ဒုက္ခသည်အရေး အဆုံးမရှိ ထိုင်စောင့်နေ၍မရဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်ပြော

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်နှင့် သောကြာနေ့က ဒါကာတွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်၌ ဒေါက်တာယူနွတ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

By Admin 05 Oct 2024

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြံပေးခေါင်းဆောင် ဒေါက်တာမိုဟာမက်ယူနွတ်နှင့် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်တို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - PID
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြံပေးခေါင်းဆောင် ဒေါက်တာမိုဟာမက်ယူနွတ်နှင့် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်တို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - PID

မွတ်ဆလင်ဒုက္ခသည်များအရေးကို ဖြေရှင်းရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မြန်ဆန်ဆန် ပူပေါင်းဆောင်ရွက်မှုသည် အထူးအရေးပါကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြံပေးခေါင်းဆောင် ဒေါက်တာ မိုဟာမတ်ယူနွတ်က အောက်တိုဘာလ ၄ ရက်နေ့၌ ပြောကြားသည်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်နှင့် သောကြာနေ့က ဒါကာတွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်၌ ဒေါက်တာယူနွတ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

ဒုက္ခသည်ပြဿနာအတွက် အဖြေသည် ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်းထံတွင်သာ မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း၏ လက်ထဲတွင် ရှိနေခြင်း ဖြစ်သည်ဟုလည်း ဒေါက်တာယူနွတ်က ပြောကြားသည်။

“ကျွန်တော်တို့ အချိန်အကန့်အသတ်မရှိ စောင့်နေလို့ မရပါဘူး။ ဒီကိစ္စဟာ မြန်နိုင်သမျှမြန်မြန် ဖြေရှင်းရမယ့်အရေး ဖြစ်ပါတယ်” ဟု ဒေါက်တာယူနွတ်က ပြောသည်။

ဒုက္ခသည်အရေးနှင့် ပတ်သက်၍ အလေးထားရမည့် အချက်နှစ်ချက်ကိုလည်း ဒေါက်တာယူနွတ်က ထောက်ပြသည်။ ပြီးခဲ့သော ခုနစ်နှစ်တာအတွက် ဒုက္ခသည်များ၏ ကလေးမွေးဖွားသည့် အရေအတွက်သည် တစ်နှစ်လျှင် ၃၂၀၀၀ ခန့်စီရှိနေခြင်းနှင့် လက်ရှိတွင်လည်း မြန်မာဘက်မှ ဝင်ရောက်လာသူများ နေ့စဉ်ရှိနေခြင်းတို့ ဖြစ်သည်ဟု သူကပြောသည်။

ဘင်္ဂလားဒေ့ရှ်အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်မှာ မွေးဖွားနှုန်းမဟုတ်ဘဲ အဆိုပါကလေးများ၏ ဘဝကို ဖြစ်သည်ဟု သူက ထောက်ပြသည်။ 
“အသစ်စက်စက် မျိုးဆက်တစ်ဆက်ဟာ ကြီးပြင်းနေကြပါတယ်။ ဒေါသထွက်နေကြတဲ့ လူငယ်မျိုးဆက်ပါ။ သူတို့မှာ အနာဂတ်မရှိပါဘူး” ဟု ဒေါက်တာယူနွတ်က ပြောသည်။ ဤအချက်သည် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေပြီး အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟုလည်း ဒေါက်တာယူနွတ်က ဆိုသည်။

မွတ်ဆလင်ဒုက္ခသည်အချို့ကို လက်ခံထားရသည့် မလေးရှားအတွက်လည်း ယခုကိစ္စသည် ပြဿနာတစ်ရပ် ဖြစ်နေပြီး ဤအရေးအတွက် မိမိတို့နှစ်ဦး ဆွေးနွေးခဲ့သည်ဟုလည်း နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်က ပြောကြားသည်။
“ဒီပြဿနာအတွက် အဖြေတစ်ရပ် ရှာဖို့လိုပါတယ်။ အာဆီယံကတစ်ဆင့်၊ မလေးရှားအစိုးရ ကတစ်ဆင့်၊ ဒီထက်ပိုမို ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတစ်ဆင့် အတူပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု သူကပြောသည်။

မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌ တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး လုပ်ရပ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရသည့် မွတ်ဆလင်ဒုက္ခသည် အရေအတွက်သည် ၇ သိန်းဝန်းကျင်ရှိသည်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် လက်ရှိ မွတ်ဆလင်ဒုက္ခသည် အရေအတွက်သည် ၁.၂ သန်းခန့် ရှိနေပြီဖြစ်သည်။