လူငယ်များအတွက် အန္တရာယ်ဖြစ်စေမှုဖြင့် အမေရိကန်ပြည်နယ်များ TikTok ကို တရားစွဲ

ဝါရှင်တန်၏ တရားစွဲဆိုမှုတွင် TikTok ၏ Live Streaming တိုက်ရိုက်ထုတ်လွှင့်ပြသမှုနှင့် ဒီဂျစ်တယ် ငွေကြေးများသည် “အသက်ကန့်သတ်ချက် မရှိသည့် အွန်လိုင်း အဖော်အချွတ်ကလပ်”  ကဲ့သို့ ဖြစ်နေပြီး အသက်မပြည့်သေးသော သုံးစွဲသူများကို လွယ်လင့်တကူပင် လိင်အမြတ်ထုတ်ခြင်းများ ဆောင်ရွက်နေသည်ဟု စွပ်စွဲဖော်ပြထားသည်။

By Admin 09 Oct 2024

 ဓာတ်ပုံ - Reuters
 ဓာတ်ပုံ - Reuters

အသက်ငယ်ရွယ်သော လူငယ်အသုံးပြုသူများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟူသော စွဲချက်ဖြင့် အမေရိကန်ပြည်နယ်များနှင့် ကိုလံဘီယာခရိုင်တို့က TikTok ကို အောက်တိုဘာလ ၈ ရက်နေ့တွင် တရားစွဲဆိုလိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် ဆိုရှယ်မီဒီယာ TikTok က ဆန့်ကျင်ဖောက်ဖျက်ထားသော ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုအသစ်များကို ရှာဖွေလိုက်အပြီးတွင် ဥပဒေကြောင်းအရ ထိုးနှက်တိုက်ခိုက်မှုကို ယခုကဲ့သို့ ချဲ့ထွင်လိုက်ခြင်းဖြစ်ပြီး နယူးယောက်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ကိုလံဘီယာခရိုင်နှင့် အခြားပြည်နယ် ၁၁ ခုတို့တွင် TikTok ကို သီးခြားစီ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

TikTok သည် ကလေးငယ်များကို အချိန်ကြာကြာ ကြည့်ရှုစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသော စွဲလမ်းမှုမြင့်တက်စေသည့် ဆော့ဖ်ဝဲလ်များကို အသုံးပြု၍ ၎င်းတို့တင်ဆက်သော အကြောင်းအရာများတွင် ထိန်းညှိမှုနှင့် ထိရောက်မှုတို့၌ လွဲမှားစွာ ဖော်ပြတင်ဆက်မှုများရှိနေသည်ဟု ပြည်နယ်များက စွပ်စွဲထားသည်။

“လူငယ်တွေဟာ TikTok လိုမျိုး စွဲလမ်းစေတဲ့ လူမှုမီဒီယာပလက်ဖောင်းတွေကြောင့် သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ရုန်းကန်နေကြရပါပြီ” ဟု နယူးယောက် ရှေ့နေချုပ် လီတီတီယာဂျိမ်းစ် က ပြောကြားသည်။

TikTok ကမူ ကလေးများကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ၎င်းတို့ဘက် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် အမှန်တကယ်တွင် TikTok က ဆယ်ကျော်သက်များနှင့် မိဘများအတွက် ခိုင်မာသောအကာအကွယ်ကို ပေးအပ်ထားကြောင်း တုံ့ပြန်ပြောကြားထားသည်။

ဝါရှင်တန်၏ တရားစွဲဆိုမှုတွင် TikTok ၏ Live Streaming တိုက်ရိုက်ထုတ်လွှင့်ပြသမှုနှင့် ဒီဂျစ်တယ် ငွေကြေးများသည် “အသက်ကန့်သတ်ချက် မရှိသည့် အွန်လိုင်း အဖော်အချွတ်ကလပ်”  ကဲ့သို့ ဖြစ်နေပြီး အသက်မပြည့်သေးသော သုံးစွဲသူများကို လွယ်လင့်တကူပင် လိင်အမြတ်ထုတ်ခြင်းများ ဆောင်ရွက်နေသည်ဟု စွပ်စွဲဖော်ပြထားသည်။

အီလီနွိုက်၊ ကင်တက်ကီ၊ လူဝီဆီးယားနား၊ မက်ဆာချူးဆက်စ်၊ မစ္စစ္စပီ၊ နယူးဂျာစီ၊ မြောက်ကာရိုလိုင်းနား၊ အိုရီဂွန်၊ တောင်ကာရိုလိုင်းနား၊ ဗားမောင့်နှင့် ဝါရှင်တန်ပြည်နယ်တို့ကလည်း TikTok ကို အင်္ဂါနေ့က တရားစွဲဆိုခဲ့ကြသည်။

၂၀၂၂ ခုနှစ် မတ်လ၌ ကယ်လီဖိုးနီးယားနှင့် မက်ဆာချူးဆက်စ်တို့ အပါအဝင် ပြည်နယ်ရှစ်ခုက လူငယ်များအပေါ် TikTok ၏ အကျိုးဆက်သက်ရောက်မှုများကို နိုင်ငံတဝန်းလုံး အတိုင်းအတာဖြင့် စုံစမ်းစစ်ဆေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ အမေရိကန် တရားရေးဌာနကလည်း TikTok ကို အက်ပလီကေးရှင်းပေါ်တွင် ကလေးသူငယ်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့မှုဖြင့် ဩဂုတ်လတွင် တရားစွဲဆိုခဲ့သည်။