လူမျိုးစုအမျိုးသားနိုင်ငံရေးနှင့် မြန်မာ့အနာဂတ် (၁)

တိုင်းရင်းသားလူမျိုးစု အများအပြားသည် ဖွဲ့စည်းမှုပုံစံဖြင့် ခွဲခြားဆက်ဆံမှုကို ဆယ်စုနှစ်ပေါင်းများစွာ ဆန့်ကျင်ခဲ့ကြသည်။ ဤအထဲ၌ ဗဟိုပြည်မကို လက်နက်ကိုင်တော်လှန်မှုလည်း ပါဝင်သည်။ စစ်တပ်က တိုင်းရင်းသားများကို နိုင်ငံ၏ ပြည်တွင်းအဖျက်သမားများအဖြစ် ပုံဖော်ကာ စစ်ပွဲဆင်နွှဲသည်။

By Admin 02 Oct 2024

KIA စခန်းတစ်နေရာကို ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Davie Brenner
KIA စခန်းတစ်နေရာကို ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Davie Brenner

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကို ညက်ညက်ကြေသွားစေသည့် အကြမ်းဖက်မှုအား အနောက်တိုင်းမှ လေ့လာသူများသည် များသောအားဖြင့် “ဒီမိုကရေစီစနစ်နှင့် အာဏာရှင်စနစ်အကြားက တိုက်ပွဲ” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤကဲ့သို့ နားလည်မှုအား ပဋိပက္ခကို ဖော်ပြကြသော သတင်းသမားများ၊ သုတေသီများနှင့် မူဝါဒချမှတ်သူများကြားတွင် အတွေ့ရများသည်။

ဒီမိုကရေစီအတွက် ကြိုးပမ်းမှုသည် အမှန်တကယ်လည်း မြန်မာ့ နိုင်ငံရေးပြဿနာကို ဝါရှင်တန်၊ လန်ဒန်၊ ဘရပ်ဆဲနှင့် ကင်ဘာရာတို့က အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် ကာလရှည်ကြာ အဓိကအသုံးပြုခဲ့ကြသည့် ဆန်းစစ်လေ့လာရေး ရှုထောင့် ဖြစ်သည်။ သို့သော်လည်း မြန်မာ့နိုင်ငံရေး စနစ်အပေါ် ယခုကဲ့သို့ အသားပေးရှုမြင်ခြင်းသည် ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများနှင့် အဓိကကျသည့် အင်အားများကို ထည့်သွင်းတွက်ချက်နိုင်စွမ်း မရှိပေ။ မြန်မာ့ပဋိပက္ခသည် အုပ်ချုပ်မှုပုံစံကို မနှစ်သက်သည့်အတွက် အချင်းဖြစ်ပွားကြရုံ အဆင့်မဟုတ်ပေ။ ဝိသေသလက္ခဏာနှင့် နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ အတွက် အခြေခံကျသော တိုက်ပွဲတစ်ရပ်လည်း ဖြစ်သည်။

ပိုဆိုးသည်မှာ ပဋိပက္ခ၏ အကြောင်းရင်းခံများကို မမြင်နိုင်အောင် “ဒီမိုကရေစီရှုထောင့်များ” (Lens of Democracy) က ဖုံးကွယ်ထားသည့်အချက် ဖြစ်သည်။ နိုင်ငံကို သဘာဝကျသည့် နိုင်ငံရေးစုဖွဲ့မှုအဖြစ် ရှုမြင်သည့်အတွက် ယခုကဲ့သို့ မမြင်နိုင်တော့ခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံကို ဖွဲ့စည်းထားသည့်ပုံစံ၌ ယခုအထိ အပြင်းအထန် အားပြိုင်မှုများ ရှိနေဆဲ ဖြစ်သည်။ ဤဖွဲ့စည်းပုံသည် တိုင်းရင်းသားနယ်မြေ တလျှောက်တွင်လည်း အကြမ်းဖက်မှုများနှင့်တူ ခွဲမရဘဲ တည်ရှိနေသည်။ 

လက်ရှိ မြန်မာ့အကျပ်အတည်းကြီးသည် နိုင်ငံတည်ဆောက်ရေးနှင့် လူမျိုးစုအရေး ဆိုင်ရာ နိုင်ငံရေးပုံစံ ဖြစ်သည်။ ကိုလိုနီခေတ်သစ်ပုံစံက ဖန်တီးပေးလိုက်သည့် လူမျိုးစုဖြစ်တည်မှုဆိုင်ရာ မေးခွန်းများက ဆိုခဲ့ပါ နိုင်ငံရေးပုံစံ၏ အလားအလာကို တိုင်းရင်းသား နယ်မြေများတွင် လေးနက်သည့် ပုံစံတစ်မျိုးဖြင့် ပုံဖော်လျက်ရှိသည်။ ထို့ကြောင့် မိမိတို့၏ အာရုံစူးစိုက်မှုကို ထိုကဲ့သို့ လူမျိုးစုနိုင်ငံရေး ဆီသို့ ပြောင်းလဲရေးသည် ပဋိပက္ခကို မောင်းနှင်နေကြသည့် အဓိကအင်အားစုများကို နားလည်ရန်အတွက် သော့ချက်ဖြစ်သည်။ ထိုထက်ပိုမို ဖြန့်ကြက်မည် ဆိုပါက ပိုမိုငြိမ်းချမ်းသည့် မြန်မာ့အနာဂတ်အတွက် မူဝါဒပိုင်းအရ မည်ကဲ့သို့ ကူညီပံ့ပိုးပေးနိုင်မည် ဆိုသည့်အတွက်ပါ အဓိကကျသည်။

စစ်ပွဲ၏ မောင်းနှင်အားများကို ပြန်လည်ဆင်ခြင်ခြင်း

မြန်မာ့ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ နိုင်ငံ၏စစ်တပ်နှင့် ထိုစစ်တပ်က ပြည်သူလူထု ကြောက်ရွံ့ကျိုးနွံလာအောင် အကြမ်းဖက်ခြိမ်းခြောက်နေသည့် လုပ်ရပ်တို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများသည် နိုင်ငံကို ဒုက္ခတွင်းထဲသို့ အဓိက ဆွဲသွင်းနေကြသူများ ဖြစ်သည်။ တချိန်တည်း၌ နိုင်ငံကို ဖွဲ့စည်းထားသည့် နောက်ကွယ်မှ အင်္ဂါရပ်များကိုလည်း သတိပြုရန် လိုအပ်သည်။ ဤဖွဲ့စည်းမှုပုံစံများသည် နိုင်ငံကို ဗြိတိသျှတို့အုပ်ချုပ်စဉ်တည်းက ခြောက်လှန့်လာခြင်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရခါနီးတွင် တိုင်းရင်းသားအုပ်စုများအကြား အာဏာခွဲဝေညှိနှိုင်းရန်  ကြိုးပမ်းစဉ်တည်းက နိုင်ငံသည် လူနည်းစု တိုင်းရင်းသားများ၏ မကျေနပ်ချက်များကို မဖြေရှင်းနိုင်ခဲ့သလို စည်းလုံးညီညွတ်သည့် အမျိုးသားရေး လက္ခဏာတစ်ရပ်ကိုလည်း မဖန်တီးနိုင်ခဲ့ပေ။

တိုင်းရင်းသားသွေးခွဲမှုနှင့် အကြမ်းဖက်မှုများကို ဆယ်စုနှစ်များစွာ မျိုးစေ့ချခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် လူမျိုးစုအမျိုးသားရေး ပဋိပက္ခကို ကာလရှည်ကြာ ပိုမိုဆိုးဝါးစေခဲ့ကြသည်။ ဗိုလ်ချုပ်ကြီးများသည် သူတို့ကိုယ်သူတို့ “တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်သူများ”ဟု ပုံဖော်ရန်အတွက် တိုင်းရင်းသားများ ခွဲထွက်သွားမည် ဆိုသည့် ခြိမ်းခြောက်မှုကို အသုံးချလာကြသည် ဖြစ်ရာ စစ်တပ်သည် နိုင်ငံ၏ အချက်အချာနေရာများကို ကျကျနန ချုပ်ကိုင်ထားသည်။ ဤဗိုလ်ချုပ်ကြီးများသည် မြန်မာနိုင်ငံကို လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်အထိ ရှိသော လူနည်းစုလူမျိုးများ သို့မဟုတ် တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံသည့် လူမျိုးကြီးဝါဒစွဲနိုင်ငံ (Ethnocratic State) အဖြစ် ပြောင်းလဲပစ်လိုက်ကြသည်။ ဤနည်းအားဖြင့် ကိုလိုနီခေတ်လွန် မြန်မာပြည်တွင် လူမျိုးစုပဋိပက္ခသည် နိုင်ငံကို အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ်အဖြစ် ဆက်ရှိနေခဲ့သည်။

တိုင်းရင်းသားလူမျိုးစု အများအပြားသည် ဖွဲ့စည်းမှုပုံစံဖြင့် ခွဲခြားဆက်ဆံမှုကို ဆယ်စုနှစ်ပေါင်းများစွာ ဆန့်ကျင်ခဲ့ကြသည်။ ဤအထဲ၌ ဗဟိုပြည်မကို လက်နက်ကိုင်တော်လှန်မှုလည်း ပါဝင်သည်။ စစ်တပ်က တိုင်းရင်းသားများကို နိုင်ငံ၏ ပြည်တွင်းအဖျက်သမားများအဖြစ် ပုံဖော်ကာ စစ်ပွဲဆင်နွှဲသည်။ ဤဗျူဟာသည် မြန်မာစစ်တပ်က နိုင်ငံတည်ဆောက်ရေးတွင် သုံးသည့် အဓိကနည်းလမ်း ဖြစ်လာခဲ့သလို ထို့ကြောင့်ပင် စစ်တပ်သည် ခွဲခြားအုပ်ချုပ်သည့် နည်းဗျူဟာများဖြင့် လူမျိုးစုတင်းမာမှုများကို မြှောက်ထိုးပင့်ကော် လုပ်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိစစ်ပွဲတွင်လည်း စစ်တပ်သည် ထိုအတိုင်း ဆက်လက်ပြုမူပြီး ဆိုးဝါးသော ရလဒ်များ ဖန်တီးလျက်ရှိသည်။ စစ်တပ်၏ သွေးခွဲသော နည်းဗျူဟာများကြောင့် နိုင်ငံတဝန်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ဟုသိကြသည့် လူမျိုးစုအမျိုးသားရေး ပုန်ကန်တော်လှန်မှုများ အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။ EAO များသည် ၎င်းတို့၏ သက်ဆိုင်ရာ နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် တချိန်တည်း၌ နိုင်ငံအတွင်း အာဏာပိုင်နိုင်ငံများကို စစ်တပ်က မည်သည့်အချိန်ကမှ အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့သည့် ပိုင်နက်များအတွင်း ထူထောင်ထားကြသည်။

EAO များသည် စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ဖွဲ့စည်းခြင်း အပါအဝင် လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကရင်၊ ချင်း၊ ကရင်နီ၊ ကချင်ကဲ့သို့ EAO များသည်လည်း နွေဦးတော်လှန်ရေးနှင့် အစောပိုင်းတည်းက ပူးပေါင်းကာ လက်နက်ကိုင် တော်လှန်ရေးတပ်များကို နေရာပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ဖွဲ့စည်းပေးခြင်းများ အကြီးအကျယ် ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း နိုင်ငံလုံးကျွတ် ဒီမိုကရေစီ လှုပ်ရှားမှုများနှင့် ခပ်ကင်းကင်းနေကြသည့် တအာင်း၊ ကိုးကန့်၊ ရခိုင်နှင့် ‘ဝ’ အစရှိသည့် လှုပ်ရှားမှုများသည်လည်း နိုင်ငံတစ်ဝန်းရှိ လက်နက်ကိုင် လှုပ်ရှားမှုများတွင် အခရာကျသည်ကို မြင်တွေ့ရသည်။ ၎င်းတို့၏ နိုင်ငံအဆင့်မဟုတ်သည့် ပိုင်နက်များနှင့် ပြောက်ကျားနည်းစနစ်များသည် နိုင်ငံတစ်ဝန်းရှိ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ စစ်ရေး စွမ်းရည်များကို ကူညီမြှင့်တင်ပေးလျက်ရှိသည်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစပြီး နိုင်ငံ့နယ်စပ်ဒေသများရှိ မြို့ပေါ်ဧရိယာများအပါအဝင် နယ်မြေအများအပြားကို စစ်တပ်ထိန်းချုပ်မှု မြန်မြန်ဆန်ဆန် ဆုံးရှုံးလာခြင်းသည် မကြုံစဖူး EAO ထိုးစစ်များ၏ တိုက်ရိုက်အကျိုးဆက် ဖြစ်သည်။ မကြာသေးမီက ညှိနှိုင်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း EAO များ၏ နည်းဗျူဟာများသည် ကွဲပြားကြသည်။ တကယ်တမ်း၌ ရှေ့တွင်ဖော်ပြခဲ့သည့် ထိုးစစ်အရှိန် မြင့်တက်လာခြင်းသည်လည်း နွေဦးတော်လှန်ရေး အပေါ် သံသယရှိနေဆဲဖြစ်သော EAO များက ဦးဆောင်ခဲ့ကြခြင်း ဖြစ်သည်။

တော်လှန်ရေးတွင် ၎င်းတို့ ပါဝင်ရပ်တည်မှု ရှိကြသည် ဆိုသော်ငြားလည်း EAO များအားလုံး အဓိက အာရုံစိုက်ကြသည်မှာ ၎င်းတို့၏ တိုင်းရင်းသား နယ်မြေများ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေး ဖြစ်သည်။ အဓိက ကွာခြားချက်မှာ ဤကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် အချို့သော EAO များက ဖက်ဒရယ်ဒီမိုကရေစီ အရေး လှုပ်ရှားနေသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းကြပြီး အချို့မှာ ပိုမို၍ တသီးတခြား လှုပ်ရှားပြီး ကြိုးပမ်းကြခြင်းဖြစ်သည်။

နိုင်ငံတွင်းရှိ အင်အားအကြီးမားဆုံး EAO များအနက် တစ်ဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA) ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုလျှင် ဒုတိယမြောက် ဖော်ပြခဲ့သည့် တသီးတခြား လှုပ်ရှားမှုပုံစံအား ၂၀၂၂ ခုနှစ်က သတင်းသမားများကို ရှင်းပြခဲ့သူ ဖြစ်သည်။ အာဏာသိမ်းမှုနောက်ပိုင်း နွေဦးတော်လှန်ရေးနှင့် လက်တွဲလှုပ်ရှားမှု မပြုလုပ်ခဲ့သည်ကို ရှင်းပြရာတွင် သူက “ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ဟာ ဆုံးရှုံးသွားတဲ့ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရယူရေး 'ရက္ခိတလမ်းစဉ်' ဖြစ်ပါတယ်။ ရခိုင်ပြည်က ယခင်မျိုးဆက်တွေဟာ ဗမာတွေရဲ့ နောက်ကလိုက်ပြီး ကူညီပံ့ပိုးရာမှာ အချိန်တွေ အများကြီး ဖြုန်းတီးခဲ့ကြပါတယ်။ ရခိုင်ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာတောင် ပါဝင်ခဲ့ပေမဲ့ ဘာအကျိုးတစုံတရာမှ မရခဲ့ပါဘူး” ဟု သူကပြောသည်။ 

“ဒီလိုအတွေ့အကြုံတွေ ရပြီးမှတော့ ကျွန်တော်တို့အနေနဲ့ ဗမာနောက်လိုက် မဖြစ်ချင်တော့ပါဘူး။ ကိုယ့်ရည်မှန်းချက်ဆီပဲ ကိုယ်လျှောက်ချင်တယ်။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာ ရပ်တည်ချက်ကတော့ လက်ရှိ ဗမာပြည်ရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုနဲ့ ခပ်လှမ်းလှမ်းက ရှိနေဖို့ ဖြစ်ပါတယ်” ဟုလည်း သူက ပြောသည်။

သို့သော်လည်း အရေးကြီးသည့်အချက်မှာ ဤရပ်တည်ချက်များသည် ပုံသေမဟုတ်ဘဲ မြန်မြန်ဆန်ဆန် ဖြစ်ထွန်းနေသည့် အခြေအနေနှင့် အလိုက်သင့် ပြောင်းလဲနေခြင်း ဖြစ်သည်။ ဤအတွက်ကြောင့်ပင် EAO များကို အဖြူ၊အမဲ အလွယ်တကူ အုပ်စုခွဲ၍ မရနိုင်ခြင်း ဖြစ်သည်။ ဥပမာဆိုရလျှင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သည် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပိုမိုနီးကပ်သော မဟာမိတ်ဖွဲ့မှုအပေါ် ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုအချိန်မှစ၍ TNLA သည် NUG နှင့် ဆက်နွယ်နေသည့် PDF များနှင့် မဟာမိတ်ဖွဲ့မှုများ မြန်မြန်ဆန်ဆန်ပင် တိုးတက်လာခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

New Mandala ဝဘ်ဆိုက်တွင် ဒေးဗစ်ဘရန်နာ (David Brenner) ရေးသားထားသည့် Ethnonationalism and Myanmar’s future ကို ဘာသာပြန်ဆိုပါသည်။

ဒေးဗစ်ဘရန်နာသည် Sussex တက္ကသိုလ်ရှိ Global Insecurities ဌာနတွင် အကြီးတန်းကထိက ဖြစ်သည်။ သူသည် လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် ပါရဂူဘွဲ့ အပါအဝင် မြန်မာနိုင်ငံရှိ လူမျိုးစုနိုင်ငံရေးနှင့် EAO များကို ၂၀၁၂ ခုနှစ်ကတည်းက သုတေသနပြုလာသူ ဖြစ်သည်။ Rebel Politics: A Political Sociology of Armed Struggle in Myanmar's Borderlands စာအုပ်ကို ရေးသားပြီး ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။