ကမ္ဘာ့မွတ်ဆလင်ဘာသာဝင် အများဆုံးနိုင်ငံ အင်ဒိုနီးရှားသို့ ပုပ်ရဟန်းမင်းကြီး ရောက်ရှိ

နိုင်ငံလူဦးရေ ၂၇၅ သန်းကျော်ရှိသည့် အင်ဒိုနီးရှားတွင် ၉၀ ရာခိုင်နှုန်းနီးပါးသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။ ခရစ်ယာန် ၁၀ ရာခိုင်နှုန်းခန့်တွင် ကက်သိုလစ်ဘာသာဝင်မှာ ၃ ရာခိုင်နှုန်းခန့်သာ ရှိသည်။

By Admin 03 Sep 2024

စက်တင်ဘာလ ၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် လေဆိပ်သို့ ရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်။ ဓာတ်ပုံ - AFP
စက်တင်ဘာလ ၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် လေဆိပ်သို့ ရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်။ ဓာတ်ပုံ - AFP

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အာရှ-ပစိဖိတ် လေးနိုင်ငံခရီးစဉ်အနက် ပထမဆုံးအဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့ ရောက်ရှိလာကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၁၂ ရက်ကြာမြင့်မည့် ယခုခရီးစဉ်သည် ကျန်းမာရေး ပိုပိုထိခိုက်လွယ်လာသည့် ပုပ်ဖရန်စစ်အတွက် စိတ်မချစရာလည်း ဖြစ်နေသည်။ သို့သော်လည်း စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဂျာကာတာသို့ ရောက်ရှိစဉ် မျက်နှာပြုံးရွှင်စွာဖြင့် လက်ဝှေ့ယမ်းပြခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ယခုခရီးစဉ်သည် အသက် ၈၇ နှစ်ရှိပြီဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အတွက်လည်း အရှည်ကြာဆုံးနှင့် အဝေးဆုံးခရီးစဉ် ဖြစ်သည်။

 “ဒီခရီးစဉ်အတွက် လာရောက်ကြတာကို ကျေးဇူးတင်ပါတယ်။ အတူတကွ ရှိနေပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်တော်စီးဖူးသမျှထဲမှာ အကြာဆုံး (လေယာဉ်ခရီးစဉ်) ဖြစ်မယ်ထင်ပါတယ်” ဟု ၁၃ နာရီကြာ လေယာဉ်စီးခဲ့ရသည့် ပုပ်ရဟန်းမင်းကြီးက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းထောက်က ပြောသည်။ 

နိုင်ငံလူဦးရေ ၂၇၅ သန်းကျော်ရှိသည့် အင်ဒိုနီးရှားတွင် ၉၀ ရာခိုင်နှုန်းနီးပါးသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။ ခရစ်ယာန် ၁၀ ရာခိုင်နှုန်းခန့်တွင် ကက်သိုလစ်ဘာသာဝင်မှာ ၃ ရာခိုင်နှုန်းခန့်သာ ရှိသည်။ 

ပုပ်ရဟန်းမင်းကြီးအား အင်ဒိုနီးရှား သာသနာရေးဝန်ကြီးအပါအဝင် အစိုးရအရာရှိများကပါ လာရောက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။ 

ဘုန်းတော်ကြီးသည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် တွေ့ဆုံမည်ဖြစ်ကာ ကြာသပတေးနေ့တွင် အင်ဒိုနီးရှားရှိ အစ္စလာမ်၊ ပရိုတက်စတင့်၊ ရိုမန်ကက်သိုလစ်၊ ဟိန္ဒု၊ ဗုဒ္ဓ၊ ကွန်ဖျူးရှပ် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

အင်ဒိုနီးရှားသည် မွတ်ဆလင်ဘာသာဝင် အများဆုံးနိုင်ငံဖြစ်သော်လည်း အပေါ်တွင် ဖော်ပြခဲ့သည့် ဘာသာများအားလုံးကို နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားသလို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံ ထည့်သွင်း ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီးသည် အင်ဒိုနီးရှားတွင် သုံးရက်ကြာမည်ဖြစ်ကာ ထိုမှတစ်ဆင့် ပါပူဝါနယူးဂီနီ၊ အရှေ့တီမောနှင့် စင်္ကာပူနိုင်ငံတို့သို့ ဆက်လက်သွားရောက်မည် ဖြစ်သည်။