တရုတ်နိုင်ငံက တတိယမြောက်လေယာဉ်တင်သင်္ဘော စတင်မိတ်ဆက်

တရုတ်နိုင်ငံသည် နိုင်ငံအတွင်း ပထမဆုံး အပြည့်အဝ ဒီဇိုင်းထုတ်၍ တည်ဆောက်ခဲ့သော ၎င်း၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကို စတင်မိတ်ဆက်ကာ ကြီးမားသည့် စစ်ရေးတိုးတက်မှုအတွက် မှတ်တိုင်စိုက်ထူလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

By Foreign Desk 19 Jun 2022

တရုတ်နိုင်ငံသည် ဖူကျန့် သို့မဟုတ် ပုံစံ ဝဝ၃ လေယာဉ်တင်သင်္ဘောကို စတင်မိတ်ဆက်ခဲ့သည်။ ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၁၉

တရုတ်နိုင်ငံသည် နိုင်ငံအတွင်း ပထမဆုံး အပြည့်အဝ ဒီဇိုင်းထုတ်၍ တည်ဆောက်ခဲ့သော ၎င်း၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကို စတင်မိတ်ဆက်ကာ ကြီးမားသည့် စစ်ရေးတိုးတက်မှုအတွက် မှတ်တိုင်စိုက်ထူလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို လိုအပ်ပါက အင်အားသုံးသိမ်းယူရမည့် ခွဲထွက်နယ်မြေအဖြစ် ရှုမြင်ကာ စစ်လက်နက်အင်အားသုံး ခြိမ်းခြောက်မှုကြောင့် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့အကြား တင်းမာမှုများ မြင်တက်လာချိန်၌ ယခုကဲ့သို့ လေယာဉ်တင်သင်္ဘောသစ် ဖော်ပြလာခြင်း ဖြစ်သည်။

ရှန်ဟိုင်းသင်္ဘောကျင်းတွင် ကြီးကျယ်ခမ်းနားစွာ စတင်မိတ်ဆက်ခဲ့သော ဖူကျန့် လေယာဉ်တင်သင်္ဘောသည် အခြားသော တရုတ်လေယာဉ်တင်သင်္ဘောများထက် နည်းပညာပိုင်းအရ ပိုမိုအဆင့်မြင့်သည်။

အဆိုပါလေယာဉ်တင်သင်္ဘောသည် “တရုတ်နိုင်ငံမှ အပြည့်အဝဒီဇိုင်းဆွဲ တည်ဆောက်ထားသည့် ပထမဆုံးသော လေယာဉ်ကို တွန်းထုတ်၍ ပျံတက်စေသည့် လေယာဉ်ပြေးလမ်းပျံတက်စနစ်ပါရှိသည့် လေယာဉ်တင်သင်္ဘော” ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း တရုတ်ဗဟိုရုပ်မြင်သံကြား (CCTV) က ပြောကြားသည်။

ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ လေယာဉ်တင်သင်္ဘော စတင်ရေချမည့်ရက်ကို မကြေညာသေးသောကြောင့် ဖူကျန့် လေယာဉ်တင်သင်္ဘောသည် စစ်ဆင်ရေးစွမ်းရည်မပြည့်ဝမီ နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်။

"သင်္ဘောအား စတင်မိတ်ဆက်ပြီးနောက် စီစဉ်ထားသည့်အတိုင်း ခုတ်မောင်းခြင်းနှင့် ကမ်းတင်စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်" ဟု CCTV က ဖော်ပြသည်။

တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် အခြားလေယာဉ်တင် သင်္ဘောနှစ်စင်းလည်းရှိသည်။

လျောင်နင် လေယာဉ်တင်သင်္ဘောသည် ၂ဝ၁၂ ခုနှစ်တွင် စတင်တာဝန်ပေးအပ်ခံခဲ့ရပြီး ရှန်ဒုံသင်္ဘောကို ၂ဝ၁၉ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။

အဆိုပါလေယာဉ်တင်သင်္ဘောများသည် လေယာဉ်ကိုလွှတ်တင်ရန်အတွက် နှင်းလျှောစီးပုံစံပလက်ဖောင်းကို အသုံးပြုထားကြပြီး ဖူကျန့်လေယာဉ်တင်သင်္ဘောနှင့် ကွဲပြားသည်မှာ လေယာဉ်ကို တွန်းထုတ်၍ ပျံတက်စေသည့် လေယာဉ်ပြေးလမ်းပျံတက်စနစ် မပါရှိခြင်းဖြစ်သည်။

အမေရိကန်သည် လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသည့် လေယာဉ်တင်သင်္ဘော ၁၁ စင်း ပိုင်ဆိုင်ထားပြီး အမေရိကန်ပြီးလျှင် တရုတ်နှင့် ဗြိတိန်တို့က နှစ်စင်းစီပိုင်ဆိုင်ထားကြကြောင်း ကာကွယ်ရေးမဂ္ဂဇင်း ဂျိန်း၏ ဖော်ပြမှုအရသိရသည်။

အမေရိကန်နှင့် မဟာမိတ်များ၏ လွတ်လပ်စွာသွားလာရေး ရေကြောင်းကင်းလှည့်မှုများကို အာခံရန်အတွက် တရုတ် စစ်သင်္ဘောများသည် ကျွန်းကို ပြည်မကြီးနှင့် ပိုင်းခြားသော ရေလက်ကြားကို ဖြတ်၍ အကြိမ်ကြိမ် ခုတ်မောင်းကာ တိုက်လေယာဉ်များ ပျံသန်းလေ့ရှိသည်။