ဗီယက်နမ် တိရစ္ဆာန်ရုံများတွင် ကြက်ငှက်တုပ်ကွေးကြောင့် ကျားကောင်ရေ ၅၀ နီးပါး သေဆုံး 

H5N1 ကြက်ငှက်တုပ်ကွေးကြောင့် ဗီယက်နမ်နိုင်ငံရှိ တိရစ္ဆာန်ရုံများတွင် ကျား ၄၇ ကောင်၊ ခြင်္သေ့ ၃ ကောင်နှင့် ကျားသစ်နက် ၁ ကောင် သေဆုံးသွားကြောင်း ဗီယက်နမ် နိုင်ငံပိုင်သတင်းမီဒီယာက အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 03 Oct 2024

Phu Quoc ကျွန်း ဘေးမဲ့တောတွင် မြင်တွေ့ရသော ကျားတစ်ကောင်။ ဓာတ်ပုံ - Istock
Phu Quoc ကျွန်း ဘေးမဲ့တောတွင် မြင်တွေ့ရသော ကျားတစ်ကောင်။ ဓာတ်ပုံ - Istock

H5N1 ကြက်ငှက်တုပ်ကွေးကြောင့် ဗီယက်နမ်နိုင်ငံရှိ တိရစ္ဆာန်ရုံများတွင် ကျား ၄၇ ကောင်၊ ခြင်္သေ့ ၃ ကောင်နှင့် ကျားသစ်နက် ၁ ကောင် သေဆုံးသွားကြောင်း ဗီယက်နမ် နိုင်ငံပိုင်သတင်းမီဒီယာက အောက်တိုဘာလ ၂ ရက်(ဗုဒ္ဓဟူးနေ့) တွင် ပြောကြားလိုက်သည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်များသည် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း၌ လောင်းအန်းစီရင်စုခရိုင်ရှိ ကိုယ်ပိုင် တိရစ္ဆာန်ဥယျာဉ်ဖြစ်သော My Quynh Safari ပန်းခြံနှင့် ဟိုချီမင်းစီးတီးအနီး ဒေါင်နန်းတွင် တည်ရှိသော Vuon Xoai တိရစ္ဆာန်ရုံတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဗီယက်နမ်သတင်းအေဂျင်စီ VNA က ဖော်ပြထားသည်။

တိရစ္ဆာန်ကျန်းမာရေး စစ်ဆေးမှု အမျိုးသားစင်တာ၏ စမ်းသပ်ချက်ရလဒ် အဖြေများအရ တိရစ္ဆာန်များသည် H5N1 ဗိုင်းရပ်စ်အမျိုးအစား A အဆင့်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ကို သိရှိခဲ့ရသည်ဟု VNA သတင်းအေဂျင်စီက ဆိုသည်။

AFP သတင်းဌာနက တိရစ္ဆာန်ရုံများဆီသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တိရစ္ဆာန်ရုံများဘက်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

တိရစ္ဆာန်ရုံ ဝန်ထမ်းများသည် တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှု မရှိခဲ့သည့်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို မခံစားရကြောင်း VNA သတင်းအစီရင်ခံချက်တွင် ထည့်သွင်းဖော်ပြထားသည်။

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားဆောင်ရွက်နေသည့် အန်ဂျီအိုလုပ်ငန်းစုတစ်ခုဖြစ်သော Education for Nature Vietnam (ENV) က ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း စာရင်းမှတ်တမ်းများအရ ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားသော ကျားအကောင်ရေစုစုပေါင်း ၃၈၅ ကောင်ရှိသည်ဟု ပြောကြားထားသည်။

အဆိုပါ ကျားကောင်ရေ ၃၈၅ ကောင်အနက် အကောင်ရေ ၃၁၀ ခန့်ကို ပုဂ္ဂလိကပိုင် ခြံများနှင့် ပုဂ္ဂလိက တိရစ္ဆာန်ရုံများတွင် ထိန်းသိမ်းထားပြီး ကျန်ရှိသောအကောင်ရေများမှာ အစိုးရပိုင် အဆောက်အအုံများတွင် ရှိနေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၂ ခုနှစ်မှ စတင်၍ H5N1 အပါအဝင် တုပ်ကွေးဗိုင်းရပ်စ်ပိုးများကြောင့် နို့တိုက်သတ္တဝါများအကြားတွင် သေဆုံးမှုများ များပြားလာကြောင်း ပြောကြားထားသည်။ H5N1 ကူးစက်မှုသည် လူများတွင် အပျော့စားမှ အပြင်းထန်ဆုံးအထိ ဖြစ်ပွားနိုင်သကဲ့သို့ အချို့သောအခြေအနေများတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားစေနိုင်ကြောင်းလည်း WHO ၏ ပြောကြားချက်အရ သိရသည်။