အီရန်ရှိ စစ်ဘက်ပစ်မှတ်များကို အစ္စရေး တိုက်ခိုက်
ယခုတိုက်ခိုက်မှုမှာ အာဃာတပြင်းထန်နေသော လက်နက်ကိုင်ပြိုင်ဘက်များအကြားတွင် ဖြစ်ပွားနေသော ပြင်းထန်သည့်ပဋိပက္ခ၏ နောက်ဆုံးတိုက်ခိုက်မှုဟုလည်း ရိုက်တာသတင်းက ဖော်ပြသည်။
26 Oct 2024
DMG ၊ အောက်တိုဘာ ၂၆
ယခုလ အစောပိုင်းက အီရန်၏ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးဘက်က ယနေ့ အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းတွင် အီရန်ရှိ စစ်ဘက်ဆိုင်ရာ နေရာများကို တိုက်ခိုက်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုမှာ အာဃာတပြင်းထန်နေသော လက်နက်ကိုင်ပြိုင်ဘက်များအကြားတွင် ဖြစ်ပွားနေသော ပြင်းထန်သည့်ပဋိပက္ခ၏ နောက်ဆုံးတိုက်ခိုက်မှုဟုလည်း ရိုက်တာသတင်းက ဖော်ပြသည်။
အီရန်ကို တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီဖြစ်ကာ စစ်ရေးရည်မှန်းချက်များ အောင်မြင်ကြောင်း တိုက်ခိုက်မှုအပြီး နာရီအတန်ကြာတွင် အစ္စရေးစစ်တပ်က ပြောကြားသလို မိမိတို့ကို လက်တုံ့ပြန်ခြင်း မပြုလုပ်ရန်လည်း အီရန်အား သတိပေးခဲ့သည်။
အီရန်အစိုးရလွှမ်းမိုးမှု တစိတ်တပိုင်းရှိသည့် သတင်းအေဂျင်စီတစ်ခုက အစ္စရေး၏ နောက်ဆုံး လုပ်ရပ်ကို အီရန်ဘက်က"ထပ်တူထပ်မျှ တုံ့ပြန်မည်ဟု" ဆုံးဖြတ်ထားကြောင်း ဖော်ပြသည်။
ဒေသစံတော်ချိန် နံနက် ၂ နာရီနောက်ပိုင်းတွင် မြို့တော်နှင့် အနီးပတ်ဝန်းကျင်ရှိ စစ်အခြေစိုက်စခန်းများတွင် နာရီအတော်ကြာသည်ထိတိုင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ကြောင်း အီရန်သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
နံနက်အရုဏ်တက် မတိုင်မီတွင် အစ္စရေး၏ ပြည်သူလူထုရုပ်သံလွှင့်ဌာနက တိုက်ခိုက်မှုသုံးကြိမ် အောင်မြင်စွာဖြင့် ပြီးမြောက်ခဲ့ပြီး စစ်ဆင်ရေးပြီးဆုံးကြောင်း ပြောကြားခဲ့သည်။
တီဟီရန်၊ ကူဇီစတန်နှင့် အီလန်းပြည်နယ်များရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်က တန်ပြန်တိုက်ခိုက်မှုများရှိခဲ့ပြီး အချို့သောနေရာများတွင် အကန့်အသတ်တစ်ရပ်ဖြင့်သာ ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်း အီရန်က ပြောကြားခဲ့သည်။
အီရန်ဘက်က အောက်တိုဘာလ ၁ ရက်နေ့တွင် လုပ်ဆောင်ခဲ့သော ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်တိုက်ခိုက်ခဲ့မှုများ အတွက် အစ္စရေးဘက်က လက်တုံ့ပြန်မှုများကို အရှေ့အလယ်ပိုင်းက စောင့်ကြည့်လျက်ရှိသည်။ အစ္စရေး သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းကို အောက်တိုဘာလ ၁ ရက်နေ့က ဒုံးကျည် ၂၀၀ ခန့် ပစ်လွှတ်တိုက်ခိုက်ခဲ့ရာတွင် လူတစ်ဦး သေဆုံးခဲ့သည်။