ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို

မကြာသေးမီက လာရောက်ခဲ့သော အရှေ့တောင်အာရှတဝှမ်း ၁၂ ရက်ကြာ ခရီးစဉ်အတွင်း အာရှရှိ Jesuits များနှင့် သီးသန့်တွေ့ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားခဲ့ခြင်းဖြစ်သည်။

By Admin 24 Sep 2024

၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ဗာတီကန်တွင် တွေ့ဆုံစကားပြောစဉ်။ (ဓာတ်ပုံ - Reuters)
၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ဗာတီကန်တွင် တွေ့ဆုံစကားပြောစဉ်။ (ဓာတ်ပုံ - Reuters)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဗာတီကန်ကို ဘေးကင်းလွတ်မြောက်ရာ သုခဘုံနေရာအဖြစ် ကမ်းလှမ်းသွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မကြာသေးမီက လာရောက်ခဲ့သော အရှေ့တောင်အာရှတဝှမ်း ၁၂ ရက်ကြာ ခရီးစဉ်အတွင်း အာရှရှိ Jesuits များနှင့် သီးသန့်တွေ့ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားခဲ့ခြင်းဖြစ်သည်။

Jesuits ဟူသည်မှာ ခရစ်တော်၏လူမှုအစည်းအရုံးဟု အနက်အဓိပ္ပါယ်ရရှိပြီး ပုရောဟိတ်များနှင့် ခရစ်ယာန် ညီအစ်ကိုများ၏ ယုံကြည်မှု တာဝန်များကို အလုပ်အကျွေးပြုရန်၊ တရားမျှတမှုကို မြှင့်တင်ရန် ကတိပြုထားသော အဖွဲ့တစ်ခုလည်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကျွန်ုပ် တောင်းဆိုပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ရောမမှာ နေထိုင်ဖို့ကိုလည်း လက်ခံပါတယ်။ အကျွန်ုပ်တို့ရဲ့ပိုင်နက်ဖြစ်တဲ့ ဗာတီကန်မှာ သူမကို လက်ခံထားရှိဖို့ အကျွန်ုပ် ကမ်းလှမ်းပါတယ်”ဟု ပုပ်ရဟန်းမင်းကြားက မြွက်ကြားသွားခဲ့သည်။

အသက် ၈၇ နှစ်အရွယ်ရှိနေပြီဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ဖူးသည်။
 
အီတလီနေ့စဉ်ထုတ်သတင်းစာ Corriere della Sera သည် ရောမမြို့အခြေစိုက် Jesuit ဘုန်းတော်ကြီးတစ်ပါးဖြစ်သော ဖာသာ အန်တိုနီယို စပါရာဒို၏ဆောင်းပါးတစ်ပုဒ်တွင် ပုပ်ရဟန်းမင်းကြီး၏ အဆိုပါမှတ်ချက်စကားများကို ထည့်သွင်းဖော်ပြခဲ့သည်။ 

“မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ အားလုံးရဲ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့ ငြိမ်းချမ်းရေးအပေါ်မှာ လုံးဝဥဿုံ မူတည်နေပါတယ်။ လူတိုင်းရဲ့ဘုံကောင်းကျိုးကို အခွင့်အရေးပေးနိုင်၊ အကျိုးပြုနိုင်မယ့် ဒီမိုကရေစီအခင်းအကျင်း တစ်ရပ် အတွက်လည်း လေးစားသမှု ထားရှိကြရပါလိမ့်မယ်” ဟုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြွက်ကြားခဲ့သည်။

မြန်မာစစ်အစိုးရသည် အတိုက်အခံများကို နှုတ်ဆိတ်နှုတ်ပိတ်သွားစေရန်အတွက် ရည်ရွယ်ချက်ပါရှိသော သတ်ဖြတ်မှုများနှင့် ဖမ်းဆီးမှုများကို အရှိန်အဟုန်မြှင့်တင်ကာ ထင်ထင်ရှားရှား လုပ်ဆောင်နေပြီး ရှုပ်ထွေးပြင်းထန်သော ပဋိပက္ခကာလအတွင်း စစ်သားစုဆောင်းမှုများလည်း ရှိနေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ(UN)က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

အသက် ၇၈ နှစ်အရွယ်ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏အစိုးရကိုဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းလိုက်သော ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ် တည်းက ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သစ္စာဖောက်မှုနှင့် လာဘ်ပေးလာဘ်ယူမှုများမှအစ ဆက်သွယ်ရေးဥပဒေချိုးဖောက်မှုအထိ ရာဇဝတ်ပြစ်မှုများဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပြီး သူမကမူ အဆိုပါစွဲချက်များအားလုံးကို ငြင်းဆိုပယ်ချထားသည်။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သောဧပြီလကစတင်ကာ အကျဉ်းထောင်မှနေ၍ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးထားသည်။