အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်

စမ်းသပ်မှုလုပ်ငန်းစဉ်ကို "Maritime Big Play" ဟု အမည်ပေးထားပြီး ယခုစမ်းသပ်မှုတွင် မွမ်းမံမှုလုပ်ဆောင်ထားသော လည်ပတ်မှုအခြေအနေများတွင် ပါရှိသည့် အခြားကိရိယာများကိုလည်း စမ်းသပ်ခဲ့သည်။

By Admin 05 Oct 2024

ဗြိတိန်၊ သြစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သော REPMUS24 စစ်ရေးလေ့ကျင့်မှုအတွင်း တော်ဝင်ရေတပ်၏ သင်္ဘောဖျက်သင်္ဘော APAC 24 ကို ပေါ်တူဂီတွင် အလိုအလျောက် ထိန်းချုပ်ထားသည့်မြင်ကွင်း ဖြစ်သည်။ (ဓာတ်ပုံ - Royal Navy)
ဗြိတိန်၊ သြစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သော REPMUS24 စစ်ရေးလေ့ကျင့်မှုအတွင်း တော်ဝင်ရေတပ်၏ သင်္ဘောဖျက်သင်္ဘော APAC 24 ကို ပေါ်တူဂီတွင် အလိုအလျောက် ထိန်းချုပ်ထားသည့်မြင်ကွင်း ဖြစ်သည်။ (ဓာတ်ပုံ - Royal Navy)

ဗြိတိန်ရေတပ်၊ ဩစတြေးလျရေတပ်နှင့် အမေရိကန်ရေတပ်တို့သည် ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် လူမဲ့သင်္ဘောများကို ကီလိုမီတာ တစ်သောင်းခွဲကျော် အကွာအဝေးတွင် ရှိသော ပေါ်တူဂီနိုင်ငံ မှနေ၍ ထိန်းချုပ်မှုများ စမ်းသပ်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သုံးနိုင်ငံရေတပ်များသည် စစ်ရေးစမ်းသပ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုထိန်းချုပ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လွန်ခဲ့သော သောကြာနေ့၌ တော်ဝင်ရေတပ်က ပြောကြားသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ကြီးထွားလာသော ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် Aukus လုံခြုံရေးသဘောတူစာချုပ်သည် စစ်ဘက်ဆိုင်ရာနည်းပညာသစ်များကို ရှေ့တန်းသို့ မကြုံစဖူးလှသည့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေသည်ဟု တော်ဝင်ရေတပ်က ပြောကြားသည်။

ရေတပ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ဒါရိုက်တာ ဂျိမ်းစ်ပါကင်း ကလည်း “Aukus မှာ ပါဝင်တဲ့ ရေတပ် ၃ ခုလုံးဟာ ကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ ရေယာဉ်တွေကို နည်းဗျူဟာကျကျနဲ့ လက်တွေ့ဆန်တဲ့မြင်ကွင်းထဲမှာ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုတွေ သက်သေပြလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အမှုထမ်း ပါရှိတဲ့စနစ်နဲ့ အမှုထမ်း မပါရှိတဲ့စနစ်ရဲ့ စစ်မှန်တဲ့ အဖွဲ့အစည်းတစ်ခုဆိုင်ရာ ရည်မှန်းချက်ကို သမုဒ္ဒရာကြမ်းပြင်ကနေ အာကာသအထိ နေရာတိုင်းမှာ အလုပ်လည်ပတ်ဆောင်ရွက်အောင် အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ ဘယ်လောက်အထိ နီးစပ်နေပြီဆိုတာကိုလည်း ပြသနေပါပြီ။ ဒါဟာ အောင်မြင်မှုအတွေ့အကြုံတွေပါပဲ” ဟု ပြောခဲ့သည်။

စမ်းသပ်မှုလုပ်ငန်းစဉ်ကို "Maritime Big Play" ဟု အမည်ပေးထားပြီး ယခုစမ်းသပ်မှုတွင် မွမ်းမံမှုလုပ်ဆောင်ထားသော လည်ပတ်မှုအခြေအနေများတွင် ပါရှိသည့် အခြားကိရိယာများ ကိုလည်း စမ်းသပ်ခဲ့သည်။

ယင်းသို့ စမ်းသပ်ရာတွင် ဒရုန်းယာဉ်များက ပစ္စည်းများပို့ဆောင်ပေးသော ဝန်ထုပ်ဝန်ပိုး လွှတ်တင်ပို့ဆောင်ခြင်း အပါအဝင် နည်းပညာများကို ရှေ့တန်းနေရာများသို့ လျင်မြန်စွာရောက်ရှိစေရန် အဆုံးစွန်သောရည်မှန်းချက်ဖြင့် ဆောင်ရွက်မှုများ ပါရှိခဲ့သည်။

ယခု စမ်းသပ်မှုလုပ်ငန်းစဉ်များသည် ပေါ်တူဂီနိုင်ငံတွင် လုပ်ဆောင်ခဲ့သော လေ့ကျင့်ရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး လေ့ကျင့်ရေး၏ အမည်ကို REPMUS24 ဟု မှည့်ခေါ်ထားသည်။ REPMUS24 ဟူသည်မှာ စက်ရုပ်စမ်းသပ်မှုနှင့် ပင်လယ်ရေကြောင်း မောင်းသူမဲ့စနစ်များဖြင့် ပုံတူဖော်ခြင်းအတွက် အတိုကောက်ခေါ်ဆိုသည့် အမည်ဖြစ်သည်။