတိပြုသွားခဲ့သည်။