- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့အခြေအနေ ဘယ်လိုရှိနေလဲ
ဂွမြို့နယ်အတွင်း တိုက်ပွဲအခြေအနေများ၊ ဒေသခံများ၏ ကြုံနေရသော အခက်အခဲများနှင့် ပတ်သက်၍ DMG ၏ မြေပြင်သတင်းရင်းမြစ်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
12 Dec 2024
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်၏ မရပ်မနားထိုးစစ်များနှင့်အတူ တိုက်ပွဲများမှာ ဂွမြို့နှင့် ၁ မိုင်ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ AA ထိုးစစ် ဂွမြို့နှင့်နီးကပ်လာသည့်အမျှ စစ်ကောင်စီကလည်း လက်နက်အင်အား၊ လူအင်အား အလုံးအရင်းဖြည့်တင်းကာ အဆုံးထိခုခံရန် ပြင်ဆင်လျက်ရှိသည်။
တစ်ဖက်မှာလည်း ဂွမြို့သို့စစ်ကူလာသည့် မြေပြင်စစ်ကြောင်းများကို AA က ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သေဆုံးမှု၊ ဖမ်းဆီးရမိမှု အများအပြားရှိနေသည်ကို တွေ့ရသည်။
ဂွမြို့နယ်အတွင်း တိုက်ပွဲအခြေအနေများ၊ ဒေသခံများ၏ ကြုံနေရသော အခက်အခဲများနှင့် ပတ်သက်၍ DMG ၏ မြေပြင်သတင်းရင်းမြစ်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
DMG - လက်ရှိ ဂွမြို့နယ်မှာ စစ်ရေးအခြေအနေဘယ်လိုရှိနေလဲ။
တိုက်ပွဲကတော့ ဂွမြို့နဲ့ တော်တော်လေး နီးလာပြီလို့ ပြောလို့ရတယ်။ ရဟိုင်ကူးတို့ ချောင်းတစ်ဖက်ကမ်းက တင်းတော၊ အမော် ကျေးရွာနားထိ နီးနေပြီ။ မနေ့ကဆိုရင် ရဟိုင်ကွင်း၊ ရွှေနန်းခိုင် ရွာနောက်ကျော တောင်တန်းတစ်လျှောက်ကို လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်။ တိုက်ပွဲက မြို့နဲ့နီးလာလေ စကစက တပ်အင်အား ဖြည့်လာလေပဲ။ ပြီးခဲ့တဲ့အပတ်ကဆိုရင် မြိုမရပ်ကွက်က လေယာဉ်ကွင်းမှာ အမြောက်တပ်တစ်ခုနဲ့ ဂွ-ငသိုင်းချောင်းကားလမ်း ဗေဒါစစ်ဆေးရေးဂိတ်အနီးမှာတစ်ခု စုစုပေါင်းအမြောက်တပ်နှစ်ခု တိုးချထားတယ်။ တိုက်ပွဲကလည်း နေ့တိုင်းလိုလိုဖြစ်တယ်။ ဧရာဝတီဖက်ကလာတဲ့ စကစယာဉ်တန်းတွေကိုလည်း PDF အဖွဲနဲ့ AA အဖွဲကနေပြီး မကြာခဏ မိုင်းဆွဲတိုက်ခိုက်တာလည်း ရှိနေပါတယ်။
DMG - စစ်ကောင်စီရဲ့ မြို့တွင်းပြင်ဆင်လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဘာတွေသိထားလဲ။
မြို့တွင်းမှာ အင်အားဖြည့်တယ်။ တစ်ပတ်မှာ သုံးကြိမ်လောက်၊ တစ်ခါလာရင် ကား ၅ စီးထက် မနည်းဘူး။ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာအင်အား အကုန်လုံး ဖြည့်နေတာ။ မြို့တွင်းတပ်ရင်းက လူတွေကိုလည်း မြို့ပြင်ကစခန်းကို ပြောင်းထားတယ်။ နောက်ပြီး ဂွမြို့နဲ့ မကျေးငူကို ဆက်သွယ်ထားတဲ့ တံတားကြီးမှာလည်း ဘန်ကာတွေအမြင့်ကြီး လုပ်နေကြပြီ။ ပြီးတော့ ဒီရက်ပိုင်းမှာပဲ သံချပ်ကာကားတွေ မြို့တွင်းမှာ လှည့်လည်နေကြတာကို တွေ့လာရတယ်။ ခံစစ်အတွက် တော်တော်လေး ပြင်ဆင်ထားတယ်လို့ ပြောလို့ရပါတယ်။
DMG - တိုက်ပွဲက မြို့နဲ့နီးကပ်လာတော့ ဒေသခံတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
တိုက်ပွဲက မြို့နားကိုနီးလာတာနဲ့အမျှ ဒေသခံတွေကိုလည်း စကစကော၊ AA ဖက်ကပါ ဘေးလွတ်ရာဆီ တိမ်းရှောင်ခိုင်းထားတာ ရှိပါတယ်။ သေနတ်သံ၊ လက်နက်ကြီး ပစ်ခတ်သံတွေကတော့ နေ့တိုင်းလိုလို ကြားနေရတယ်။ မြို့ထဲအပါအဝင် အဲဒီနားကဒေသခံတွေမှာတော့ ဘေးလွတ်ရာဆီ တိမ်းရှောင်နေကြတယ်။ ဧရာဝတီ၊ သံတွဲဘက်တွေကိုလည်း တိမ်းရှောင်နေကြတယ်။ ၈၀ ရာခိုင်နှုန်းလောက်ကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေကြပြီး ၂၀ ရာခိုင်နှုန်းလောက်ပဲ အိမ်စောင့်ကျန်ခဲ့ကြတယ်။ ဂွမြို့ထဲမှာဆိုရင်လည်း လက်ချိုးရေလို့ရတဲ့ အနေထားလို့ ပြောလို့ရပါတယ်။ မြို့တွင်းမြို့ပြင်ဆိုရင်လည်း ထွက်ချင်သလို ထွက်လို့ မရဘူး။ ဂွမြို့ မှတ်ပုံတင်နဲ့ဆိုမှပဲ နည်းနည်းအဆင်ပြေတယ်။
DMG - မြို့ထဲမှာ ပိတ်မိနေသူတွေရဲ့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနဲ့ ပတ်သက်လို့လည်း သိပါရစေ။
မြို့ထဲကျန်ခဲ့သူတွေကတော့ ရှိတဲ့ရိက္ခာနဲ့ အဆင်ပြေသလို စားသောက်နေရတယ်။ ဆန်ဝယ်မစားနိုင်လို့ ဆန်ကွဲဝယ်စားတဲ့သူတွေလည်း ရှိတယ်။ မြို့တွင်းကို ရိက္ခာပစ္စည်းတွေ သွင်းလို့မရတော့တဲ့ အခြေအနေလို့ ပြောလို့ရတယ်။ ဆေးဝါးတွေဆို လက်ကျန်ဆေးဝါးလောက်နဲ့ပဲ ဖြေရှင်းနေရတာ။ ဖျားရင် ဒီကိုဂျင်တစ်လုံးနဲ့ ဖြေရှင်းလိုက်ပေါ့။ အရေးပေါ်ဖြစ်လာရင်တော့ လူမှုကူညီရေးအဖွဲ့တွေကို အကူအညီတောင်းပြီး ဧရာဝတီဖက်ကိုသွားကြတယ်။ ဒေသခံတွေ အများကြီးမရှိတော့တဲ့အတွက် ပစ္စည်းပျောက်တာလည်း အများကြီးရှိပါတယ်။ လူသုံးကုန်ပစ္စည်းဆိုရင် အားလုံးခိုးယူကြတယ်။ တခြားနေရာသို့ ရှောင်ဖို့အတွက် ငွေကြေးမတတ်နိုင်တာကြောင့်လည်း ပါတယ်။
DMG - မြို့တွင်းဒေသခံတွေအတွက် လုံခြုံမှုက ဘယ်လောက်ထိ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေလဲ။
မြို့တွင်းကလူတွေကတော့ မတတ်နိုင်လို့သာ နေကြရတာ။ စိုးရိမ်ကြောက်လန့်မှုတွေ အပြည့်နဲ့ တစ်ခါတစ်ခါ မြို့တွင်းမှာ သံချပ်ကာကားတွေ လှည့်လည်တယ်။ စစ်သားတွေ ကင်းလှည့်တာတွေလည်း ရှိတော့ စိုးရိမ်မှုကတော့ အများကြီးရှိတာပေါ့။ အရွယ်ကောင်းတွေလည်း နည်းနည်းရှိနေတော့ စကစနဲ့ လမ်းမှာတွေ့ရင် ခေါ်သွားမလားဆိုပြီးလည်း စိုးရိမ်နေရတယ်။ အသက်ဘေးအတွက်လည်း စိုးရိမ်သလို တကယ်လို့ မြို့တွင်းမှာသာ တိုက်ပွဲဖြစ်လာရင် ဘယ်လိုနေရမလဲဆိုပြီးတော့ စဉ်းစားမရဖြစ်နေကြတယ်။ ဧရာဝတီဖက်ကို စစ်ဘေးရှောင်ဖို့ သွားကြတဲ့သူတွေဆိုရင် ငတ်ပြတ်နေတယ်လို့ အများကြီးကြားရတော့ ငတ်ရင်လည်း ကိုယ့်အိမ်မှာ ရေသောက်ပြီး နေတော့မယ်ဆိုပြီး ဆုံးဖြတ်ထားကြတယ်။
DMG - ဂွမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေလည်း တိုးလာနေတော့ စားဝတ်နေရေး၊ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ။
ဒီကဒေသခံတွေ အကုန်လုံးနီးပါးက ဧရာဝတီဖက်ကို သွားကြတာပေါ့ဗျာ။ အဲအထဲမှာ အိမ်ထောင်စုစာရင်း ပါမသွားတဲ့သူတွေ၊ ပိုက်ဆံမပါတဲ့သူတွေလည်းရှိတော့ သူတို့က ပိုခက်ခဲကြတယ်။ အသက်ဘေးကြောင့်သာ တိမ်းရှောင်သွားကြတာ။ စားရေးသောက်ရေး၊ နေထိုင်ဖို့နေရာမရှိ၊ နေထိုင်ဖို့ခွင့်မပြုကြတာရယ် အများကြီး ကြားရတယ်။ သူတို့က ပိုပြီးခက်ခဲနေကြတယ်။ အနွေးထည်တွေလည်း ပါမသွားကြတော့ ဒီအတိုင်း အနွေးထည်မရှိဘဲ နေကြရတယ်။ ကူညီမဲ့သူတွေလည်း အရမ်းအားနည်းတော့ သူတို့မှာ အကူအညီလည်း မရသလောက်နည်းတယ်လို့ ပြောကြတယ်။ နောက်ပြီး ဒီဖက်(ရခိုင်)က စစ်ဘေးရှောင်တွေကိုဆိုရင် ကုန်ဈေးနှုန်းမြှင့်ပြီးရောင်းကြတာ၊ ခွဲခြားဆက်ဆံကြတာလည်း ရှိပါတယ်။ ရန်ကုန်ဖက်ကို ဆက်သွားနိုင်ရင် သွား၊ မသွားနိုင်ရင် ဂွမြို့ထဲကို ပြန်ဝင်လာချင်ကြတဲ့သူတွေက များနေပါတယ်။
DMG - နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွပ်ပြောလိုတာရှိလဲ။
အမ်းကလည်း ကျလုနီးပါးလို့ ပြောလို့ရတယ်။ အမ်းကျရင် AA က ဂွမြို့ကို အလုံးအရင်းနဲ့ လာမယ်ဆိုတာ စကစကသိနေတယ်။ ဒါကြောင့် အမ်းမကျခင် စကစက ကုန်းလမ်းကနေပြီး ဂွမြို့ကို အင်အားအလုံးအရင်း ဖြည့်ထားတာ။ တစ်ဖက်မှာလည်း ဂွမြို့ဟာ ပြည်မဘက်နဲ့ ချိတ်ဆက်နေတဲ့ မြို့ဖြစ်နေတော့ ဒီမြို့ကိုသာ လက်လွှတ်လိုက်ရရင်တော့ စကစရဲ့ ဂုဏ်သိက္ခာပိုင်းအရ တော်တော်လေး ထိခိုက်သွားမယ်။ ဒါကြောင့် ဂွမြို့ကို မပေးရရေးဆိုပြီး ပြင်းပြင်းထန်ထန်လုပ်နေတာ။ စကစက ခံစစ်တွေ ပြင်ဆင်နေပေမယ့် AA ကတော့ သူတို့ရဲ့ ၂၀၂၅ အိပ်မက်အတိုင်းသွားမှာပဲ။ စစ်ကောင်စီရဲ့ စစ်ဦးကျိုးသွားတော့မယ့် အခြေနေမှာ ရခိုင်ဒေသတစ်ခုလုံး လွတ်မြောက်ရေးအတွက်လည်း ရာနှုန်းပြည့်သေချာနေပါပြီ။
DMG - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။