- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ တရားစွဲခံရခြင်းက လွတ်နိုင်မလား
မွတ်ဆလင် (ရိုဟင်ဂျာ) များကို လူလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ အာဂျင်တီးနား တရားရုံးက ဝရမ်းထုတ်ခဲ့သည့်အထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ ပါဝင်ခြင်းကို ဖယ်ရှားပေးရန် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန် တောင်းဆိုခဲ့သည်။
19 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၉
မွတ်ဆလင် (ရိုဟင်ဂျာ) များကို လူလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ အာဂျင်တီးနား တရားရုံးက ဝရမ်းထုတ်ခဲ့သည့်အထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ ပါဝင်ခြင်းကို ဖယ်ရှားပေးရန် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန် တောင်းဆိုခဲ့သည်။
အာဂျင်တီးနား တရားရုံးက နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မွတ်ဆလင် (ရိုဟင်ဂျာ) လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အမှန်ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင်နှင့် အပေါင်းအပါများနှင့်အတူ ထည့်သွင်းဖမ်းဝရမ်းထုတ်ခြင်းက မှားယွင်းသည့် စွပ်စွဲချက်အဖြစ် ခိုင်မာစွာမှတ်ယူခြင်းကြောင့် တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန် ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ယခုအချိန်ထိ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပြီး တာဝန်အရသာ ထုတ်ပြန်ရခြင်းဖြစ်ပြီး ဝရမ်းထုတ်ခံရခြင်းမှ ဖယ်ရှားနိုင်မည်မဟုတ်ဟု ဥပဒေအကြောင်း နားလည်သူများက ဆိုကြသည်။
စစ်တပ် အာဏာသိမ်းပြီးကတည်းက စတင်ဖွဲ့စည်းခဲ့သည့် NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ဒေါ်အောင် ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အား ဝရမ်းထုတ်မခံရနိုင်စေရန် ကြိုးပမ်းခဲ့သင့်ကြောင်း ဥပဒေပညာရှင် များက ထောက်ပြကြသည်။
“ဝရမ်းထုတ်ထားတာကို မထုတ်ပါနဲ့လို့ တောင်းဆိုလို့တော့ မရတော့ဘူး။ NUG က ငြိမ်ခံနေလို့ မရတော့ တာဝန်အရပဲ ထုတ်ပြန်ပေးတဲ့ သဘောရှိပါတယ်။ တရားရုံးရောက်သွားတဲ့ အမှုက ဘယ်နည်းနဲ့မှ မရတော့ဘူး။ တကယ်ဆို NUG လူ့အခွင့်အရေးဝန်ကြီး အောင်မျိုးမင်းရော အောင်ကျော်မိုးတို့လို NLD ထိပ်ပိုင်းတွေက စောကတည်းက တရားစွဲမခံရအောင် လုပ်ရမှာ။ သူတို့တွေမှာ တာဝန်ရှိတယ်။ အမှုစဖွင့် ကတည်းကဖြေရှင်းရမှာ ဒေါ် အောင်ဆန်းစုကြည်မှာလည်း တာဝန်ရှိတယ်” ဟု ဝါရင့်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
NUG သည် မွတ်ဆလင်အရေးကို “ရိုဟင်ဂျာ(မွတ်ဆလင်)မူဝါဒ” တစ်ရပ်ပြဌာန်းပြီး မွတ်ဆလင်ပြည်သူများ တရားမျှတမှုရရှိရေးအတွက် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခု အမှုအား မွတ်ဆလင်အရေးလှုပ်ရှားသည့် ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်ခဲ့ခြင်းဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ဖေဖော်ဝါရီ ဒုတိယအပတ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအရာရှိ ၂၂ ဦးနှင့် အရပ်ဖက် ၃ ဦး တို့ကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။
“ဖမ်းဝရမ်းထုတ်ထားတာကို ဘယ်တရားရေးမှာမှ ပြန်ဖယ်ရှားပေးတာ မရှိဖူးဘူး။ ဒေါ်စုနဲ့ ဦးထင်ကျော်တို့ အနေနဲ့ နည်းနည်းသက်သာဖို့နည်း လမ်းက ဒီတရားရုံးကိုသွားပြီး သူတို့မှာ အပြစ်မရှိကြောင်း ဖြေရှင်းရင်ဖို့ နည်းလမ်းပဲရှိတယ်။ စစ်ကောင်စီက တရုတ်နဲ့ ရုရှား အားကိုးရနေတော့ ဒါတွေ သိပ်အလေးမထားတော့ဘူး။ တရုတ်နဲ့ ရုရှားကလွဲပြီး ဘယ်မှသွားလို့ မရတော့ဘူးပေါ့” ဟု ULA တရားရေးဌာနက ရှေ့နေတစ်ဦးက ပြောသည်။
အမှုတိုင်ကြားခဲ့သည့် ၂၀၁၉ ခုနှစ်သည် အရပ်သားအစိုးရ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ကာလဖြစ်သော်လည်း မွတ်ဆလင်များအား ကျူးလွန်သည့် ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်ဖြစ်ခြင်းကြောင့် အမှုဖွင့်ချိန်တွင် သူတို့ နှစ်ဦး ပါဝင်လာခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ်တွင် အမှုဖွင့်ခဲ့သည့်အခါ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည် အမည်တို့ကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သော်လည်း ၂၀၂၄ ဇွန်လတွင် အာဂျင်တီးနားတရားရုံး ရှေ့နေဘက်မှ အမှုတည်ဆောက်ပြီးဖြစ်နေခြင်းကြောင့် ဖယ်ရှား၍မရတော့ကြောင်း တုံံ့ပြန်ခဲ့သည်ဟု BROUK အဖွဲ့က ဆိုထားသည်။
ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဘာသာရပ် လေ့လာနေသူ လူငယ်တစ်ဦးက “တကယ်တော့ ရို (ရိုဟင်ဂျာ) အရေးလှုပ်ရှားသူတွေက စစ်တပ်ရော NLD အစိုးရကိုပါ သက်ရောက်စေချင်တာဖြစ်လို့ တရားစွဲ တာလေ။ အာဏာသိမ်းပြီး NLD ပြုတ်တဲ့ အချိန်တောင် ဒီတရားစွဲမှုတွေ အတိုင်းပဲ ဖြစ်စေချင်ကြတာ။ ဒါတောင် တချို့ကိစ္စတွေမှာ NUG က AA ကို မွတ်ဆလင်ကိစ္စနဲ့ ပတ်သတ်လို့ တော်တော်လေး ဖိအားပေးခဲ့တာကြည့်လေ။ ဒေါ် စု ဖမ်းဝရမ်းထုတ်ခံရမှ NUG လည်း တိုင်ပတ်ကုန်ရော” ဟု ပြောသည်။
NUG က ထုတ်ပြန်ချက်တွင် ၂၀၁၇ ခုနှစ်အတွင်း သုံးစွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀ (ခ)၊ (ဂ) အရ ကျူးလွန်သမျှသည် စစ်ခေါင်းဆောင်နှင့် အပေါင်းအပါများတွင်သာ တာဝန်ရှိကြောင်း ထောက်ပြထားသည်။
သမ္မတဟောင်း ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မွတ်ဆလင်အရေးအတွက် ခိုင်မာကောင်းမွန်ပြီး ရေရှည်ငြိမ်းချမ်းပြေလည်မည့် အဖြေရရှိရန် ‘ ကိုဖီအာနန် ကော်မရှင် ’ ဖွဲ့စည်းခြင်း အပါအဝင် နည်းလမ်းအမျိုးမျိုး ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟု NUG က ဆိုထားသည်။
၎င်းအပြင် ယခု စွပ်စွဲချက်သည် မွတ်ဆလင်နှင့် အခြားပြည်သူများအကြား နားလည်မှုလွဲနိုင်ပြီး ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးကို အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖမ်းဝရမ်းထုတ်လိုက်သည့် အာဂျင်တီးနား တရားရုံးသည် အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးစနစ်ကို အခြေခံထားပြီး ရာဇဝတ်မှုများကို စစ်ဆေးသည့် ဖယ်ဒရယ်တရားရုံး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သွားရောက်ဖြေရှင်းခဲ့သည်။
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရခိုင်ပြည် မောင်တောတွင် နယ်မြေရှင်းလင်းရေး ကိစ္စနှင့်ပတ်သတ်၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ICC ရှေ့နေချုပ်ကာရင်မ်ခန်းက တောင်းဆိုထားသည်။